Main menu

Background

တရုတ်ချင်းဈေးအပြောင်းအလဲက ထိုင်းပို့ကုန် ယှဉ်ပြိုင်နိုင်စွမ်းကို အကျိုးသက်ရောက်နေ

Sun, 02/27/2011 - 09:18 -- Anonymous (not verified)

 တရုတ်ချင်းဈေးအပြောင်းအလဲက ထိုင်းပို့ကုန် ယှဉ်ပြိုင်နိုင်စွမ်းကို အကျိုးသက်ရောက်နေ                   လက်ရှိအချိန်ဟာ ထိုင်းနိုင်ငံရဲ့ ချင်းအသစ်ထွက်ရှိမှုနဲ့ တင်ပို့မှုအမြင့်ဆုံး ရာသီပဲဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံနဲ့ ယှဉ်ရင် ဈေးနှုန်းမြင့်တက်မှုက ထိုင်းချင်း ယှဉ်ပြိုင်မှုကို များစွာလျော့ကျစေပါတယ်။ ဈေးနှုန်းကွာဟမှုအပေါ် လွှမ်းမိုးနေတဲ့ အချက်များစွာထဲမှာ ရာသီဥတုနဲ့ စိုက်ပျိုးမှုလျော့ကျခြင်းတို့ ပါဝင်သလို အရေးပါတဲ့ အချက်တစ်ခု ကတော့ ဈေးကစားခြင်းနဲ့ သိုလှောင်ထိန်းသိမ်းခြင်းတို့ပဲဖြစ်ပါတယ်။ ကြက်သွန်ဖြူ၊ ပဲတီစိမ်းနဲ့ အခြားစိုက်ပျိုးရေးထုတ်ကုန်တွေလိုပဲ ချင်းကို လည်း တရုတ်နိုင်ငံမှာ ဈေးကစား ကြတယ်လို့ ဆိုပါတယ်။ ဈေးကစားသူတွေဟာ ပထမအဆင့်အနေနဲ့ ဈေးအနိမ့်နဲ့ ချင်းအမြောက်အမြား ဝယ်ယူသိုလှောင်ခြင်းဖြင့် မြေပြင်မှာ ဝယ်လိုအားတက်လာအောင်လုပ်ကြတယ်။ အဲဒီနောက် ဈေးအမြင့်နဲ့ အမြောက်အမြားဝယ်ယူလိုတဲ့ ပုံစံနဲ့ ဈေးမြှောက်တင်တယ်။ ဈေးတက်လာတာနဲ့ ၎င်းတို့ရဲ့ လက်ကျန်တွေကို ချက်ချင်းရောင်းချလေ့ရှိကြတယ်လို့ ဆိုပါတယ်။ ချင်းနဲ့ ကြက်သွန်ဖြူ ကုန်ပစ္စည်း ၂ မျိုးကို သိုလှောင်ထိန်းသိမ်းခြင်းနဲ့ ဈေးကစားခြင်းများ ဆက်လက် ဆောင်ရွက်နေခြင်းက ဈေးနှုန်းမြင့်တက်မှုကို တွန်းပို့နေတယ်လို့ တရုတ်ဈေးကွက်လည်ပတ်ရေးဌာနမှ ညွှန်ကြားရေးမှူး Wang Bingnan  က ပြောကြားပါတယ်။ ဒါပေမဲ့တရုတ်အစိုးရက အဲဒီကုန်စည်များ ပြည်ပ တင်ပို့မှု ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ ဈေးကစားတာတွေကို ထိန်းချုပ်ဖို့လိုပြီဆိုတာ သတိ ထားမိလာကြပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ထိပ်တန်းစီးပွားရေး စီမံသူဖြစ်တဲ့ နိုင်ငံတော်ဖွံ့ဖြိုးရေးနဲ့ ပြန်လည်ထူထောင်ရေး ကော်မရှင်က စိုက်ပျိုးရေးထုတ်ကုန်များ သိုလှောင်ခြင်းနဲ့ ဈေးကစားခြင်းတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ ဇူလိုင်လမှာ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။             သိုလှောင်ထိန်းသိန်းမှုလျှော့ချဖို့ ဆောင်ရွက်ခဲ့တဲ့အပြင် တရုတ်အစိုးရ ဟာ ၂ဝ၁ဝ နောက်ဆုံး ၃ လအတွင်း စိုက်ပျိုးရေးထုတ်ကုန်များ ပြည်ပယှဉ်ပြိုင် တင်ပို့နိုင်ဖို့ ဆောင်ရွက်မှုများစွာ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်ချက် တွေကြောင့် တရုတ်ချင်းဈေးဟာ သီတင်းပတ် ၆ ပတ်ဆက်တိုက်ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဒီလိုဆောင်ရွက်နေစဉ်မှာ ထိုင်းနိုင်ငံ ချင်းအသစ်များ ဒီဇင်ဘာလမှာ ဝင်ရောက်လာတဲ့အတွက် ယခင်က အီးယူ ချင်း တင်သွင်းသူတွေက တစ်ကီလိုကို ၂ ဒေါ်လာအထက်ဈေးပေးဝယ်ခဲ့ရာက တစ်ကီလို ၁ ဒေါ်လာအောက်ကို ဈေးချပေးဝယ်လာကြတယ်လို့ ဆိုပါတယ်။             ထိုင်းချင်းဟာ တရုတ်ချင်းထက် အရသာပိုမိုကောင်းမွန်တဲ့အတွက် ဝယ်လက်များစွာက ထိုင်းချင်းကို ပိုမိုနှစ်သက်ကြပါတယ်။ ဒါ့အပြင် ထိုင်းချင်းက ပိုးသတ်ဆေးြွကင်းပါဝင်မှုနည်းပြီး ကျန်းမာရေးအတွက် စိတ်ချရတဲ့GAP ၊ TESCO Nurture ၊ HACCP ၊ GMP နဲ့ SEDEXလို နိုင်ငံတကာအဆင့်မီ စံနှုန်း သတ်မှတ်ချက်များနဲ့ အသိအမှတ်ပြုခံထားရတာဖြစ်လို့ တရုတ်ချင်းထက် စားသုံးသူ ဈေးကွက်ကို ဖြန့်ဝေမှုမှာ ပိုမိုအခွင့်အလမ်းရနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တရုတ် ချင်းကလည်း တဖြည်းဖြည်းနဲ့ ဈေးကျဆင်းလာပြီး ထိုင်းနိုင်ငံမှာ ထိန်းချုပ်ခြင်းမရှိတဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်လာပြီဖြစ်လို့ ထိုင်းချင်းက ဦးဆောင်ယှဉ်ပြိုင်ပြီး တင်ပို့နိုင်တော့မှာ မဟုတ်ဘူးလို့ သုံးသပ်ထားတာ တွေ့ရပါတယ်။                        ယမင်းးခင်၊Source: freshplaza .com