Main menu

Background

မြန်မာ့သကြား ကမ္ဘာ့ဈေးကွက်တစ်နေရာရရှိရေး

Fri, 03/11/2011 - 06:08 -- Anonymous (not verified)

 မြန်မာ့သကြား ကမ္ဘာ့ဈေးကွက်တစ်နေရာရရှိရေး                 အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး မတည်ငြိမ်မှု ဂယက်ကြောင့် ရေနံဈေးနှုန်းမြင့်တက်လာတာနဲ့အမျှ နောက်ဆက်တွဲမှာ ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းတွေ မြင့်တက်လာနေ တာတွေ့ရပါတယ်။ အထူးသဖြင့် ကောက်ပဲသီးနံှတွေ မြင့်တက်သလို ဇီဝလောင်စာထုတ်လုပ်တဲ့ ပြောင်းနဲ့ ကြံ၊ သကြားဈေးတွေလည်း လိုက်ပါမြင့်တက်လို့ လာနေပါတယ်။ ကမ္ဘာ့သကြားဈေးကို လေ့လာမယ်ဆိုရင် ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာမှာ ဖြစ်ပေါ်ခဲ့တဲ့ သကြားကြမ်း ဈေးဟာ ၁ဝ စုနှစ် ၃ ခုနီးပါးအတွင်း အမြင့်ဆုံးလို့ ဆိုပါတယ် သကြားဈေး တစ်ကျော့ပြန်မြင့်လာ                   ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာမှာ သကြားကြမ်းတစ်တန်ကို ကန်ဒေါ်လာ ၅၄၉ ကို အမြင့်ဆုံးရှိခဲ့ရာက ၂ဝ၁ဝ ခုနှစ်မှာတော့ ကမ္ဘာ့ သကြားအထွက်အခြေအနေကောင်းခဲ့လို့ ဈေးပြန်လည် လျော့ကျခဲ့တာ မေလ ၁ဝ ရက်မှာ တစ်တန်ကို ဒေါ်လာ ၃၃၃ ဖြစ်လာခဲ့ပါတယ်။ ပုံမှန်အားဖြင့် သကြားထုတ်လုပ်မှုကို အောက်တိုဘာလ လောက်မှာ စတင်တာဖြစ်လို့ သကြားများများထုတ်လုပ်တဲ့ ရုရှားနဲ့ တရုတ်တို့လို နိုင်ငံကြီးတွေမှာ ရာသီဥတုမမျှမတဖြစ်ခဲ့လို့ အထွက် လျော့တဲ့ ခန့်မှန်းချက်တွေအရ ၂ဝ၁ဝ စက်တင်ဘာလမှာ တကျော့ ပြန် ဈေးမြင့်လာခဲ့ပါတယ်။                      ဘူးလေးရာဖရုံဆင့်ဆိုသလို ရာသီဥတုပေါ်မှီပြီး ထုတ်လုပ်ရတဲ့ သီးနံှတွေ ကုန်ပစ္စည်းတွေဟာ ကမ္ဘာ့ရာသီဥတုအပြောင်းအလဲတွေအရ ထုတ်လုပ်မှုကျဆင်းလို့ ဈေးနှုန်းမြင့်တက်နေတဲ့အပေါ် ၂ဝ၁၁ ဒီကာလအတွင်း ကမ္ဘာ့လောင်စာဆီဈေးနှုန်း မြင့်တက်မှုအရှိန်ကြောင့် ဇီဝလောင်စာ ထုတ်လုပ်ဖို့ သကြားဝယ်လိုအားတွေ တက်စေခဲ့ပြန် ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့သကြားကြမ်းဈေးဟာ ၂ဝ၁၁ ဇန်နဝါရီလမှာ တစ်တန်ကို ကန်ဒေါ်လာ ၇ဝ၇ ထိ ဖြစ်လာခဲ့ပြီး လက်ရှိ မတ်လ ၃ ရက်နေ့မှာလည်း နယူးယောက် သကြားကြမ်း တစ်တန်ကို ကန်ဒေါ်လာ ၆၇ဝ အထက်မှာ စိုးမိုးနေဆဲဖြစ်ပြီး လန်ဒန် သကြားဖြူဈေးက ကန်ဒေါ်လာ ၇၅၇ ဒသမ ၅ဝ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့သကြားအထွက် အစောပိုင်းထက်လျော့မယ်ခန့်မှန်း                    နိုင်ငံတကာသကြားအဖွဲ့အစည်း(ISO) က နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သကြားအများဆုံး ထုတ်လုပ်တဲ့ တရုတ် နိုင်ငံရဲ့ အဓိကကြံစိုက်ပျိုးရာဒေသတွေမှာ အအေးပိုပြီး ယူကရိန်းမှာ မိုးခေါင်ခြောက်သွေ့မှုတွေအပြင် သြစတြေးလျမှာလည်း ဆိုင်ကလုန်း ဝင်ရောက်လို့ ရေလွှမ်းမိုးခဲ့တာကြောင့် သကြားထုတ်လုပ်မှုက အစောပိုင်းခန့်မှန်းထားတာထက် တန်ချိန် ၂ သိန်းလျော့ကျပြီး တန် ၁၆၇ ဒသမ ၈ သန်းထွက်မယ်လို့ ဆိုပါတယ်။ ရောင်းလိုအားနဲ့ ဝယ်လိုအား မျှခြေဖြစ်ပေမဲ့ ပိုလျှံနည်း                    ထိပ်တန်းသကြားတင်ပို့သူ စာရင်းဝင် ထိုင်းနိုင်ငံကတော့ အထွက်နှုန်းမြင့်လို့ မနှစ်ကထက် ပိုပြီးတန်ချိန် ၇ ဒသမ၈ သန်း လောက်အထိ မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ သကြားအများဆုံး စားသုံးတဲ့ အိန္ဒိယနိုင်ငံဟာ မနှစ်က သကြားတင်သွင်းခဲ့ရပေမဲ့ ဒီနှစ် မှာတော့ အထွက်ပိုခဲ့လို့ တန်ချိန် ၅ သိန်း ပြည်ပတင်ပို့ဖို့ စီစဉ်နေတာ သိရပါတယ်။ ကမ္ဘာ့တချို့နိုင်ငံတွေက ထုတ်လုပ်မှုလျော့ပြီး တခိျို့ နိုင်ငံတွေက တိုးတက်နေတာကြောင့် ကမ္ဘာ့သကြား ထုတ်လုပ်မှုနဲ့ သုံးစွဲမှုအနေနဲ့ ဖူလုံမှုရှိပေမဲ့ ပိုလံျှမှုတော့ နည်းသွားတယ်လို့ ဆိုပါတယ်။ ရေနံဈေးနှုန်းနဲ့ ဝယ်လိုအားအရ ဈေးနှုန်းပြောင်းလဲနိုင်                       နိုင်ငံတကာ ပြည်ပတင်ပို့နိုင်မှု တန်ချိန် ၅ဝ ဒသမ ၆၈၇ သန်း ခန့်မှန်းထားပြီး တင်သွင်းလိုအပ်ချက်ကိုတော့ တန်ချိန် ၅ဝ ဒသမ ၁၅၅ သန်း ရှိတာကြောင့် ကမ္ဘာ့ကုန်သွယ်မှုက မျှခြေဖြစ်နေ တယ်လို့ ISO  က ခန့်မှန်းထားပါတယ်။ ၂ဝ၁၁-၁၂ အတွက် ထုတ်လုပ်မှုအလားအလာကတော့ ရာသီဥတုနဲ့ ကြံတောင်သူတွေရဲ့  တွက်ခြေကိုက်မှုအပေါ် မူတည်ပြီး ဈေးနှုန်းအလားအလာကတော့ ကမ္ဘာ့ရေနံဈေးနှုန်း၊ ဇီဝလောင်စာသုံးစွဲမှုနဲ့ ကန်ဒေါ်လာတန်ဖိုး အပြောင်းအလဲများအရ ကမ္ဘာ့သကြား ဝယ်လိုအား ခိုင်မာမှုအပေါ် မူတည် နေတယ်လို့ Consumer Foods Division  မှ ဈေးကွက် လေ့လာဆန်းစစ်သူ Mirian Tuomey  က သုံးသပ်ထားပါတယ်။ ပုံမှန်ထက် မြန်မာ့သကြားဈေးလျော့ကျမှုနည်း                     ကမ္ဘာ့အခြေအနေကို လေ့လာပြီးတော့ မြန်မာ့သကြားအခြေအနေကို လေ့လာကြည့်ဖို့ ပွက်ရည်၊ သကာရည် အဓိကဈေးကွက်ကြီး ဖြစ်တဲ့ မန္တလေးကို လေ့လာကြည့်ပါမယ်။ မန္တလေး ဈေးကွက်ကို မြန်မာနိုင်ငံအထက်ပိုင်းက ပွက်သားများ နိုဝင်ဘာလမှာ စတင်ဝင်လာပြီး ဖေဖေါ်ဝါရီလလောက်မှာ အဝင်လှိုင်ကာ မတ်လကုန်အထိ အဝင်ဆက်ရှိတယ်လို့ သိရပါတယ်။ ဒီကာလတွေမှာ သကြားကြိတ်ခွဲရာသီဖြစ်လို့ ပုံမှန်အားဖြင့်တော့ တစ်နှစ်လုံး အတက်ဘက်ကိုသွားနေတဲ့ သကြားဈေး ပြန်ကျတတ်တဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်အနေ အထားကတော့ သကြားလက်ကားဈေး သိသိသာသာမကျဘဲ ရှိနေတာတွေ့ရပါတယ်။ မန္တလေး သကြားဖြူထိပ်စ လက်ကားဈေးဟာ၂ဝ၁ဝ ခုနှစ်အနေနဲ့ ဇန်နဝါရီလမှာ တစ်ပိဿာကို ၁ဝဝဝ-၁၁ဝဝ ကျပ်ရှိခဲ့ရာက မတ်လမှာ ၂၆ဝဝ ကျပ်ကို မြင့်တက်ခဲ့ပြီး ဧပြီလမှာ ၁၄ဝဝ ကျပ် ကို ပြန်ဆင်းခဲ့ပါတယ်။ ဇွန်လအထိ အဲဒီဈေးနဲ့ ငြိမ်နေခဲ့ရာက ဇူလိုင်လမှာ ပြန်လည်မြင့်တက်လာပြီး ဒီဇင်ဘာလမှာ ၁၈ဝဝ ကျပ်အထိ အမြင့်ဆုံးဖြစ်နေခဲ့တာ တွေ့ရပါတယ်။ ယခုလို ပွက်ရေတွေ ဝင်လာတဲ့အချိန်မှာတစ်ပိဿာ ၂ဝဝ ကျပ်ခန့်သာ ကျဆင်းပြီး ၁၆ဝဝ ကျပ်မှာဘဲ ရှိနေဆဲ ဖြစ်ပါတယ်။ ပွက်ရည်ဈေးမြင့်ပြီး တင်လဲရည်ဈေး ကျပေမယ့် သကြားဈေးမကျ                      သကြားဈေးထိုက်သင့်သလောက် မကျဆင်းတာနဲ့ ပတ်သက်လို့ မန္တလေးတိုင်းဒေသကြီး သကြားအသင်းကို မေးမြန်းကြည့်တဲ့အခါ ပွက်ရေဈေးက မနှစ်ကထက် တစ်ပိဿာ ၉ဝ -၁ဝဝ ကျပ်လောက် တက်လာလို့လို့ ဆိုပါတယ်။ သကြားအသင်းဥက္ကဌ ဦးဝင်းဌေး ပြောကြားချက်အရ ပွက်ရေကို ချက်တဲ့အခါ သကြား ၆ဝ ရာခိုင်နှုန်းနဲ့ တင်လဲရည် ၄ဝ ရာခိုင်နှုန်းထွက်တယ်လို့ ဆိုပါတယ်။ တင်လဲရည်ကို များသောအားဖြင့် အရက်ချက်ဖို့ အများဆုံးအသုံးပြုတာမို့ ဒီနှစ်အနေအထားအရ အရက်ချက်စက်ရုံတွေဟာ ပြောင်းနဲ့ ဆန်ကွဲကို ပိုသုံးစွဲကြတာကြောင့် တင်လဲရည်ကို ဝယ်လိုအားနည်းသွားတဲ့အတွက် တင်လဲရည်ရောင်းဈေးကျဆင်းသွားတယ်လို့ ဆိုပါတယ်။ မနှစ်က ပွက်ရေကို တစ်ပိဿာ ၇ဝဝ ကျပ်နဲ့ ဝယ်ရပေမဲ့ ဒီနှစ်မှာ ၇၉ဝ ကျပ်နဲ့ ဝယ်ရပြီး တင်လဲရည်ရောင်းဈေးက မနှစ်က ၃၅ဝ ကျပ် ဈေးရှိပေမဲ့ ဒီနှစ်မှာ ၂၈ဝ ကျပ်ကို ကျဆင်းသွားလို့ သကြားဈေး များများမကျတာလို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ဒီနှစ် သကြားအထွက်ပိုလာလို့ လာမယ့်ကာလတွေမှာလည်း ဒီဈေးဝန်းကျင်မှာ ဈေးငြိမ်နိုင်တယ်လို့ ဦးဝင်းဌေးက ခန့်မှန်းပြောကြားပါတယ်။ ကြံတောင်သူတွေအတွက် ရွှေနှစ်                   ဒီနှစ်ကြံရာသီမှာ ရာသီဥတုမျှတခဲ့တဲ့အတွက် မနှစ်ကထက် အထွက်နှုန်းပိုကောင်းလို့ ကြံတောင်သူတွေအတွက် ရွှေနှစ်ပါလို့လည်း ဆက်လက်ပြောကြားပါတယ်။ မနှစ်က ကြံတစ်ဧကကို ကြံ တန် ၂ဝ ကျော်သာ ထွက်ခဲ့ရာက ဒီနှစ်မှာ တန် ၃၅ နဲ့ ၃ဝ ကြားထိ ပိုထွက်  လာတာကတစ်ကြောင်း၊ မနှစ်က ဈေးကောင်းရလို့ တခိုျ့တောင်သူတွေ တိုးစိုက်လာတာကတစ်ကြောင်းကြောင့် အထွက်ပိုမယ်လို့ ခန့်မှန်း ရတာပါလို့ ဆိုပါတယ်။ လာမယ့်နှစ်မှာ ၃ဝ ရာခိုင်နှုန်းလောက် စိုက်ဧရိယာတိုးလာနိုင်တယ်လို့လည်း ထပ်လောင်းပြောကြားပါတယ်။ ကြံဝယ်ဈေး တစ်ပြေးညီဖြစ်စေလို                  ဆက်လက်ပြီး ပုဂ္ဂလိကသကြားစက်များက ကြံဝယ်ဈေးဟာ ဒေသအနီးအဝေးအလိုက် တစ်တန်ကို ၃၅ဝဝဝ ကျပ်-၄ဝဝဝဝ ကျပ်ကနေ ၅ဝဝဝဝ ကျပ်အထိ ရှိတယ်လို့ ဆိုပါတယ်။ ဒီဈေးတွေနဲ့ ရောင်းရတော့ တောင်သူတွေ အကျိုးအမြတ် ပိုရတာပေါ့။ ဒါပေမဲ့ တချို့ သကြားစက်တွေကတော့ ကြံတစ်တန်ကို ၁၈ဝဝဝ-၂ဝဝဝဝ ကျပ်နဲ့ ဝယ်ယူကြတဲ့အတွက် ကြံတောင်သူတွေ တွက်ခြေကိုက်မှု နည်းတယ်လို့ ဆိုပါတယ်။ တကယ်လို့သာ သကြားစက်အားလုံးက ကြံဝယ်ဈေးကို ဒေသအလိုက် တစ်ပြေးညီ ဝယ်ယူမယ်ဆိုရင် ကြံစိုက်တောင်သူတွေ အကိုျးအမြတ်ရှိလို့ တိုးစိုက်လာကြမှာပါလို့လည်း ပြောကြားပါတယ်။ စိုက်ပျိုးရာဒေသမှာ ကုန်ချောစက်တည်တာ အားလုံးအကျိုးရှိ                   သကြားစက်တွေအနေနဲ့ အရင်က မန္တလေးမှာ အသေးစားအလတ်စား သကြားစက်ရုံ ၅ဝ ကျော်ရှိပါတယ်။ ဒါပေမဲ့ Power မလုံလောက်မှု ၊ လောင်စာအဖြစ်အသုံးပြုရတဲ့ ထင်း၊ ဝါးတွေရဲ့ စရိတ်ကြီးမြင့်မှုအပါအဝင် ၂ဝဝ၇-ဝ၈ ခုနှစ်လောက်က သကြားဈေးနိမ့်ခဲ့တာကြောင့် တွက်ခြေကိုက်မှုနည်းလာလို့ အခုဆိုရင် ပေါင်းသကြားစက် ၂၅-၂၆ လုံးလောက်ဘဲ ကျန်တော့တယ်လို့ ဦးဝင်းဌေးက ဆိုပါတယ်။ စက် ၅ လုံးလောက်ကတော့ ကြံစိုက်ပျိုးထုတ်လုပ်တဲ့ ဒေသတွေမှာ ပြောင်းရွှေ့တည်ထောင်လည်ပတ်နေကြပါတယ်။ အဲဒီစက်တွေအနေနဲ့ ကြံကနေ တိုက်ရိုက်ကုန်ချောအဖြစ်ကြိတ်ခွဲနိုင်တဲ့အတွက် အလေအလွင့်နည်းပါးမှုရှိသလို လောင်စာအဖြစ် ကြံဖတ်ကိုလည်း သုံးစွဲနိုင်လို့ ကုန်ကျ စရိတ်လည်း သက်သာမှုရှိတယ်လို့ ဆိုပါတယ်။ တောင်သူတွေအနေနဲ့လည်း ကြံကိုတိုက်ရိုက်ရောင်းရလို့ ပွက်ရေချက်ရာမှာ လေလွင့် ဆုံးရှုံးမှုမျိုးမရှိတော့ဘဲ သယ်ယူပို့ဆောင်ခ သက်သာသလို စက်ပိုင်ရှင်အနေနဲ့လည်း လတ်ဆတ်တဲ့ ကုန်ကြမ်းရရှိလို့ အထွက်နှုန်း ပိုကောင်း တဲ့အတွက် ဒီနည်းလမ်းကလည်း နှစ်ဦးနှစ်ဖက် စရိတ်လျှော့ချ အကိုျးအမြတ် ပိုရှိပါတယ်လို့ ပြောပါတယ်။ ဒေသခံတွေနဲ့ အကျိုးတူဆောင်ရွက်လို့ ရလဒ်ကောင်းတွေရှိလာ                     လက်ရှိမန္တလေးမှာ ရှိတဲ့ ပေါင်းသကြားစက် ၂၅-၂၆ လုံးအနေနဲ့ ကြိတ်ခွဲနိုင်မှုနဲ့ ဝင်ရောက်တဲ့ ကုန်ကြမ်း မျှတမှုရှိပါတယ်လို့ ဆိုပါတယ်။ ပုဂ္ဂလိကစက်ကြီးတွေဖြစ်တဲ့ ဂရိတ်ဝေါနဲ့ ငွေရည်ပုလဲစက်ကြီး နှစ်လုံးက တစ်ရက်ကို သကြားတန် ၄ဝဝ ခန့် ထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။ ဂရိတ်ဝေါစက်ကြီးကို စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာခရိုင် ထီးခိုျင့်မြို့နယ်မှာ တည်ထားပြီး ဒေသခံတောင်သူတွေကို သွင်းအားစု ဓါတ်မြေသြဇာနဲ့ ထုတ်လုပ်မှုစရိတ် ငွေသားထောက်ပံ့ပေးတဲ့အပြင် ထွန်စက်များကိုလည်း အရစ်ကျစနစ်နဲ့ ရောင်းချပေးပြီး တောင်သူတွေဆီက ကြံကို တစ်တန် ၃၅ဝဝဝ ကျပ်နဲ့ ပြန်လည် ဝယ်ယူပါတယ်။ ဒါကြောင့်လည်း ရလဒ်ကောင်းများအနေနဲ့ ဒေသခံများ စိုက်ပျိုးမှုတိုးတက်လို့ ဒီနှစ်ကြံရာသီမှာ ကြံတန်ချိန် ၂ သိန်းခွဲလောက်အထိ ကြိတ်ဝါးနိုင်မယ်လို့ ခန့်မှန်းထားကြောင်းလည်း သိရပါတယ်။ ဂရိတ်ဝေါစက်ကြီးဟာ သကြားထုတ်လုပ်တဲ့အပြင် တင်လဲရည်ကလည်း ဇီဝလောင်စာ ထုတ်လုပ်လျက်ရှိတဲ့ ပြည်တွင်းမှာ တစ်ခုထဲသော စက်ရုံ ဖြစ်ပါတယ်။  ပုဂ္ဂလိကစက်တွေထဲမှာ အများဆုံး ကြိတ်ခွဲနိုင်တဲ့ ဂရိတ်ဝေါပြီးရင် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရှိတဲ့ ငွေရည်ပုလဲစက်ကလည်း ဒေသခံ တောင်သူတွေနဲ့ ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်နေတာကြောင့် ယခုရာသီမှာ တန်ချိန် ၁၃ဝဝဝဝ ခန့် ကြိတ်ဝါးနိုင်မယ်လို့ ခန့်မှန်း ကြတယ်လို့ သိရပါတယ်။ စက်စွမ်းအားရှိသလောက် ကုန်ကြမ်းကြိတ်ခွဲနိုင်မှုမရှိသေး                    အသင်းဥက္ကဌ ခန့်မှန်းပြောကြားချက်အရ ပုဂ္ဂလိက ပေါင်း သကြားစက်များအနေနဲ့ ကုန်ကြမ်းရရှိမှုဟာ တစ်နှစ်ကို ၎င်းတို့ကြိတ်ခွဲ နိုင်စွမ်းရဲ့ ၈ဝ ရာခိုင်နှုန်းခန့် အနည်းဆုံးကြိတ်ခွဲရပြီး အစိုးရပိုင်နဲ့ အခြား ဖက်စပ်ပိုင်စက်များကတော့ စက်စွမ်းအားရဲ့ ၃ဝ-၃၅ ရာခိုင်နှုန်း ဝန်းကျင်ခန့်သာ လည်ပတ်မှုရှိမယ်လို့ ဆိုပါတယ်။ အဓိကတော့ စက်တည်ရှိရာဒေသနဲ့ ကုန်ကြမ်းရရှိမှု အခြေအနေကြောင့်လို့ ဆိုပါတယ်။ အမှတ်-၁ စက်မှုဝန်ကြီးဌာနမှာ မှတ်ပုံတင်ထားတဲ့ ပုဂ္ဂလိက သကြားစက် အရေအတွက်ဟာ ၂ဝဝ၇-ဝ၈ မှာ စက်ကြီး၊ လတ်၊ငယ် အားလုံး ၃၄၁ လုံးရှိပြီး အစိုးရပိုင်နဲ့ အစိုးရဖက်စပ်ပိုင် စက်ကြီး တွေက ၁၇ လုံးရှိတယ်လို့ သိရပါတယ်။ ကုန်ကြမ်းတိုးထုတ်နိုင်ဖို့ အကြောင်းရင်းများ                 မြန်မာနိုင်ငံမှာရှိတဲ့ သကြားစက်၊ ပေါင်းသကြားစက်များအားလုံး စက်စွမ်းအားပြည့် လည်ပတ်နိုင်ဖို့ဆိုရင် ကြံစိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရမှာဖြစ်ပါတယ်။ ဒီလိုမြှင့်တင်နိုင်ဖို့ အသင်းဥက္ကဌအကြံပြုသလို တောင်သူတွေ တွက်ခြေကိုက်၊ သကြားစက်လုပ်ငန်းရှင်များ လည်း အကိုျး အမြတ်ရှိနိုင်မယ့် ဈေးနဲ့တောင်သူတွေဆီက ဝယ်ယူတဲ့ ကြံ ချောင်းဈေးကို ဒေသအလိုက် ဈေးနှုန်းကွာခြားမှုမများဘဲ ဝယ်ယူကြ မယ်ဆိုရင် လက်ရှိကြံလျှော့စိုက်တဲ့ ဒေသတွေမှာ ပြန်လည်တိုးမြှင့် စိုက်လာနိုင်မှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ ဂရိတ်ဝေါနဲ့ ငွေရည်ပုလဲတို့လို ကြံတောင်သူတွေနဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဟာလည်း ကြံထုတ်လုပ်မှုတိုးမြှင့်တဲ့နည်းလမ်းပါပဲ။ ဒါ့အပြင် စိုက်ပိုျးထုတ်လုပ်ရာ ဒေသမှာဘဲ ကုန်ချောထွက်ရှိအောင် စက်ရုံတွေ တည်ထောင်ခြင်းဟာလည်း ထုတ်လုပ်မှုမြှင့်တင်ယုံသာမက ဒေသခံ တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းကိုလည်း ဖြည့်ဆည်းပေးရာ ရောက် ပါတယ်။ သက်ဆိုင်ရာဌာနနဲ့ အသင်းတို့မှလည်း လှုပ်ရှားဆောင်ရွက်နေ               ကုန်ကြမ်းထွက်ရှိရာ ဒေသတွေမှာ စက်ရုံများ တည်ထောင်ပြီး တောင်သူများနဲ့ အကျိုးတူ ပူးပေါင်းခြင်း၊ တောင်သူတွေ လိုအပ်တဲ့ နည်းပညာနဲ့ မျိုးကောင်းမျိုးသန့်တွေ ဖြန့်ဝေပေးမယ်ဆိုရင် ပြည်တွင်း စားသုံးမှု ပိုလံျှပြီး ပြည်ပတင်ပို့နိုင်မယ်လို့ အသင်းဥက္ကဌက ဆိုပါတယ်။ အသင်းအနေနဲ့လည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး မျိုးနဲ့ စိုက်နည်းစနစ်များကို တောင်သူ တွေဆီ အရောက် ဖြန့်ဖြူးပညာပေးတာတွေ ဆောင်ရွက်လျက် ရှိပါတယ်လို့ ဆိုပါတယ်။ မတ်လ ၄ ရက်နေ့ကလည်း ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့မှာ ကြံသီးနံှလုပ်ငန်းဌာန၊ ကြံနဲ့ သကြား ထုတ်လုပ်သူများနဲ့ကုန်သည်များအသင်း၊မြန်မာ့ကြံနဲ့သကြားထုတ်လုပ် သူများ၊ ကုန်သည်များတွေ့ဆုံပြီး မြန်မာ့ကြံနှင့် သကြားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။                 လက်ရှိပြည်တွင်းစက်ကြီးများက ထုတ်လုပ်တဲ့ သကြားအရည် အသွေးဟာ ပြည်ပထိပ်တန်းတင်ပို့နေတဲ့ ထိုင်းသကြားအရည် အသွေးကို ယှဉ်နိုင်တယ်လို့ သိရပါတယ်။ လက်ရှိအနေအထားအရ ပြည်တွင်းထုတ်လုပ်မှုက လိုအပ်ချက်နဲ့ မျှခြေအနေအထားမှာသာ ရှိနေတဲ့အတွက် တိုးတက်လာတဲ့ လူဦးရေနဲ့ စားသုံးမှုမြင့်တက်မှုကို ဖြည့်ဆည်းဖို့ တိုးမြှင့်ထုတ်လုပ်ဖို့တော့ လိုကိုလိုတဲ့ အနေအထားပါ။ မြန်မာ့ရေမြေ အနေအထား ကောင်းသလို ကြံစိုက်ပိုျးနိုင်တဲ့ မြေဧရိယာအနည်းဆုံး ၅ရာခိုင်နှုန်းလောက်အထိ တိုးခဲျ့နိုင်တဲ့အခြေ အနေပါ။ ကြံကနေ စားသောက်ကုန်တွေမှာ အဓိကထည့်သွင်း အသုံး ပြုနေရတဲ့ သကြားတစ်မျိုးထဲ သာမက သကာရည်၊ အဖျော် ယမကာ၊ ဇီဝလောင်စာဆီနဲ့ စက္ကူစတဲ့ကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်နိုင်တာမို့ ပြည်တွင်းလိုအပ်ချက် မြင့်နေအုံးမှာဖြစ်သလို ကမ္ဘာ့ ဝယ်လိုအားကလည်း တိုးလို့လာနေပါတယ်။ ဒါကြောင့် မြန်မာ့ကြံ သကြားလုပ်ငန်းမှာ ကြံစိုက်တောင်သူ တွက်ခြေကိုက်ဖို့ ၊ စက်မှု လုပ်ငန်းရှင်တွေ ထိုက်သင့်တဲ့ အကျိုးအမြတ်ရရှိဖို့၊ စားသုံးသူများ ဈေးနှုန်းမဖိစီးဖို့ အပြင်ပြည်ပဝင်ငွေရရှိရေးအတွက် နေမြေချင်း ဆက် စပ်နေတဲ့ ထိုင်းနိုင်ငံလို ကမ္ဘာ့တတိယမြောက်အများဆုံးထိ မတင်ပို့ နိုင်သေးတဲ့တိုင် ကမ္ဘာ့ဈေးကွက်မှာ တစ်နေရာ ယူနိုင်ဖို့ တိုက်တွန်း လိုက်ရပါတယ်။ ယမင်းရွှေစင် Sources, ISO, bloomberg.net,commoditiesonline