Main menu

Background

ထိုင်း ဗီယက်နမ်နဲ့ မြန်မာ့ဆန် ဘာကြောင့် ဈေးကွဲသလဲ ပြဿာနာသိလျှင် အဖြေရှိပါသည်

Mon, 05/23/2011 - 08:26 -- Anonymous (not verified)

 ထိုင်း ဗီယက်နမ်နဲ့ မြန်မာ့ဆန် ဘာကြောင့် ဈေးကွဲသလဲ ပြဿာနာသိလျှင် အဖြေရှိပါသည်                   ကမ္ဘာမှာ ဆန်အများဆုံး စားသုံးတာ အာရှဒေသဖြစ်သလို အဓိကထုတ်လုပ်တင်ပို့နေတာကလည်း အာရှနိုင်ငံတွေပဲဖြစ်ပါတယ်။ အထူးသဖြင့် ဧရာဝတီ၊ ကျောက်ဖရား၊ မဲခေါင်မြစ်များစီးဆင်းရာ (ACMEC)ဒေသက ကမ္ဘာ့ဆန်တင်ပို့မှုရဲ့ ၅၁ ရာခိုင်နှုန်းကျော်ကို တင်ပို့နေပါတယ်။ အဲဒီဒေသမှာ တစ်နှစ်ကို ဆန်တန်ချိန် ၁ဝ သန်း ခန့်တင်ပို့ပြီး၊ ကမ္ဘာ့ဆန်တင်ပို့မှုမှာ ထိပ်ဆုံးနံပါတ်တစ်နေရာယူထားတဲ့ ထိုင်းနိုင်ငံ၊ တစ်နှစ်ကို တန်ချိန် ၆ သန်းခန့်တင်ပို့ပြီး ဒုတိယနေရာ ယူထားတဲ့ ဗီယက်နမ်နိုင်ငံတို့အပြင် ဆန်တင်ပို့နိုင်ငံ စာရင်းဝင် မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့လည်း ပါဝင်နေပါတယ်။ (ACMEC ) ဆိုတဲ့ ဒေသတစ်ခုတည်းက ဆန်ထုတ်လုပ်တင်ပို့နေ တဲ့နိုင်ငံတွေဖြစ်ပေမယ့်လည်း ပြည်ပဆန်ရောင်းဈေး FOB ဈေးနှုန်း တွေကတော့ တစ်ပြေးညီမရရှိဘဲ နည်းနည်းစီကွာခြားနေတာတွေ့ရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ဆန်ပြည်ပရောင်းဈေးနှုန်းတွေက ထိုင်း၊ ဗီယက်နမ်ဆန်ဈေးတွေထက် အမြဲတမ်းလျော့နည်း နေရတာ ကို တွေ့ရပါတယ်။ ဒီနိုင်ငံတွေက တင်ပို့နေတဲ့ ဆန်အရည် အသွေးစုံ ထဲက မြန်မာနိုင်ငံက အများဆုံးကုန်သွယ်မှုပြုနေတဲ့ ၂၅ မှတ်ဆန် ပျမ်းမျှ ဈေးနှုန်းကို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ ၂ဝ၁ဝ-၂ဝ၁၁ မှာ မြန်မာ့ဆန်ဈေးက ထိုင်းဆန်ဈေးထက် ဒေါ်လာ ၇ဝ ကျော်လျော့ နည်းပြီး၊ ဗီယက်နမ်ဆန်ဈေးထက် ဒေါ်လာ ၄ဝ ကျော်လျော့နည်း ရရှိခဲ့ပါတယ်။ လက်ရှိ ၂ဝ၁၁-၂ဝ၁၂ မှာလည်း ထိုင်းဆန်ဈေးထက် ဒေါ်လာ ၅ဝ ကျော်လျော့ပြီး၊ ဗီယက်နမ်ဆန်ဈေးထက် ဒေါ်လာ ၄ဝ ကျော် လျော့နည်းဆဲဖြစ်တာတွေ့ရပါတယ်။                        ဒီလိုအရည်အသွေးသတ်မှတ်ချက်ခြင်းတူတဲ့ ဆန်ရောင်းဈေးနှုန်းတွေ ကွာခြားရခြင်းကို မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးက ပြည်ပဆန်တင်ပို့တဲ့လုပ်ငန်းမှာ အတွေ့အကြုံအများ အကြီးရှိခဲ့တဲ့ အရာရှိကြီးတစ်ဦးနဲ့ဆွေးနွေးတဲ့အခါမှာတော့ မြင်သာတဲ့ အကြောင်းအချက်တွေကို တွေ့ရှိရပါတယ်။                          ၂၅ မှတ်ဆန် ပြည်ပရောင်းဈေးကွာခြားမှု ခုနှစ်           ထိုင်းဆန်        ဗီယက်နမ်        မြန်မာ         ထိုင်းဆန်                 ဗီယက်နမ်                                           ဆန်             ဆန်                ထက်                  ဆန်ထက်                                                                               လျော့နည်းမှု            လျော့နည်းမှု၂ဝ၁ဝ-၁၁     ၄၃၉            ၄၁၁            ၃၆၅                     (-)၇၄                  (-)၄၆၂ဝ၁၁-၁၂    ၄၅၅            ၄၄၅             ၄ဝဝ                      (-)၅၅                 (-)၄၅ဆန်အရည်အသွေးနဲ့ ဆန်အရွယ်အစားညီမျှမှုမရှိခြင်း                  ထိုင်းနဲ့ဗီယက်နမ်နိုင်ငံတို့မှာ ပြည်ပကို အများဆုံးတင်ပို့တဲ့ ဆန်အမျိုးအစားဟာ လုံးသွယ်ဆန် အမျိုးအစားဖြစ်ပါတယ်။ အဲဒီနိုင်ငံ တွေမှာ တောင်သူအများစုဟာ စိုက်ပျိုးစဉ်ကတည်းက မျိုးစပါးကို ကြုံသလို မစိုက်ဘဲ မျိုးစေ့ထုတ်လုပ်တဲ့ လုပ်ငန်းအဖွဲ့အစည်းက မျိုးစေ့တွေ ဝယ်ယူပြီး၊ ဧရိယာအလိုက် အမျိုးအစားတူ မျိုးတူစပါး ကို သီးသီးသန့်သန့်စိုက်ပျိုးထုတ်လုပ်တာဖြစ်လို့ စပါးမှာ မျိုးကွဲများများ မပါဝင်သလို ဆန်အရွယ်အစားကလည်း ညီညာမှုရှိကြောင်းသိရပါတယ်။ ဒါ့အပြင် ဆန်အရွယ်အစား ညီညာမှုရှိတာကြောင့် ဆန် အရောင်သွေး (Appearance)လည်း ပိုမိုကောင်းမွန်တာဖြစ်ပါတယ်။ မြန်မာဆန်ဟာလည်း လုံးသွယ်ဧည့်မထအမျိုးအစားဖြစ်ပေမဲ့ စပါးမျိုးကို မိရိုးဖလာအတိုင်း မိမိလယ်က စပါးကိုပဲ မျိုးအဖြစ်ပြန်စိုက်၊ မျိုးကွဲတွေ မဖယ်ရှားဘဲ စပါးမျိုးကွဲပေါင်းများစွာ စိုက်ပျိုးတာဖြစ်လို့ ကြိတ်ခွဲထွက်ရှိလာတဲ့ဆန်မှာလည်း အရွယ်အစား မညီမညာ၊ အရောင်အသွေးကောင်းမွန်မှု မရှိဖြစ်ရပါတယ်။ အဲဒီလို အမြင်လှပမှုမရှိတဲ့အချက် ဟာလည်း ဆန်ဈေးနှုန်းလျော့နည်းရတဲ့ အကြောင်း အရင်း တစ်ချက်ပဲဖြစ်ပါတယ်။ စက်ကြိတ်အရည်အသွေးကောင်းမွန်မှု                  ထိုင်းနိုင်ငံမှာ ဆန်နဲ့ဆန်ကွဲကို သီးခြားစီခွဲထုတ်သိုလှောင်ပြီးမှသာ မိမိလိုချင်တဲ့ ဆန်အမျိုးအစား၊ အရည်အသွေးကိုလိုက်ပြီး အချိုးအစားအလိုက် တွက်ချက်ရောနှောတဲ့စနစ်ကို သုံးတယ်လို့သိရပါတယ်။ အဲဒီလို အချိုးအစားမှန်မှန်ရောထားတဲ့အတွက် တင်ပို့တဲ့ဆန် အားလုံးဟာ စက်ကြိတ်အရည်အသွေးနဲ့ ဆန်ကွဲပါဝင်မှု ညီညာပြီး၊ ၁၅ မှတ်၊ ၂၅ မှတ် စတဲ့ ဆန်အမျိုးအစားအလိုက် အရည်အသွေး မှန်ကန်မှုရှိတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အများအားဖြင့် ဆန်စက်အသစ်၊ ဆန်စက်အဟောင်းမျိုးစုံ၊ ဒေသအစုံက ကြိတ်ခွဲထွက်ရှိတဲ့ဆန်များကို စုစည်းသိုလှောင်ပြီး၊ တင်ပို့တာဖြစ်ပါတယ်။ တစ်ခါတစ်ရံ တချို့သောဆန်တင်ပို့သူများဟာ ဘုရင့်နောင် ကုန်စည်ဒိုင်လိုဈေးကွက်အတွင်းက ဝယ်ယူပြီး၊ တင်ပို့မှုတွေပါရှိလို့ ပါဝင် တဲ့ဆန်များမှာ စက်ကြိတ်အရည်အသွေး၊ နိမ့်မြင့်ညီညာမှုမရှိသလို ဆန်ကွဲပါဝင်မှု အချိုးအစားကျနမှုမရှိ ဖြစ်ရပါတယ်။ အဲဒီလို ဆန်အမျိုးအစားအလိုက် အရည်အသွေးမှန်ကန်ညီညာမှု မရှိခြင်းဟာ လည်း ဆန်ဈေးနှုန်းလျော့နည်းရတဲ့ အချက်ပဲဖြစ်ပါတယ်။ သင်္ဘောငှားရမ်းခများ ကွာခြားခြင်း                  မြန်မာ့ဆန်များ သယ်ယူရာမှာ ကုန်ဝယ်သူဟာ သင်္ဘောငှားရမ်းတဲ့အခါ မြန်မာ့ဆိပ်ကမ်းအခြေအနေ၊ ရေစူးကန့်သတ်ချက်တို့နဲ့ ကိုက်ညီမယ့် သင်္ဘောကို ရွေးချယ်ငှားရမ်းရပါတယ်။ အဲဒီလို ကန့်သတ်ချက်နဲ့ ကိုက်ညီမယ့် သင်္ဘောရရှိဖို့ ခက်ခဲတာကြောင့် ငှားရမ်းခ (Freight Rate) ဟာ အခြားနိုင်ငံတွေ ထက်ဈေးနှုန်းကြီးမြင့် တယ်လို့ သိရပါတယ်။ သယ်ယူစရိတ် ကြီးမြင့်မှုတွေကြောင့်လည်း မြန်မာ့ဆန်ဈေးကို လျော့ပြီးဝယ်ယူမှုတွေ ရှိလာတဲ့အတွက် ဈေး လျော့ရတာလည်း တစ်ချက်လို့ဆိုပါတယ်။ ဆန်ရောင်းချတဲ့ ငွေလွှဲစနစ်                      ပြည်ပဆန်ဝယ်လက်များနဲ့ ချိတ်ဆက်ရောင်းဝယ်ရာမှာ ငွေပေးချေမှုကို LC (Letter of Credit) နဲ့(Telegraphic Transfer) စနစ်များနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ LC စနစ်ဆိုတာ ကတော့ ကုန်ပစ္စည်းကို သင်္ဘောတင်ပြီးကြောင်း အထောက်အထားများနဲ့ ပေးပို့မှ ကြားခံဘဏ်မှတစ်ဆင့် ငွေပေးချေခြင်းဖြစ်ပြီး၊  100% Advanced TTစနစ်ကတော့ ပစ္စည်းမတင်မီကတည်းက ၁ဝဝ ရာခိုင်နှုန်း ကြိုတင်ငွေ ပေးချေတဲ့စနစ်ဖြစ်ပါတယ်။ 100% Advanced TT စနစ်ကတော့ ယုံကြည်မှုကို အဓိက ထားဆောင် ရွက်ရတာဖြစ်ပြီး၊ စွန့်စားရမှုအတွက် LC နဲ့ပေးချေတဲ့ ဈေးနှုန်းထက် ၁ဝ ဒေါ်လာခန့် လျော့နည်းရရှိတယ်လို့ သိရပါတယ်။ မြန်မာ ကုန်ရောင်းသူများက TT စနစ်ဖြင့်သာ ကုန်ရောင်းတာဖြစ်လို့ အဲဒီ ငွေပေးချေတဲ့စနစ်ကလည်း ဈေးလျော့ရတဲ့အကြောင်းထဲက တစ်ချက်လို့သိရပါတယ်။ ပုံမှန်ဖောက်သည်မရှိခြင်း                  ဆန်တင်သွင်းတဲ့ နိုင်ငံအများစုဟာ တစ်နှစ် လိုအပ်ချက်ကို ကြိုတင်စီမံချက်ရေးဆွဲလေ့ရှိပါတယ်။ ဒီလိုရေးဆွဲရာမှာ သူတို့ အတွက် ပုံမှန်ရောင်းချပေးနိုင်တဲ့ ကုမ္ပဏီ၊ နိုင်ငံတွေကို ဦးစားပေး ထည့်သွင်းစဉ်းစားလေ့ရှိပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ကမ္ဘာ့ဆန်တင်သွင်းမှု ထိပ်ဆုံးစာရင်းဝင် ဖိလစ်ပိုင်နိုင်ငံဟာ ပုံမှန် ပမာဏများများ တင်ပို့နိုင်တဲ့ ထိုင်းနဲ့ ဗီယက်နမ်တို့နဲ့ရေရှည်ကုန်သွယ် မှုစာခုျပ်တွေ ချုပ်ဆိုထားပါတယ်။                    အဓိကကတော့ တင်သွင်းနိုင်ငံတွေမှာ အရေးပေါ်ဆန် လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မယ့် အာမခံနိုင်တဲ့ ရောင်းသူတွေနဲ့ ချိတ်ဆက်ထားခြင်းပဲဖြစ်ပါတယ်။ အဲဒီလို ဆန်တင်သွင်းနိုင်ငံတွေရဲ့ ပုံမှန် ဖောက်သည်အဖြစ်ရောင်းဝယ်လိုမှုအပေါ် မြန်မာဘက်က ကုန်သည် တွေက ပုံမှန်ဖောက်သည် (Regular Supplier Buyer ) အဖြစ် ကာလကြာကြာ ချိတ်ဆက် ရောင်းဝယ်နိုင်ခြင်းမရှိသေးတဲ့အတွက် ပုံမှန်ဖောက်သည်နိုင်ငံတွေနဲ့ ယှဉ်ပြိုင်ရောင်းဝယ်တဲ့အခါ ၎င်းတို့ရရှိတဲ့ ဈေးနှုန်းထက်လျော့ပြီး ဈေးပေးဝယ်ယူမှုတွေ လုပ်လာပါတယ်။ ဒါကြောင့် ပုံမှန်ဖောက်သည် မရှိခြင်းဟာလည်း ဈေးနှုန်းလျော့နည်း လာတဲ့ အကြောင်းတစ်ရပ်လို့ ဆိုပါတယ်။ တိုက်ရိုက်စားသုံးနိုင်(End User) ကို တိုက်ရိုက်ချိတ်ဆက် ရရှိမှု နည်းခြင်း                   မြန်မာ့ဆန်တင်ပို့တဲ့ ကုန်သည်များအနေနဲ့ အမေရိကန်ဒေါ်လာ နဲ့ ဘဏ်ငွေကြေးလွဲှပြောင်းရာမှာ အခက်အခဲများရှိနေခြင်း၊ ပြည်ပ နိုင်ငံတွေမှာ ရုံးခွဲဖွင့် လှစ်ဆောင်ရွက်နိုင်မှုနည်းနေသေးခြင်း၊ အမှန် စားသုံးတဲ့နိုင်ငံ (End User)နဲ့ ချိတ်ဆက်မှု အားနည်းခြင်းတို့ကြောင့် တစ်ဆင့်ခံပွဲစား ကုမ္ပဏီများကိုသာ အားကိုးဆောင်ရွက်နေရပါတယ်။ ဒီလိုကြားခံပွဲစားကို တစ်ဆင့်ခံရောင်းချရခြင်းကလည်း ဈေးလျော့ နည်းရတဲ့ အကြောင်းတစ်ရပ်ပဲဖြစ်ပါတယ်။                    တစ်ချိန်က ကမ္ဘာမှာ ဆန်အများဆုံး တင်ပို့ခဲ့တဲ့ မြန်မာနိုင်ငံ အနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ အားနည်းချက်များကို ပြင်ဆင် ဖြည့်ဆည်းနိုင်မယ်ဆိုရင် မြန်မာ့ဆန် ပြည်ပရောင်းဈေးဟာ ကမ္ဘာ့ ဆန် ထိပ်တန်းတင်ပို့နိုင်ငံတွေနဲ့ တန်းတူ ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုအားနည်းချက်တွေကို တစ်ဦး တစ်ယောက်ထဲ၊ အဖွဲ့အစည်း တစ်ခုထဲကသာ ပြီးမြောက်အောင်  ကျော်လွှားနိုင်မယ့်ကိစ္စရပ်များ မဟုတ်ပါဘူး။ ပုဂ္ဂလိကပိုင်းဆိုင်ရာ ကရော သက်ဆိုင်ရာဌာနပေါင်းစုံ၊ ကဏ္ဍစုံကပါ ဝင်ရောက်ပူးပေါင်း ဆောင်ရွက်ရမယ့် တစ်နည်း အားဖြင့် Public Private Partnership  အစီအစဉ်နဲ့ဆောင်ရွက် နိုင်မယ့်ကိစ္စရပ်သာဖြစ်ပါတယ်။                   မိမိတို့နိုင်ငံအနေနဲ့ ဆန်ကိုပြည်တွင်းမှာ ဖူလုံတဲ့အပြင် ပိုလံျှ အောင် ထုတ်လုပ်ပြီး ဆန်တိုးတက်တင်ပို့နိုင်အောင် ဆောင်ရွက်နေ တာဖြစ်သလို ဒီလိုတိုးတက်တင်ပို့မယ့် ပမာဏများလေလေ ဈေးနှုန်း လျော့တဲ့အတွက် နစ်နာဆုံးရှုံးရမယ့် ပမာဏကလည်း ကြီးမားလေ ဖြစ်လို့ ဈေးနှုန်းတစ်ပြေးညီရရှိရေးဟာ ပိုပိုပြီး အရေးပါလာပါတယ်။ ဒါကြောင့် အထက်ဖော်ပြပါဈေးနှုန်းလျော့ကျရတဲ့ အကြောင်း ရင်း အားနည်းချက်တွေထဲက ချက်ချင်းပြင်ဆင်နိုင်တာကို ချက်ချင်း ဆောင်ရွက်ပြီး ရေရှည်ဆောင်ရွက်ရမယ့်ကိစ္စကို လက်ရှိအချိန်က စပြီး စီစဉ်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် ပြည်သူတွေ အတွက် နစ်နာဆုံးရှုံးမှု လျော့နည်းပပျောက်အောင် မဖြစ်မနေ ဆောင်ရွက်ကြဖို့ အချိန်အခါသင့်ပြီဖြစ်ပါကြောင်း တိုက်တွန်းရေး သားလိုက်ရပါတယ်။