Main menu

Background

အိန္ဒိယရဲ့ ပဲစိုက်ပျိုးထုတ်လုပ်မှုမြင့်တက်မည်ဆိုသော ခန့်မှန်းချက်များနှင့် တွေးဆဖွယ်ရာများ

Sun, 05/29/2011 - 05:22 -- Anonymous (not verified)

အိန္ဒိယရဲ့ ပဲစိုက်ပျိုးထုတ်လုပ်မှုမြင့်တက်မည်ဆိုသော ခန့်မှန်းချက်များနှင့် တွေးဆဖွယ်ရာများ အိန္ဒိယပဲလျော့သွင်းမယ့် သတင်းများထုတ်ပြန်နေ             ယခုတလော မြန်မာနိုင်ငံရဲ့ အဓိကပဲဖောက်သည် အိန္ဒိယနိုင်ငံရဲ့သတင်းတွေမှာ ပဲအထွက်မြင့်တက်လို့ ဒီနှစ်ပြည်ပက ပဲလျှော့သွင်းရမယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ဆိုသလို တွေ့နေရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က သတင်းတစ်ခုမှာ ၂ဝ၁ဝ-၁၁ (ဇူလိုင်- ဇွန်) သီးနံှရာသီအတွင်း မနှစ်က တင်သွင်းခဲ့တဲ့ ပဲမျိုးစုံတန်ချိန် ၃ ဒသမ ၅ သန်းထက် ၁၄ ဒသမ ၂၈ ရာခိုင်နှုန်းလျော့ကျပြီး တန်ချိန် ၃ သန်းလောက်သာ သွင်းရမယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။ မေလ ၅ ရက်နေ့ သတင်းတစ်ခုမှာလည်း ၂ဝ၁ဝ-၁၁ အတွင်း ပဲမျိုးစုံတန်ချိန် ၂ ဒသမ ၇၅ သန်း တင်သွင်းခဲ့ရတယ်လို့ အစောပိုင်းခန့်မှန်းခဲ့ပြီး ဧပြီလ ၁ ရက်မှာ စတင်တဲ့ လက်ရှိ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း ပဲမျိုးစုံတင်သွင်းမှုဟာ တန်ချိန် ၁ ဒသမ ၅ သန်းမှ ၁ ဒသမ ၇၅ သန်းဝန်းကျင်သာ တင်သွင်းရလိမ့်မယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားပြန်ပါတယ်။ ပဲအထွက်မြင့်တက်အောင် အထူးစီမံကိန်းများနဲ့ ဆောင်ရွက်               လူဦးရေထူထပ်များပြားပြီး ပဲကို အဓိကထားစားသုံးတဲ့ အိန္ဒိယနိုင်ငံဟာ ပြည်တွင်းမှာ စားနပ်ရိက္ခာရောင်းချမှု ဖူလုံအောင်နဲ့ ပြည်တွင်းမှာ ထုတ်လုပ်မှု မြင့်တက်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားနေသလို အစိုးရအနေနဲ့လည်း နိုင်ငံရေး တည်ငြိမ်မှုရရှိဖို့ အရေးပါတဲ့ ကုန်စည်ဈေးနှုန်း မတက်အောင် ငွေကြေးဖောင်းပွမှုမရှိအောင် ဘက်ပေါင်းစုံက ဆောင်ရွက်နေ တာတွေ့ရပါတယ်။ ပဲအထွက်မြင့်တက်အောင် ဆောင်ရွက်မှုတွေအနေနဲ့ အထူးစီမံကိန်း တစ်ရပ်ဖြစ်တဲ့ ပဲမျိုးစုံအရှိန်အဟုန် မြင့် ထုတ်လုပ်မှုအစီအစဉ် (A3P) လို စီမံကိန်းတွေနဲ့ ဆောင်ရွက်နေသလို ပဲမျိုးစေ့သစ်များ ထုတ်လုပ်ပြီး၊ စောစီးစွာ ရင့်မှည့်ထွက်ရှိတဲ့ အထွက်နှုန်းကောင်းတဲ့ မျိုးစေ့တွေ စိုက်ပျိုးဖို့ သုတေသနနဲ့ နည်းပညာကောင်းတွေနဲ့ လေ့ကျင့် သင်ကြားပေးတာတွေကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထောက်ပံ့မှုအစီအစဉ်တွေကြောင့် ပဲပိုစိုက်လို့ အထွက်တိုး                ဒါတင်မကသေးပါဘူး။တောင်သူတွေ ပဲပိုစိုက်ချင်လာအောင် စိုက်ဧရိယာတွေတိုးခဲျ့ လာအောင်လည်း အဓိကကျတဲ့ ပဲတွေအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း (MSP) တွေကိုလည်း တစ်နှစ်ထက်တစ်နှစ် တိုးမြင့်ပြီး တွန်းအားပေးနေတာတွေလည်း သိရပါတယ်။ အဲဒီလို ထောက်ပံ့စီစဉ်ပေးမှုတွေကြောင့်လည်း အိန္ဒိယစိုက်ပျိုးရေး ဝန်ကြီးဌာန က ထုတ်ပြန်တဲ့ စာရင်းတွေအရ ၂ဝ၁ဝ-၁၁ အတွင်း ပဲမျိုးစုံစိုက်ဟက်တာ ၂၃ ဒသမ ဝ၅ သန်း စိုက်ခဲ့လို မနှစ်ကထက် ၁၂ ရာခိုင်နှုန်း ပိုမိုလာခဲ့တာဖြစ်ပါတယ်။ ဒီလိုစိုက်ဧကတွေ ပိုတိုးစိုက်လာသလို ပဲစိုက်ချိန် ရာသီဥတုကလည်း အိန္ဒိယတောင်သူတွေကို မျက်နှာ သာပေးခဲ့လို့ ၂ဝဝ၉-၁ဝ မှာထွက်ရှိတဲ့ တန်ချိန် ၁၄ ဒသမ ၆၆ သန်းထက် ဒီနှစ်မှာ ၁၈ ရာခိုင်နှုန်း မြင့်တက်ပြီး တန်ချိန် ၁၇ ဒသမ ၂၉ သန်းအထိ ရှိလာမယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဈေးမတက်အောင်လည်း စီမံ                    ဒီလိုအထွက်ပိုလာအောင် ဆောင်ရွက်နေတာတင်မက လျင်မြန်စွာတိုးတက်နေတဲ့ လူဦးရေကို အမီလိုက်ထုတ်လုပ်နိုင်ခြင်း မရှိသေးလို့ ကုန်ဈေးနှုန်းတွေ ကြီးမြင့်မှုမရှိရအောင်လည်း အစီအမံ ပေါင်းများစွာ ချမှတ်တာလည်း တွေ့ရပါတယ်။ ပြည်တွင်းမှာ ရောင်းချမှု မပြတ်လပ်ရအောင် ကာဘူလီကုလားပဲကလွဲပြီး အခြားပဲ မျိုးစုံကို ပြည်ပတင်ပို့မှု ပိတ်ပင်တာကိုလည်း တစ်နှစ်ပြီး တစ်နှစ် သက်တမ်းတိုးနေသလို ပြည်ပက တင်သွင်းပဲတွေကို ဈေးကွက် ပေါက်ဈေးထက် တစ်ကီလို ရူပီး ၁ဝ (ကန်ဒေါ်လာ ဝ ဒသမ ၂၂) လျှော့ပြီး အများပြည်သူဖြန့်ဝေရေးအစီအစဉ် (PDS ) နဲ့လည်း ပြည်သူတွေကို ထောက်ပံ့ပေးနေပြီး အဲဒီလို ဖြန့်ဝေပေးဖို့ တင်သွင်း လာတဲ့ နိုင်ငံပိုင် အဖွဲ့အစည်းတွေကိုလည်း ဆုံးရှုံးနစ်နာမှုအတွက် ပြန်လျော်ပေးတဲ့အနေနဲ့ ၁၅ ရာခိုင်နှုန်းထောက်ပံ့ ပေးမှုတွေလည်း လုပ်ပေးပါတယ်။ ပြည်ပနိုင်ငံတွေမှာလည်း လယ်ယာစိုက်ပျိုးဖို့ ရင်းနှီးမြှပ်နှံ                       ကျားကြီးခြေရာကြီးဆိုသလို ခြေလှမ်းကျယ်တဲ့ အိန္ဒိယနိုင်ငံဟာ ပြည်တွင်းလိုအပ်ချက်ပြည့်မီဖို့ တခြားနိုင်ငံတွေကို အားထားနေရမှု လျှော့ချဖို့အတွက် အီသီယိုးပီးယားလို အာဖရိကနိုင်ငံတွေမှာ ပဲမျိုးစုံ ထုတ်လုပ်ဖို့ အိန္ဒိယတောင်သူတွေနဲ့ ရင်းနှီးမြှပ်နံှမှုတွေ တိုးခဲျ့လုပ်နေပါတယ်။ ဒါ့အပြင် နိုင်ငံပိုင် အဖွဲ့အစည်း ဦးဆောင်တဲ့ ကုမ္ပဏီအစု အဖွဲ့ကလည်း လက်တင်အမေရိကားမှာ ကန်ထရိုက်လယ်ယာစနစ်နဲ့ ပဲမျိုးစုံစိုက်ပျိုးဖို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ကနေဒါနဲ့ မာလာဝီတို့ကလည်း  အိန္ဒိိယဈေးကွက်ကို မျက်စိကျ                  အဲဒီလို အိန္ဒိယက အခြားပြည်ပနိုင်ငံတွေမှာ ပဲထုတ်လုပ်ဖို့ စီမံဆောင်ရွက်နေသလို ပဲဝါလေးအဓိကထုတ်တဲ့ ကနေဒါနဲ့ ပဲစင်းငုံ ထုတ်လုပ်တဲ့ မာလာဝီနိုင်ငံတွေကလည်း ဈေးကွက်ကြီးမားတဲ့ အိန္ဒိယ ကို မျက်စိကျပြီး ဈေးကွက်ပိုရရှိရေး ကြိုးပမ်းနေကြတာလည်း တွေ့ရပါတယ်။ ပဲစင်းငုံကို ဈေးသက်သက်သာသာနဲ့ ရောင်းချနေတဲ့ မာလာ ဝီအစိုးရက အိန္ဒိယရဲ့ လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းနိုင်ရေး ပဲတောင်သူတွေ ပဲပိုစိုက်ဖို့ တွန်းအားပေးနေလို့ လက်ရှိမှာ ပဲမျိုးစုံတန် ချိန် ၅ဝဝဝဝ ခန့် တင်ပို့နေရာက ပမာဏများများတင်ပို့မယ့် အလား အလာတွေရှိနေပါတယ်။ ကနေဒါက အိန္ဒိယရဲ့ ပဲစင်းငုံဈေးကွက်ကို သိမ်းပိုက်ဖို့ အစားထိုးပဲများနဲ့ စမ်းသပ်                   ကမ္ဘာ့ပဲတင်ပို့မှုမှာ ထိပ်ဆုံးကပြေးနေတဲ့ ကနေဒါနိုင်ငံကလည်း ရရှိပြီးသာ ဈေးကွက်ဝေစုနဲ့ အားမရလို့ ၂ဝ၁၁ ခုနှစ်မတ်လမှာ ဒုတိယဝန်ကြီးအဆင့် ဦးဆောင်ပြီး ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ ဟာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာနိုင်ငံတွေကို ခြေဆန့်ခဲ့ပြန်ပါတယ်။ ကနေဒါနိုင်ငံရဲ့ ပဲဝါလေးတင်ပို့မှု စတုတ္ထအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ရိုးရာအစားအစာတွေကို ပဲရာဇာ (အစိမ်း)နဲ့ အစားထိုး အသုံးပြုဖို့ စမ်းသပ်ခဲ့ရာမှ စတင်လက်ခံလာပြီလို့ သိရပါတယ်။ အိန္ဒိယပြည်သူတွေဟာ ပဲစင်းငုံကို အဓိကစားသုံးပြီး အခုလို ပဲရာဇာ (အစိမ်း)ကို လက်ခံစားသုံးမှု လေ့လာချက်အရ အိန္ဒိယတင်သွင်းနေတဲ့ ပဲစင်းငုံဈေးကွက် ၂ဝ ရာခိုင်နှုန်း၊ တစ်နည်းဆိုရင် တန်ချိန် ၂ သိန်း လောက်ရရှိတဲ့ ဈေးကွက်ကို ကနေဒါ ရယူသွားမယ့် အလားအလာကို တွေ့ရပါတယ်။ ဈေးသက်သာတဲ့ ပဲဝါလေးကို အိန္ဒိယကုန်သည်နဲ့ စားသုံးသူတွေ ပိုစိတ်ဝင်စားလာ                      ဒါ့အပြင် အိန္ဒိယနိုင်ငံမှာ ပဲမျိုးစုံဈေးနှုန်း ခေါင်ခိုက်ခဲ့တဲ့ ၂ဝဝ၉ ခုနှစ်မှာ ဈေးသက်သက်သာသာနဲ့ရတဲ့ ကနေဒါ၊ ယူကရိန်းနဲ့ အမေရိကန်တို့က ပဲဝါလေးကို ဈေးကွက်ဖြန့်ဖို့ ကုန်သည်တွေ ပိုကြိုက်လာ ကြသလို စားသုံးသူတွေကလည်း ဈေးကြီးမြင့်တဲ့ ပဲစင်းငုံအစားထိုး ပဲဝါလေးသုံးစွဲမှုလည်း ကြီးထွားလာခဲ့တယ်လို့ ဆိုပါတယ်။ လတ်တလောအိန္ဒိယမှာ ပဲမျိုးစုံဈေးနှုန်းတွေထက်ဝက်နီးပါးကျဆင်း လာနေပေမဲ့ ပဲဝါလေးခွဲခြမ်းဈေးက နိုင်ငံတစ်ဝန်းလုံးမှာ တစ်ကီလို ရူပီး ၁၅-၁၈ (ကန်ဒေါ်လာ ဝ ဒသမ ၃၄-ဝ ဒသမ ၄၁ )နဲ့ ဈေးအချိုဆုံးဖြစ်လို့ နေပါတယ်။ ဒါကြောင့်လည်း နိုင်ငံပိုင် အေဂျင်စီ တွေက အမြတ်အစွန်းပိုရတဲ့ ပဲဝါလေးလို ပိုသွင်းမယ်လို့ ဆိုပါတယ်။ ဒီနှစ်တင်သွင်းမယ့် ပဲပမာဏရဲ့ ထက်ဝက်နီးပါးဟာ ပဲဝါလေးပဲ ဖြစ်မယ်လို့လည်း လေ့လာဆန်းစစ်သူတွေက သုံးသပ်ထားတာ တွေ့ရပါတယ်။ လျှော့သွင်းမယ့်ပဲ ဘာပဲလဲ                    အိန္ဒိယ နိုင်ငံဖက်က ရရှိတဲ့ သတင်းတွေအရ ဒီနှစ်မှာ ပဲမျိုးစုံ တင်သွင်းမှု ပုံမှန်ထက် တစ်သန်းလောက် လျော့ကျမယ်ဆိုတော့ လျှော့သွင်းမယ့်ပဲတွေက ဘာပဲတွေလဲဆိုတာ ပဲတင်ပို့နိုင်ငံတွေအနေ နဲ့ လေ့လာထားသင့်ပြီ ဖြစ်ပါတယ်။ ၂ဝ၁ဝ-၁၁ ရဲ့ မိုးနဲ့ဆောင်း ပဲအထွက်ခန့်မှန်းထားတာတွေကတော့ မတ်ပဲက မနှစ်ကထက် ၄၈ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၈၂ သန်း၊ ပဲစင်းငုံက ၂၉ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၃ ဒသမ ၁၅ သန်းနဲ့ ပဲတီစိမ်းက ၂၂ ဒသမ ၃၂ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၃၇ ရာခိုင် နှုန်း ထွက်မယ်လို့ ဆိုပါတယ်။ အိန္ဒိယပဲစင်းငုံဈေးကွက်ပေါက်ဈေးက အစိုးရပေးတဲ့ ဈေးအောက်ရောက်လို့ရေ                   ကဲ ဒါဆိုရင် ဆေးဝါးအဖြစ်ရော အဓိကမရှိမဖြစ်အနေနဲ့ပါ စားသုံးတဲ့ ပဲစင်းငုံဟာ အိန္ဒိယဈေးကွက်မှာ မှေးမိန်လာမလားဆိုတာ စဉ်းစားစရာပါ။ သေချာတာတစ်ခုက အိန္ဒိယနိုင်ငံအနေနဲ့ မနှစ်က ပဲလက်ကျန်အချို့နဲ့ အတူ ဒီနှစ်ပဲစင်းငုံက အထွက်ပိုခဲ့လို့ မြန်မာနိုင်ငံ က နှစ်စဉ်တင်သွင်းနေတဲ့ ပမာဏထက် လျော့တာကတော့ အထင် အရှားပါပဲ။ အိန္ဒိယဈေးကွက်ထဲကို ကြည့်မယ်ဆိုရင်လည်း ဇန်နဝါရီ လကုန်ပိုင်းကနေ ပဲစင်းငုံရိတ်သိမ်းမှု စတင်ခဲ့တာ အခုချိန်ထိ အချို့ ပြည်နယ်တွေမှာ ရိတ်သိမ်းနေဆဲ ဖြစ်ပါတယ်။ ဈေးကွက်တွေကို ပဲအသစ်ဝင်ရောက်မှု မရပ်သေးလို့ ဈေးကွက်ပေါက်ဈေးက အစိုးရ ပေးတဲ့ အနိမ့်ဆုံးထောက်ပံ့ဈေး (MSP ) ရူပီး ၃ဝဝဝဝ (ကန်ဒေါ်လာ ၆၇၃) အောက်ကျနေတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း နိုင်ငံပိုင်အေဂျင်စီတွေနဲ့ ဈေးမြင့်ပေးဝယ်ထားတဲ့ ပုဂ္ဂလိက ကုမ္ပဏီ တွေအနေနဲ့ လက်ရှိဈေးထက် မြင့်စေလိုနေကြပါတယ်။ ဒါပေမဲ့လည်း လတ်တလောမှာ အိန္ဒိယ ပဲမျိုးစုံဈေးက ကုလားပဲကလွဲပြီး ကျန်ပဲတွေ အကျဘက်ဆင်းနေတာတွေ့ရပါတယ်။ သတင်းကို လေ့လာသုံးသပ်ဖို့လို                        ဒီလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံက ပဲတင်ပို့သူတွေအနေနဲ့ အိန္ဒိယက ပဲလျှော့သွင်းမယ်ဆိုတဲ့သတင်းအပေါ် နည်းလမ်းပေါင်းစုံနဲ့ လေ့လာသုံးသပ်သင့်ပါပြီ။ လတ်တလော တကယ်တမ်းထွက်ရှိလာတဲ့ သတင်း နှစ်ပုဒ်မှာ ပထမသတင်းအနေနဲ့ ၂ဝ၁ဝ-၁၁ (နှစ်စဉ် ဇူလိုင်လမှ နောက်နှစ် ဇွန်လအထိ) သီးနံှရာသီမှာ တန်ချိန် ၃ သန်း လောက်သွင်းခဲ့တယ်လို့ ဆိုထားပြီး ဒုတိယသတင်းအနေနဲ့ ၂ဝ၁ဝ- ၁၁ အတွင်း တန်ချိန် ၂ ဒသမ ၇၅ သန်းဝန်းကျင်သွင်းခဲ့တယ်လို့ ဆိုထားပြန်ပါတယ်။ အဲဒီသတင်းတွေအရ ၂ဝ၁ဝ-၁၁ ခုနှစ်မှာ ပဲ တင်သွင်းမယ့် ပမာဏကိုလည်း ပြောင်းလဲခန့်မှန်းထားတာတွေ့ရှိရပါတယ်။ မီဒီယာကို ဗျူဟာတစ်ရပ်လို အသုံးချတာမခံရဖို့လည်း သတိရှိစေချင်                အိန္ဒိယနိုင်ငံအနေနဲ့ မီဒီယာကို ဗျူဟာတစ်ရပ်လို အသုံးချပြီး ပဲရောင်းချနိုင်ငံတွေကို ဖိအားပေးနေသလားဆိုတာလည်း ထည့်သွင်း စဉ်းစားရမယ့်အချက်ပါပဲ။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အအေးလှိုင်း ရာသီ ဥတုကြောင့် အိန္ဒိယပဲအထွက်လျော့မယ်လို့ သတင်းဖြန့်ပြီး ပဲအသစ်စပေါ်ချိန် အိန္ဒိယမှာရော မြန်မာနိုင်ငံမှာပါ အိန္ဒိယကုမ္ပဏီ အချို့ဈေးကစားခဲ့သေးတယ်လို့ ကုန်သည်ကြီးတစ်ဦးက ဆိုထားပါတယ်။ အဲဒီလို ဈေးမြှောက်ခဲ့တဲ့ အချိန် ဝယ်လှောင်ထားမိတဲ့ ကုန်သည်ကြီးများ ဈေးတွေတရိပ်ရိပ်ကျလာတော့ မလူးသာမလွန့်သာနဲ့ ပိုက်မိ နေတာ အိန္ဒိယမှာရော ကျမတို့ပြည်တွင်းမှာပါ ရှိနေတယ်လို့ ဆိုပါတယ်။ ဆိုလိုချင်တာကတော့ ရရှိတဲ့ သတင်းနဲ့ တကယ့်မြေပြင် အခြေအနေတွေကို စဉ်းစားချင့်ချိန်နိုင်မှသာ တန်ကာကျမယ်ဆိုတာပါပဲ။ ပြည်တွင်းပဲ အထွက်ကောင်းဖို့ အသင်းရဲ့ အစီအမံ                      အိန္ဒိယက တကယ်လျှော့သွင်းမယ်ဆိုရင် မြန်မာနိုင်ငံက ထုတ်လုပ်ထားတဲ့ ပဲတွေကို ဘယ်လိုအစီအမံတွေ လုပ်မလဲဆိုတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှမ်းကုန်သည်များအသင်း၊ အတွင်းရေးမှူး ဦးမင်းကိုဦးက ခုလိုပြောပြပါတယ်။ '' ပဲလျှော့သွင်းမယ့်သတင်း ဖြစ်နိုင်ချေရှိမရှိ လေ့လာမယ်၊ လျှော့သွင်းမယ့် ပဲက ဘာပဲတွေလည်းဆိုတာ စုံစမ်းမယ်၊ ကိုယ့်ဘက်က ပဲတွေကို မြန်မြန်ဆန်ဆန်တင်ပို့နိုင်မယ့်နည်းလမ်းတွေကို အမြန်ဆုံးစီမံပါမယ်။ လက်ရှိ အခြေအနေအရ ဈေးကျဆင်းမှုရှိပေမဲ့ မတ်ပဲက ပုံမှန်အရောင်း အဝယ်ဖြစ်နေပါတယ်။ ပဲတီစိမ်းအနေနဲ့ မိုးမိပဲတစ်ချို့ အရည်အသွေး နိမ့်တဲ့အတွက် ဈေးလျော့သလို လတ်တလော တရုတ်က အဝယ် နည်းတယ်ဆိုပေမဲ့ အထိုက်အလျောက် ရောင်းဝယ်မှုရှိပါတယ်။ ပဲစင်းငုံလည်း ဟိုဘက်မှာဈေးကျလို့ ဒီမှာ ဈေးလျော့လာတယ်ဆိုပေ မဲ့ အရောင်းအဝယ်အသင့်အတင့်ဖြစ်နေပါတယ်။ မေလ၊ ဇွန်လမှာ တင်ပို့မှုများနိုင်ပါတယ်။ ကျွန်တော်တို့ သတိထားရမှာက အာဖရိက ပဲစင်းငုံတွေ ဇွန်၊ ဇူလိုင်လမှာ ဈေးချပြီးဝင်လာတတ်တဲ့အတွက် အဲဒီကာလအတွက် ကြိုတင်ပြင်ဆင်စရာရှိတာ စီမံသွားမယ်လို့''ဆိုပါတယ်။ ရောင်းသင့်တဲ့ အချိန် မရောင်းမိလို့ ပိုက်မိနေတာလည်း ပြဿနာ                    အိန္ဒိယပဲလျှော့သွင်းမယ့် သတင်းတွေ၊ လက်ရှိပြည်တွင်းမှာ ဖြစ်နေတဲ့ အခြေအနေတွေအရ ဝါရင့်ကုန်သည်ကြီး တစ်ဦးကလည်း ''အိန္ဒိယ ဝယ်လက်တွေ ဒီနှစ်ပဲစင်းငုံဝယ်တဲ့ ပမာဏလျော့တယ်။ အဝယ်ရှိတဲ့ ပဲတွေကျတော့လည်း ဒီဘက်က ကုန်သည်တွေဈေးမကိုက်တော့ အရောင်းအဝယ်အထိုက်အလျောက်ဖြစ်ပေမဲ့ အရင်နှစ်တွေလို မှန်မှန်သွက်မနေဘူးပေါ့ဗျာ။ ပဲစပေါ်ချိန် ဈေးအမြင့်နဲ့ ဝယ်ယူထားတဲ့ ကုန်သည်ကြီးတွေ လက်ရှိဈေးနဲ့ မကိုက် တော့ ပိုက်မိနေကြတယ်။ ဒီတော့ ငွေလည်ပတ်မှုမရှိဘဲ ငွေကြပ်တဲ့ ပြဿနာဖြစ်ရတာပေါ့။ အမှန်တော့ ရောင်းသင့်တဲ့ အချိန်မှာ မရောင်းမိကြလို့ ဒီလိုဖြစ်ရတာပါလို့'' ထောက်ပြပါတယ်။              အိန္ဒိယဖက်က အဖြစ်မှန် သတင်းတွေကို ရရှိအောင် ဆောင် ရွက်ပြီး ပဲတင်ပို့မှုကို ဘယ်လိုစနစ်နဲ့စီမံဆောင်ရွက်မလဲဆိုတာ စဉ်းစား သင့်ပါပြီ။ ပဲ Supply Chain  မှ ပါဝင်သူတွေ၊ အသင်းအဖွဲ့တွေ အနေနဲ့ နောင်နှစ်တွေမှာဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ ပဲနဲ့ အခြား သီးနံှတွေကို ဦးစားပေးစိုက်ပျိုးဖို့၊ အိန္ဒိယဈေးကွက်အစား အခြား ဈေးကွက်တွေကို တိုးခဲျ့ဖို့ ပဲကုန်ကြမ်း ဈေးကွက်အားနည်းရင် တန်ဖိုး မြင့်ထုတ်ကုန်တွေထုတ်ပြီး ဈေးကွက်ရှာဖို့ ဒါမှမဟုတ် ကနေဒါ နည်းလမ်းကို နမူနာယူပြီး အိန္ဒိယအပြင် တစ်ခြားပဲစားသုံးတဲ့ နိုင်ငံတွေမှာ ပဲစင်းငုံပိုစားဖို့ လေ့ကျင့်ဈေးကွက်ရှာဖို့ ကြိုးစားကြမလား၊ အဲဒီလိုမှ မဟုတ်သေးဘူး ဆိုရင် အိန္ဒိယစားသုံးသူတွေလည်း ဝယ်ယူစားသုံးနိုင်ပြီး တိုးမြှင့်ထုတ်လုပ်ဖို့ မစဉ်းစားတဲ့ဈေးနှုန်းမျိုးနဲ့ ရောင်းနိုင်အောင် မိမိတို့နိုင်ငံမှာ ထုတ်လုပ်မှုကုန်ကျစရိတ် နည်းနည်း နဲ့ စိုက်ပျိုး ထုတ်လုပ်တင်ပို့နိုင်ဖို့ ဆောင်ရွက်ကြမလား စဉ်းစားစရာပါပဲ။ ကမ္ဘာ့ နိုင်ငံတိုင်းက မိမိတို့ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံအောင်၊ တိုးမြှင့် ထုတ်လုပ်တင်ပို့နိုင်အောင် ဆောင်ရွက်နေကြတာဖြစ်လို့ မိမိ တို့ နိုင်ငံအနေနဲ့ ကမ္ဘာ့ပဲဈေးကွက်မှာ ဒုတိယအများဆုံး တင်ပို့မှု နေရာက ထပ်မကျဆင်းရအောင် စိုက်ပျိုးထုတ်လုပ်သူ၊ ကုန်သည်၊ ပြည်ပ တင်ပို့သူတွေ၊ အသင်းအဖွဲ့နဲ့ သက်ဆိုင်ရာဌာနများ ပူးပေါင်း ဆွေးနွေးပြီး ပိုမိုကောင်းမွန်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေ ချမှတ်ဖို့ လိုပါကြောင်း နှိုးဆော်လိုက်ပါတယ်။ ယမင်းရွှေစင်