အိန္ဒိယ ပဲမျိုးစုံထုတ်လုပ်မှုမြှင့်တင်ဖို့ အစိုးရ ဝယ်ယူမှုကို စဉ်းစားသင့် အိန္ဒိယပဲမျိုးစုံထုတ်လုပ်မှု မြင့်တက်စေဖို့ အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း တစ်မျိုးတည်းနဲ့လုံလောက်မှုမရှိတာကြောင့်မူဝါဒရေးဆွဲသူများအနေနဲ့ စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ဖို့ အစိုးရဝယ်ယူမှုကိုလည်း စဉ်းစားရမှာဖြစ်ပါတယ်လို့ အိန္ဒိယ စီမံခန့်ခွဲမှု တက္ကသိုလ်မှ ပါမောက္ခ G. Chandra shekhar က သုံးသပ်ဖော်ပြထားပါတယ်။ အိန္ဒိယရဲ့ အောင်မြင်မှုရနေတဲ့ နည်းပညာ၊ သတင်းအချက်အလက် နည်းပညာ ကျွမ်းကျင်မှုနဲ့ ဇီဝနည်းပညာသုတေသန စွမ်းဆောင်နိုင်မှုများကို အားလုံး သိပြီးဖြစ်ပါတယ်။ အခြားစီးပွားရေးတိုးတက်နေပြီး စက်မှုလုပ်ငန်းမြောက်မြားစွာ တိုးတက်နေပေမဲ့ စိုက်ပျိုးရေးကဏ္ဍကတော့ နောက်ကျနေဆဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ စိုက်ပျိုးတိုးတက်ဖို့ ရက်ပေါင်း ၂၇ဝ နေရောင်ရရှိခြင်း၊ နှစ်စဉ်မိုးရေချိန် မီလီမီတာ ၉ဝဝ၊ စိုက်ပျိုးရေးဆိုင်ရာ ရာသီဥတု အပြောင်းအလဲရှိခြင်း၊ နိုင်ငံတစ်ဝန်း မြစ်ပေါင်းရာကျော်ရှိနေခြင်း၊ စိုက်ပျိုးနိုင်တဲ့ မြေဟက်တာသန်း ၁၅ဝ ခန့်ရှိခြင်း၊ ဇီဝမျိုးကွဲများစွာရှိခြင်းနဲ့ လယ်ယာလုပ်သားမိသားစုသန်းပေါင်း ၁၃ဝ ကျော် တည် ရှိနေပါတယ်။ မကြာသေးခင်နှစ်များက ကမ္ဘာ့ဝါအများဆုံး ထုတ်လုပ်တင်ပို့ သူဖြစ်ခဲ့သလို ပြောင်းထုတ်လုပ်မှုမှာလည်း ယခုနှစ်မှာ တန်ချိန် သန်း ၂ဝ ကျော်ခဲ့ပါတယ်။ တိုးတက်မှုနှုန်းနည်း အဲဒီလိုအောင်မြင်မှုတွေရရှိပေမဲ့ စိုက်ပျိုးရေးဆိုင်ရာအခြေအနေ ခြုံငုံကြည့်ရင်တော့ လက်ရှိအချိန်ထိ စိတ်ကျေနပ်ဖွယ်မရှိသေးပါဘူး။ စိုက်ပျိုးရေး ကဏ္ဍမှာ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်အတွင်း နှစ်စဉ်ပျမ်းမျှတိုးတက်နှုန်းဟာ ၂ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ပါတယ်။ စိုက်ပျိုးရေးကုန်စည် အထူးသဖြင့် စားနပ် ရိက္ခာထုတ်ကုန် ဝယ်လိုအားကတော့ GDP တိုးတက်လာခြင်းနဲ့ လူဦးရေ တိုးပွားမှုတို့ကြောင့် တိုးတက်လျက်ရှိနေပါတယ်။ ထုတ်လုပ်မှုက လိုအပ်တာထက် လျော့နည်းနေတာကြောင့် ပြည်တွင်းပြတ်လပ်ပြီး ကမ္ဘာ့ဈေးကွက်အတွင်း တင် သွင်းနေရမှုအပေါ် မှီခိုမှု တိုးတက်လာခဲ့ပါတယ်။ ဆီထွက်သီးနံှနဲ့ ပဲမျိုးစုံဟာ စီးပွားဖြစ်သီးနံှများဖြစ်ပြီး ပြည်တွင်းထုတ်လုပ်မှုထက် လိုအပ်ချက်က ပိုမိုနေတာကြောင့် တင်သွင်းမှုများခြင်းနဲ့အတူ ပြည်တွင်း ဈေးကွက်က ကမ္ဘာကို လွှမ်းမိုးလာခဲ့ပါတယ်။ ၂ဝ၁ဝ-၁၁ ခုနှစ်မှာ ပဲမျိုးစုံပေါများခဲ့ တာကြောင့် ပဲမျိုးစုံဈေးသက်သာလာခဲ့ပါတယ်။ စိုက်ဧရိယာဟာလည်း ဟက်တာ ၂၆ သန်းအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ထွက်ရှိမှုကလည်း ယခင်နှစ်က တန်ချိန် ၁၄ ဒသမ ၇ သန်းမှ ၁၇ ဒသမ ၃ သန်းကျော်ထိ ထွက်ရှိခဲ့ပါတယ်။ (၁၁) ကြိမ်မြောက် ၅ နှစ်စီမံကိန်းရဲ့ အဆုံးပိုင်းနှစ်ဖြစ်တဲ့ ၂ဝ၁၁-၁၂ အတွင်း ရာသီဥတုကလည်း ဆက်လက်ကောင်းမွန်နေဦးမှာဖြစ်လို့ ပဲမျိုးစုံစိုက်ဧရိယာရော အထွက်ပါဆက်လက်တိုးတက်နေဦးမှာဖြစ်ပါတယ်။ သီအိုရီပိုင်းအရ အဲဒီအချက် တွေ မှန်ကန်နေပေမဲ့ ဖြစ်ပျက်လာမယ့် အခြေအနေကိုတော့ စောင့်ကြည့်ရအုံး မှာဖြစ်ပါတယ်။ လတ်တလောအထွက်နှုန်းဟာ တစ်ဟက်တာကို ကီလို ၆ဝဝ- ၆၂ဝ ခန့်နဲ့ အလွန်နိမ့်ကျနေပြီး ကမ္ဘာ့ပျမ်းမျှအထွက်ရဲ့ထက်ဝက်အောက် ကနေဒါ အထွက်နှုန်းရဲ့ သုံးပုံတစ်ပုံသာရှိနေပါတယ်။ အိန္ဒိယမှာ မိုးရေခံစိုက်ပျိုးမြေများပြီး ရောဂါပိုး ကျရောက်လွယ်ကာ မျိုးစေ့နည်းပညာဖွံ့ဖြိုးမှုမရှိဘူးလို့ ဆိုပါတယ်။ အဆုံးထိ ဖြေရှင်းဖို့ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင် လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများနဲ့ အထွက်နှုန်း၂ ဆ (သို့မဟုတ်) တစ်ဟက်တာကီလို ၁ဝဝဝ ရရှိဖို့ ဆိုတာ မလွယ်ကူပါဘူးလို့ ဆိုပါတယ်။ ပဲမျိုးစုံအတွက် ရည်မှန်းချက် ပဲမျိုးစုံအတွက် ပထမရည်မှန်းချက်အနေနဲ့ လက်ရှိအထွက်နှုန်း ၁ ဟက်တာ ၆ဝဝ ကီလိုဝန်းကျင်မှ ကီလို ၇ဝဝ အထိ တိုးမြှင့်သင့်ပါတယ်။ ပဲစိုက်ဧရိယာ တစ်ဟက်တာကို ပျမ်းမျှကီလို ၇ဝဝ ထွက်ရှိမယ်ဆိုရင် ဟက်တာ ၂၅ သန်းမှ တန်ချိန်၁၇ ဒသမ ၅ သန်းထွက်မယ်လို့ ဆိုပါတယ်။ တနည်းအားဖြင့် ၁ ဟက် တာကို ပျမ်းမျှကီလို ၁ဝဝ နှုန်းတိုးမယ်လို့ ဆိုရင် ပဲတန်ချိန် ၂ ဒသမ ၅ သန်းပိုမို ထွက်ရှိမှာဖြစ်လို့ ပဲတင်သွင်းမှု အားထားရခြင်းကို လျော့ကျမှာဖြစ်သလို ကမ္ဘာ့ ဈေးနှုန်းလည်း ကျဆင်းလာမှာဖြစ်ပါတယ်။ အများပြည်သူဖြန့်ဝေရေးအတွက် ဝယ်ယူမှု ပဲစိုက်ပျိုးသူများဟာ ဝယ်ယူရေး မူဝါဒကြောင့် ဆန်နဲ့ ဂံျုစိုက်ပျိုးသူတွေလို အလွယ်တကူ အဆင်သင့် ဈေးကွက်ရောင်းချရတဲ့ အခွင့်အလမ်းမရှိဘူးလို့ ဆိုပါတယ်။ ဗဟိုအစိုးရအနေနဲ့ ဆန်၊ ဂံျုနဲ့ သကြားတို့ကို အများပြည်သူဖြန့်ဝေရေး စနစ်မှတစ်ဆင့်ဝယ်ယူပြီး ဖြန့်ဝေနိုင်ရင် ပဲမျိုးစုံကိုရော ဘာကြောင့်မလုပ်နိုင် တာလဲ။ ကျန်းမာရေးအတွက်ရော ဈေးသက်သာဖို့အတွက် ပဲမိုျးစုံဟာ ပြည်သူ တွေ အတွက် သကြားထက်ပိုအရေးပါပါတယ်။ ဒါကြောင့် လက်ရှိအထွက်နှုန်းကနေ တစ်ဟက်တာ ကီလို ၇ဝဝ ထိ တိုးမြှင့် သင့်ပါတယ်။ အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းတစ်ခုထဲနဲ့ ထုတ်လုပ်မှုကို တိုးမြှင့်နိုင်မှာ မဟုတ်တဲ့အတွက် စိုက်ပိုျးထုတ်လုပ်သူများ မြှင့်တင်ထုတ်လုပ်နိုင်ဖို့ ဝယ်ယူရေး ဟာ သေချာတဲ့အချက်ပါလို့ ဆိုပါတယ်။ မူဝါဒရေးဆွဲသူများအနေနဲ့ မူဝါဒများနဲ့ အထောက်အပံ့ပေးခြင်းဖြင့် စိုက်ပျိုးသူများ ပမာဏများစွာ ထုတ်လုပ်ဖို့ လယ်ယာ သိပ္ပံဆိုင်ရာ သင့်တော်တဲ့မူဝါဒများ ဖန်တီးရမယ့်အချိန်လို့လည်း ဆိုပါတယ်။ အကယ်လို့သာ တိုက်တွန်းဆောင်ရွက်ကြမယ်ဆိုရင် ပြည်ပက တင်သွင်းမှု အပေါ် မှီခိုနေရမှုကို အသေအချာလျှော့ချနိုင်မှာဖြစ်ပါတယ်လို့ သုံးသပ်ထားပါတယ်။ ဒီဈေးကွက်သတင်းကြောင့် အနာဂတ်မှာ မြန်မာနိုင်ငံက အိန္ဒိယဈေးကွက်ကို အားထားပြီး ပဲတွေစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချဖို့ကို ချင့်ချိန်စဉ်းစားစရာတွေ ဖြစ်လာပါတယ်။ ဈေးကွက်တစ်ခုတည်းကို မှီခိုမဲ့အစား အခြားသင့်တော်တဲ့ ဈေးကွက် တွေကို ထိုးဖောက်ဖို့ ပြင်ဆင်သင့်ပြီလို့ အကြံပြုလိုပါတယ်။ ယမင်းရွှေစင်၊ Source: Businessline
Background