Main menu

Background

အပြည်ပြည်ဆိုင်ရာကို ထိုးဖောက်နိုင်ဖို့ စီးပွားရေးလုပ်ငန်းတွေမှာ ဘာတွေပြင်ဆင်ရမလဲ

Tue, 06/28/2011 - 07:25 -- Anonymous (not verified)

 အပြည်ပြည်ဆိုင်ရာကို ထိုးဖောက်နိုင်ဖို့ စီးပွားရေးလုပ်ငန်းတွေမှာ ဘာတွေပြင်ဆင်ရမလဲ          နိုင်ငံများဟာ မိမိနိုင်ငံရဲ့ ပို့ကုန်တွေ အပြည်ပြည်ဆိုင်ရာဈေးကွက်ထဲကို တိုးခဲျ့ တင်ပို့နိုင်စေဖို့ ဒေသဆိုင်ရာ ပူးပေါင်းမှုတွေ၊ နှစ်နိုင်ငံချင်း ကုန်သွယ်မှု သဘောတူညီစာခုျပ်တွေ (Bilateral Agreement)၊ နိုင်ငံများအကြား ကုန်သွယ်မှု သဘောတူညီတဲ့ စာချုပ်တွေ (Bilateral Agreement) စတာတွေ ချုပ်ဆိုခြင်းတို့နဲ့အတူ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမှာ ပါဝင်လာခဲ့ကြတယ်။ ပုဂ္ဂလိကပိုင်း ဆိုင်ရာမှာလည်း ပြည်ပဈေးကွက်ကို ထိုးဖောက်ဖို့ ကြိုးပမ်းမှုတွေ ရှိလာခဲ့ကြတယ်။        •အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမှာ ပါဝင်လာနိုင်ဖို့ ဘာတွေဘယ်လိုပြင်ဆင်ရမလဲ။     မိမိနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းများကို အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမှာ ပါဝင်လာနိုင်ဖို့၊ အပြည်ပြည်ဆိုင်ရာ ဈေးကွက်တွင် ထိုးဖောက်ဝင်ရောက်ဖု့ိအတွက် အစိုးရဘက်က ဘာတွေဘယ်လို ချောမွေ့အောင် လုပ်ဆောင် ပေးမှာလဲ၊စီးပွားရေးလုပ်ငန်း အစုအဖွဲ့တွေ အနေနဲ့ ဘာတွေဘယ်လိုပြင်ဆင်ရမလဲ ဆိုတာ အဓိက တွေးရမဲ့ အချက်ဖြစ်ပါတယ်။         အပြည်ပြည်ဆိုင်ရာဈေးကွက်မှာ ထိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက် အခြေခံ အဆောက်အဦပိုင်းဆိုင်ရာ၊ သွင်းကုန်ပို့ကုန် အဆင့်ဆင့် လုပ်ဆောင်ချက်များ၊ ကုမ္ပဏီ မှတ်ပုံတင်ခြင်း၊ သင့်တော်သော အခွန်အကောက်နှုန်းထား၊ ငွေ လဲလှယ်မှုနှုန်း စသည်ဖြင့် နိုင်ငံတော် အစိုးရဘက်က မူဝါဒနဲ့ ဥပဒေပိုင်းဆိုင်ရာ အထောက်အပံ့တွေနဲ့ လွယ်ကူချော မွေ့စေဖို့ ကုန်သွယ်မှုကို ဖန်တီးပံ့ပိုးနိုင်ပါတယ်။စီးပွားရေးလုပ်ငန်းတွေဟာ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ပတ်ဝန်းကျင် (International Business Environment)ကို သိရှိနားလည်ဖို့ လိုအပ်ပါတယ်။စီးပွားရေးလုပ်ငန်းတွေကို  မိသားစု စီးပွားရေးလုပ်ငန်း (Family Business) ကနေ တကယ့် ကုန်သွယ်မှု စီးပွားရေးလုပ်ငန်း (Commercial Business)  အဖြစ်ကို ကူးပြောင်းနိုင်ရပါမယ်။ စီးပွားရေးနှင့် ပတ်သက်တဲ့ စီမံခန့်ခွဲမှု (Management) ၊ ဈေးကွက် ရှာဖွေမှု (Marketing)၊ နည်းပညာအသုံးချမှု (Utilization of Technology) ၊ ဘဏ္ဍာငွေရှာဖွေမှု  (Financing)၊ ထုတ်ကုန်ဒီဇိုင်းနှင့် ထုပ်ပိုးမှု (Product Design and Packaging) ၊ အင်္ဂလိပ် စကားပြော ၊ ကွန်ပျူတာအသုံးချမှု၊ ကုန်သွယ်မှုနဲ့ဆိုင်တဲ့ အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ဥပဒေစတဲ့ ဧရိယာတွေမှာ မိမိကိုယ်တိုင်နှင့် မိမိ ဝန်ထမ်း လုပ်ဖော်ကိုင်ဖက်များကို လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်အောင် ပြင်ဆင်ရပါလိမ့်မယ်။ ဆက်သွယ်ရေး နည်းပညာ၊ ထုတ်လုပ်မှုနည်းပညာနှင့် သယ်ယူပို့ဆောင်ရေး စနစ်များ ကောင်းမွန်လာခြင်းစတဲ့ Globalization ရဲ့ ကောင်းကျိုး တွေကို အသုံးချတတ်ရပါမယ်။ နိုင်ငံတကာမှာ ကျင့်သုံးထုတ်လုပ်နေတဲ့ စံချိန်စံညွှန်း (Standard) တွေ သိရှိနားလည်ပြီး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး လုပ်ထုံးလုပ်နည်းများ (International Business Rules and Regulations) နဲ့ စီးပွားရေး လုပ်ငန်းဆိုင်ရာကျင့်ဝတ်များ ( International Business Ethics) ကိုလည်း သိရှိလိုက်နာ ကျင့်သုံးနိုင်ရပါမယ်။ နိုင်ငံအနံှ့အပြားမှာ ဈေးကွက်ကိုဖော်ဆောင်တဲ့ စီးပွားရေးစနစ်တွေ ပြောင်းလဲလာပြီး စီးပွားရေးတံခါးတွေ ဖွင့်ထား ကြပြီဖြစ်ပါတယ်။ ပြင်ပကို ရှေ့ရှုတဲ့မဟာဗျူဟာ ( Outward oriented strategy) ကို ကျင့်သုံးလာခဲ့ကြတဲ့ အတွက် ဈေးကွက်တွေ ကျယ်ပြန့်လာမှု၊ စီးပွားရေးလွပ်လပ်ခွင့်များ ရှိလာခြင်းတို့ကြောင့် အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုမှာ ကုန်စည်ကုန်သွယ်မှု ( Merchandise Trade) သာမက ဝန်ဆောင်မှုကုန်သွယ်မှု (Services Trade)ပါ တိုးတက် လာခဲ့တယ်။           • မိမိနိုင်ငံနဲ့ ကုန်သွယ်မှုများတဲ့ နိုင်ငံတွေက ဘယ်လိုနိုင်ငံတွေလဲ။             မိမိနိုင်ငံနဲ့ ကုန်သွယ်မှုများတဲ့ နိုင်ငံတွေကတော့ အာဆီယံနိုင်ငံတွေနဲ့ အိမ်နီးချင်း တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလား ဒေ့ရှ့်စတဲ့ နိုင်ငံတွေဖြစ်တယ်။ အခြေအနေတွေပေးရင် ပေးသလို အမေရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်းအာရှနဲ့ အာဖရိကအထိ ဈေးကွက်တွေ တိုးခဲျ့ နိုင်ပါတယ်။ လက်ရှိတင်ပို့နေတဲ့ အဓိက ကုန်စည်တွေကတော့ ဆန်၊ ပဲအမျိုးမျိုး၊ ပြောင်း၊ရော်ဘာ၊ ဝါ၊ ဂုံလျှော်စတဲ့ စိုက်ပျိုးရေးထွက်ကုန်များနဲ့ ငါး၊ ပုစွန်အစရှိတဲ့ ရေထွက်ပစ္စည်း၊ သစ်နဲ့သစ်အချောထည် ပစ္စည်း၊ အဝတ်အထည်စတာတွေဖြစ်တယ်။ အဲဒီဈေးကွက်တွေက ဘာတွေကြိုက်ပြီး မိမိကဈေးကွက်ကို ဘယ်လောက် စိုးမိုးနိုင်လဲ၊ စိုမိုးနိုင်ဖို့ ဘာတွေလုပ်ရမှာလဲ။ မိမိနဲ့ ပြိုင်ဘက်တွေက ဘယ်နိုင်ငံတွေလဲ၊ ဘယ်ကုမ္ပဏီတွေလဲ။ မိမိပြိုင်ဖက်အကြောင်းကို မိမိသိပါ။ ( Know your competitors.) မိမိတို့နိုင်ငံက တင်သွင်းနေရတဲ့ ပစ္စည်းတွေကတော့ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားသုံးဆီနဲ့ စက်သုံးဆီတို့ဖြစ်တယ်။       • မိမိတို့ဟာ အခြားဘယ်နိုင်ငံနဲ့ ဘယ်ထုတ်လုပ်မှုတွေမှာ အခွင့်သာနိုင်မလဲ။ နှိုင်းယှဉ်အကျိုးကျေးဇူး ဘာတွေရှိနိုင်မလဲ စဉ်းစားပါ။           ဈေးကွက်တွေကိုကြည့်ရင် ဘယ်နိုင်ငံတွေကဘာတွေလိုအပ်နေသလဲ။ ဘာတွေတင်သွင်းနေရသလဲ။ သူတို့ တင်သွင်း တဲ့ ပစ္စည်းမျိုး မိမိတို့မထုတ်နိုင်ဘူးလား။သူတို့ရဲ့စံသတ်မှတ်ချက် (Standard) တွေက ဘာတွေလဲ။ ဘယ်လို ဒီဇိုင်း ( Design) ၊ ဘယ်လို ထုပ်ပိုးမှုစနစ် ( Packaging System) မျိုးတွေမှ သဘောကျတာလဲ။ စတဲ့စားသုံးသူအကြိုက် ( Customer’s taste) ကို စဉ်းစားဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ပြောင်းပြန် ပြန်စဉ်းစားဖို့လည်း လိုအပ်ပါတယ်။         ကိုယ့်ဆီက ဘာထုတ်ကုန်တွေ ထွက်ရှိနေသလဲ။ အဲဒီထုတ်ကုန်တွေကို ဘယ်လို လူမျိုးတွေက ကြိုက်တတ်မလဲ။ ကြီး ကြီးကျယ်ကျယ် မစဉ်းစားရင်နေပါ။ လက်ရှိ ထုတ်ကုန်ကိုပဲ နိုင်ငံခြားသားတွေ ကြိုက်တတ်အောင် ဘယ်လိုပြုပြင်ပြောင်းလဲမလဲပေါ့။ သူ့အရပ်နဲ့ သူ့ဇာတ်နဲ့ကိုက်ဖို့လိုအပ်တယ်။ ဒီနေရာမှာ ဖောက်သည်တွေ ရဲ့စရိုက် Character ကို ကြည့်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ စာရေးသူရဲ့ အတွေ့အကြုံအရ ဥပမာပေးပါရစေ။ စာရေးသူ အိန္ဒိယမှာ ပါရဂူသင်တန်းသွားတက်စဉ်က တက္ကသိုလ်မှာ နိုင်ငံပေါင်းစုံက လာတက်တဲ့ ကျောင်းသားတွေ ရှိတဲ့အတွက် အပြည်ပြည်ဆိုင်ရာ အစားအစာနဲ့ ယဉ်ကျေးမှုပွဲတော(International Food and Cultural Festival)  လုပ်ပါတယ်။ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှသာ မိမိနိုင်ငံအလံကို လွှင့်ထူခွင့်ရပါတယ်။ စာရေးသူကလည်း သူများ နည်းတူ အားကျမခံ မြန်မာကို ကိုယ်စားပြုပြီး မြန်မာ အလံလွှင့်တင်ခွင့် ရဖို့အရေး (Myanmar Food Stall)တစ်ခုပြုလုပ်ပြီး ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်အရ အယောက် ၁ဝဝ စာ ချက်ပြီး မန္တလေးကြာဇံချက် (Vermicelli Soup) နဲ့ လက်ဖက် သုပ်(Pickled tea leaf salad) နဲ့ ပါဝင်ဆင်နွဲှ ရောင်းချပါတယ်။ မြတ်ဖို့ မဟုတ်ပါ။ (ရှုံှုးနိုင်တယ်လို့လည်းဖ မျှော်လင့်ထားပြီးသား ဖြစ်ပါတယ်။) အဓိက ရည်ရွယ်ချက်ကတော့ ဒီပွဲမှာ ပါဝင်မှု (Participation) လုပ်ချင်တဲ့အတွက် ဖြစ်ပါတယ်။ မိမိနိုင်ငံရဲ့ အစားအစာ ဘယ်လိုရှိသလဲ ဆိုတာရယ်၊ အခြား လူမျိုးတွေသိအောင် Marketing  လုပ်တာပါ။ နောက်အိန္ဒိယနိုင်ငံသားတွေရဲ့ Taste အရ ကြာဇံချက် မကြိုက်ဘူး။ တရုတ်၊ ဂျပန်နဲ့ ဗီယက်နမ်တွေက ကြာဇံချက် ကြိုက်ပါတယ်။ မြန်မာဆိုတာ မသိ၊ မရင်းနှီးတဲ့သူတွေ အများကြီးပါ။ စာရေးသူကတော့ ကူပွန်မဝယ်ရင်နေပါစေ။ နိဗ္ဗာန်ဈေးလို သဘောထားပြီး လက်ဖက်သုပ်တွေ ပန်းကန်အကြီးစား နဲ့ သုပ်ပြီး တစ်ခါသုံး ပန်းကန်၊ ဇွန်းလေးတွေနဲ့ ချထားပေးပါတယ်။Festival  ကို လာတဲ့သူတွေက စိတ်ဝင်စားတဲ့သူတွေက အရင်ဆုံး ဆိုင်ခန်းတွေရဲ့ အခင်းအကျင်း၊ နမူနာပြထားတဲ့ အစားအသောက်ကို ကြည့်ပြီးမှ ဝယ်ယူ စားသုံးကြပါ တယ်။ ဒီတော့ စာရေးသူကလည်း အတတ်နိုင်ဆုံး ရှိစုမဲ့စုသော မြန်မာ့လက်မှု ရွှေခြည်ထိုးကားလေးတွေ၊ ကချင်လွယ်အိတ်၊ နိုင်ငံအလံ စတာလေးတွေနဲ့ ကိုယ့် Stall  ကို လှပအောင်၊ ဆိုင်ခန်းအား ဆွဲဆောင်မှု ရှိအောင် ပြင်ဆင်ရပါတယ်။ နောက်အခြားတက္ကသိုလ်က မြန်မာကျောင်းသားတွေကိုလည်း ဖိတ်ခေါ်ပြီး မြန်မာဝတ်စုံနဲ့ တက်ပေးဖို့ request   လုပ်ခဲ့ပါတယ်။နောက်လာတဲ့ ပရိသတ်ကို ဒီအစားအသောက် အကြောင်းကို ရှင်းပြကြပါတယ်။ ကြုံတုန်းလေး ပြောပြရရင် ဧည့်ခံ အကောင်းဆုံးဆု ( Best Hospitality Prize)၊ဆိုင်ခန်းပြင်ဆင်မှု အကောင်း ဆုံးဆု (Best Decoration Prize) ၊ အကောင်း ဆုံး အစားအသောက်ဆု ( Best Food Prize) အစရှိသဖြင့် ဆုသုံးဆုပေးတဲ့အခါမှာ စာရေးသူတို့ Myanmar Stall  က ဧည့်ခံအကောင်းဆုံးဆု (Best Hospitality Prize) ရခဲ့ပါတယ်။ Best Hospitality Prize  ရခဲ့ခြင်းကတော့ အလကား အမြည်းကျွေးတဲ့ ဆိုင်တစ်ဆိုင်မှ မရှိပါဘူး၊ နောက်ရိုးရာဝတ်စုံ ဝတ်ရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ မရှိသလို ဘယ်လို ချက်တာလဲ၊ ဘာတွေ ထည့်ချက် တာလဲလို့ မေးရင်လဲ ရှင်းပြပေးတဲ့ မိမိ ရောင်းချတဲ့ အစားအစာ ဥပမာ-Pickled tea leaf အကြောင်းကို စိတ်ရှည် လက်ရှည် ရှင်းပြ တာမျိုး ဘယ် Stall  မှာမှ  မရှိပါဘူး၊ မြန်မာလူမျိုးရဲ့ စရိုက်ကို ပြလိုက်နိုင်ခဲ့လို့ အဲဒီဆုရခဲ့တာဖြစ်ပါမယ်။ ပထမဦးဆုံးနှစ်ရဲ့ ပထမဆုံး အတွေ့အကြုံ ဖြစ်ပါတယ်။ Myanmar Stall  ကို လာတဲ့နေရာမှာ  အိန္ဒိယနိုင်ငံသားတွေက လက်ဖက်သုပ် ကြိုက်ပါတယ်။ သူတို့လည်း လက်ဖက်ပင် စိုက်ပျိုးတယ်။ အိန္ဒိယရဲ့ ဒါဂျီလင် လက်ဖက်ခြောက်ဟာ ကမ္ဘာမှာ နာမည်ကြီးပါတယ်။ ဒါပေမယ့် သူတို့ ဒီလို Tea leaf  ကိုနှပ်ပြီး စားသုံးရမှန်း မသိဘူး။ “ We have no idea” လို့ ပြောပြပါတယ်။ နောက်နှစ်ပြိုင်ပွဲကျတော့ ကျွန်မ Strategy ပြောင်းလိုက်ပါပြီ။ အမှတ်ပေး အကဲဖြတ်တဲ့သူတွေက  အိန္ဒိယနိုင်ငံသား ပါမောက္ခတွေဖြစ်လို့ ကျွန်မ အုန်းနို့ခေါက်ဆွဲ ချက်ပြီး ဝင်ပြိုင် ပါတယ်။ အိန္ဒိယ နိုင်ငံတောင်ပိုင်း ( Southern India) ဟာ ပင်လယ် ကမ်းခြေ ဒေသဖြစ်တဲ့အတွက် အုန်းသီးနဲ့ ရင်းနှီးမှုရှိပါတယ်။ အဲဒီနှစ်မှာပဲ အစား အသောက်နဲ့ ပတ်သက်တဲ့ Best Food ဆုကို ရခဲ့ပါတယ်။ နောက်နှစ်တွေ ကြရင် မြန်မာအစား အသောက်ကို သိနေပြီ။            ဒီလိုဆုရရှိခဲ့ခြင်းက Marketing  စာတွေထဲမှာ ပါသလို Know your customer. ( မိမိ ဖောက်သည်အကြောင်း မိမိ သိပါ) ဆိုတဲ့ အတိုင်း ဈေးကွက်ရဲ့ လိုအပ်ချက်ကို သိအောင်လုပ်နိုင်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။ ဒီတော့ ကျွန်မတို့တတွေဟာ ကျွန်မတို့ရဲ့ အစားအသောက်တွေကို အခြားနိုင်ငံခြားသားတွေ စားတတ်၊ သုံးတတ် အောင် ဆွဲဆောင်ဖို့ မလိုဘူးလား။ ဒီလိုပဲ ဈေးကွက်ထဲကို ထိုးဖောက် ရမှာပဲပေါ့။ စိတ်ရှည်ရှည်နဲ့ အစပိုင်းမှာတော့ အနစ်နာခံရမှာပေါ့။ စာရေးသူ တို့နိုင်ငံမှာ ပီဇာ၊ ဟော့ဒေါ့၊ ဟော့ပေါ့၊ ဆူရှီ ၊ ကြေးအိုး၊ ကိုရီးယားပဲခေါက်ဆွဲနဲ့ ကင်မ်ချီ စတာတွေကို စားသုံးတတ်နေသလို မြန်မာအစားအစာကိုလည်း ကမ္ဘာသိအောင် လုပ်သင့်တာပေါ့။ ကမ္ဘာအထိမစဉ်းစားချင်နေပါ၊ စာရေးသူတို့နဲ့ကပ်လျက်ရှိနေတဲ့ လူဦးရေ အများဆုံးနှစ်နိုင်ငံ (တရုတ်၊ အိန္ဒိယ)နဲ့ အိမ်နီးချင်း အာဆီယံနိုင်ငံတွေ ပေါင်းလိုက်ရင် ကမ္ဘာ့ လူဦးရေရဲ့ သုံးပုံ တစ်ပုံကျော်က ကျွန်မတို့ နိုင်ငံဘေးမှာ ရှိနေတယ်။ လူလတ်တန်းစားများလာပြီး ဝယ်နိုင်စွမ်း (Purchasing Power) ရှိတဲ့နိုင်ငံမျိုးတွေကို ချဉ်းကပ်ရမှာ ဖြစ်ပါတယ်။  အလွန်ကြီးမားတဲ့ဈေးကွက်ကြီး ဖြစ်ပါတယ်။ သုံးတတ်ရင် အခွင့်အရေး (Opportunity) ဖြစ်ပြီး မသုံးတတ်ရင် ခြိမ်းခြောက်မှု (Threat) ပဲဖြစ်ပါတယ်။           ဈေးကွက်အကြောင်းပြောပြီးတဲ့နောက် မိမိထုတ်ကုန်ကို ဘယ်လိုနည်းနဲ့ အချိန်မီရောက်ရှိအောင်ပို့နိုင်မလဲစတဲ့ ထောက်ပံ့သယ်ယူပို့ဆောင်ရေး (Logistics)ဟာလည်း ပို့ကုန်ပို့သူတွေအတွက် အရေးပါတဲ့ထည့်သွင်း စဉ်းစားမှုတစ်ရပ် ဖြစ် ကြောင်းကို ဆွေးနွေးပါမယ်။ ယိုးဒယားလို သစ်ခွပန်း ပန်းလှလှတွေပို့မှာလား၊ တရုတ်နိုင်ငံလို လီလီပန်းလှလှတွေ ၊ သစ်သီးတွေပို့မှာလား၊ သြစတြေးလျလို ပန်းသီး တွေ၊ စပျစ်သီးတွေ ပို့မှာလား၊ ဂျပန်က စင်ကာပူကို မုံလာဥနီတွေ ပို့သလို ပို့မှာ လား၊ အအေးခန်း ကွန်တိန်နာတွေ၊ အမြန်သင်္ဘောတွေရှိတဲ့ခေတ်မှာများများ ပို့ဖို့ တော့ လိုပါလိမ့်မယ်။ ကွန်တိန်နာ သင်္ဘောတွေက ကိုက်မှ ပြေးဆွဲနိုင်မှာပေါ့။ ပန်းတွေကို လေကြောင်းလိုင်းနဲ့ ပို့ကြတယ်။ လာအိုက နံနက် ၆ နာရီကနေ ပို့တဲ့ ပန်းတွေကဂျပန်မှာ ၁ဝ နာရီလောက်ဆိုရင် ဈေးကွက်ထဲကို ရောက်ပြီး ရောင်းနေပြီ။ ထောက်ပံ့ သယ်ယူပို့ဆောင်ရေး (Logistics)  နဲ့ဈေးကွက်ချိတ်ဆက်မှု ( Supply Chain)  တွေ ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ အစားအသောက်နဲ့ ပတ်သက်တဲ့ ကုန်ပစ္စည်း တွေမှာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ ဓာတုဗေဒဆေး ပါတာမျိုး၊ အသုံးပြုတဲ့ ဓာတ်မြေ သြဇာ အစရှိတဲ့ အရည်အသွေး သတ်မှတ်ချက်တွေ ပြည့်မီဖို့ လိုအပ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်က စင်္ကာပူ ရောက်တုန်း ခရီးသွားဟန်လွဲနဲ့ Channel News Asia line  မှာ ကြည့်ရင်း မြန်မာသနပ်ခါးအကြောင်းကို ရှင်းပြ၊ ပြောပြနေတာတွေ့တော့ စာရေးသူ တော်တော်လေး ဝမ်းသာသွားပါတယ်။ လူတော်တော်များများ သိသွားရင်တော့ ဒါလဲ အလားအလာရှိတဲ့ ပို့ကုန်တစ်ရပ် ဖြစ်လာနိုင်ပါတယ်။ အခုဈေးကွက်တွေထဲမှာ လူဖန်တီးတာ (Artificial) ထက် သဘာဝ (Natural)  ကို ဦးစားပေးလာကြတယ်။ သဘာဝ သစ်ဥသစ်ဖုနဲ့လုပ်တဲ့ အသုံးအဆောင်တွေ ခေတ်စားလာပြီး သဘာဝတရား ကို ပြန်လည်မြတ်နိုး တန်ဖိုးထား တတ်လာကြပြီ ဖြစ်ပါတယ်။  စက်နဲ့လုပ်တာ(Machine made)  ထက် လက်နဲ့လုပ်တဲ့ ( Hand Made) ကို ဦးစားပေးလာကြတာ တွေကိုလည်း တွေ့ရှိရပါတယ်။        စာရေးသူငယ်ငယ်တုန်းက မုံရွာမြို့မှာနေစဉ်အခါက တမူး၊ မိုးရေးကနေ တစ်ဆင့်  မြန်မာနိုင်ငံကဇီးထုပ်တွေ အိန္ဒိယဘက်ကို တင်ပို့တာတွေ့ဖူး၊ မြင်ဖူးပါတယ်။ အိန္ဒိယ နယ်စပ်မှာရှိတဲ့သူတွေက ဇီးယိုကို ရေနွေးနည်းနည်းနဲ့ ထည့်ဖျော်ပြီး ဇီးဟင်းချိုလုပ်သောက်တယ်။ ထမင်းနဲ့ စားတယ်လို့ ပြောပါတယ်။ ဒါကြောင့်  ဘာပဲ တင်ပို့ပါစေ မိမိတင်ပို့ချင်တဲ့ ပစ္စည်းကို တင်ပို့ရောင်းချနိုင်မယ့် ဈေးကွက်ရဲ့ အခြင်းအရာ၊ လူမျိုးတွေရဲ့ ဓလေ့စရိုက်တွေနဲ့ ညီညွတ်အောင် စဉ်းစားဖို့ ထုတ်ကုန်ကို ခွဲခြားထုတ်လုပ် ( Product differentiation)  ပေးရပါမယ်။ စားသုံးသူတွေက အကြိုက်မတူတဲ့အတွက် ဈေးကွက်တစ်ခုတည်းမှာ တောင် ထုတ်ကုန်ကို ခွဲခြားထုတ်လုပ်ရမှာ ဖြစ်ပါတယ်။ ဥပမာ - အိန္ဒိယမှာ ပီဇာထဲကို မဆလာထည့်စားတယ်။ တရုတ်စတိုင် ကြော်ထားတဲ့ ခေါက်ဆွဲကြော်ထဲကို မဆလာ ထည့်စားတယ်။ Indianization  ပေါ့။ ဒီလိုပဲ ဂျပန်နိုင်ငံက ကားတွေကို တင်ပို့ရင် ဖွံ့ဖြိုးမှုအဆင့်အလိုက် ဝင်ငွေ အဆင့်အတန်းမြင့်တဲ့ နိုင်ငံတွေဆိုရင် ကားအသစ်စက်စက်တွေ ကိုပို့ပြီး၊ ဝင်ငွေနိမ့်ကျတဲ့ နိုင်ငံတွေဆိုရင် သုံးပြီးသား ကားကို ပြန်လည်ပြင်ဆင်ထားတဲ့ ( Reconditioned or Used Car)  များကို တင်ပို့ပါတယ်။ မြန်မာနိုင်ငံအတွက်ဆိုရင် အဖြူရောင်တွေ ပို့တာများတယ်။ အိန္ဒိယဘက်မှာဆိုရင် အရောင်တောက်တောက်နဲ့ ကားတွေ တင်ပို့တာများပါတယ်။ နိုင်ငံတစ်ခုကို ကားပို့ချင်ပြီဆိုရင် အဲဒီနိုင်ငံရဲ့ လမ်းစည်းကမ်း (Traffic Rule)  က ဘယ်လိုလဲ။ လမ်းကို ညာဘက်ကပ်မောင်းတဲ့နိုင်ငံလား၊ ဘယ်ဘက် ကပ်မောင်းတဲ့ နိုင်ငံလား၊ လမ်းကို ဘယ်ဘက် ကပ်မောင်းတဲ့ နိုင်ငံဆိုရင်ကားရဲ့ Steering က ညာဘက်မှာ ရှိရမယ်။ လမ်းကို ညာဘက်ကပ်မောင်းတဲ့နိုင်ငံဆိုရင် ကားရဲ့ Steering  က ဘယ်ဘက်မှာ ရှိရမယ်။ ဒါ့ကြောင့် သက်ဆိုင်ရာ နိုင်ငံတွေရဲ့ Traffic Rule   ကို လေ့လာရပါမယ်။ ဒါကြောင့် ပြန်ချုပ်ကြည့်မယ်ဆိုရင် မိမိတင်ပို့မယ့် နိုင်ငံရဲ့ ဈေးကွက်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စုစည်းရပါမယ်။ စီးပွားရေးလုပ်ငန်းမှာ သတင်းအချက်အလက်ဆိုတာ ငွေ ( Information is money) ပဲဖြစ်ပါတယ်။  ဈေးကွက်နှင့် ပတ်သက်သည့် အသင်းအချက်အလက်များ   စီးပွားရေး လုပ်ငန်းအတွေးအခေါ်များ ပြောင်းလဲလာခြင်း           စီးပွားရေး လုပ်ငန်းဆိုင်ရာ အတွေးအခေါ်များ ပြောင်းလဲလာခြင်းကိုလည်း ကောင်းစွာသတိပြုမိဖို့ လိုအပ်ပါတယ်။ တိုးတက်တဲ့ နိုင်ငံတွေနဲ့ အသိပညာရှိလာတဲ့လူတွေဟာ သဘာဝကို ဦးစားပေးလာကြပြီ ( Back to the Nature) ဆိုတာကိုလည်း မမေ့ကြဖို့ လိုအပ်ပါတယ်။ ယခုအချိန်မှာ သုတေသနဆန်းစစ်ချက်များအရ ဓာတုဗေဒပစ္စည်းများ ( Chemicals) ပါဝင်သော အစားအစာ၊ အသုံးအဆောင်များသည် အန္တရာယ်ဖြစ် စေတတ် ခြင်းကြောင့် သဘာဝအရ ထုတ်လုပ်တဲ့ ပစ္စည်းတွေကိုသာ ဦးစားပေး အသုံးပြုလာကြပြီ ဖြစ်ပါတယ်။ ဥပမာ- သြဂဲနစ် အသီးအနံှများကို ဈေးကြီးပေးပြီး ဝယ်စားလာတတ်ကြသလို သဘာဝနှင့် ပြုလုပ်ထားသည့် ဆေး၊ အလှပြင် ပစ္စည်းများကိုသာ အလေးပေးပြီး သုံးစွဲလာတတ်ကြပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း စေပြီး စွမ်းအင် သုံးစွဲမှုကို အနည်းဆုံး (Minimum Energy Consumption) ဖြစ်ပေါ်စေသော ထုတ်လုပ်မှု  သဘောတရားကို သုံးပြီးတော့လည်း ထုတ်လုပ်သည့် ပစ္စည်းအပေါ် ဆွဲဆောင်မှု ( Attraction) ယူလာကြ သည်ကိုလည်း တွေ့ရှိလာရပြန် ပါတယ်။          ဒါ့အပြင် စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ၊ Corporation  များသည် အမြတ်အတွက်သာ ဦး တည်လှုပ်ရှားခြင်း(Profit Motive)  နဲ့သာမက လူ့အဖွဲ့အစည်း (Society) ကိုလည်း တန်ဖိုးထားရမှာ ဖြစ်ပါ တယ်။ မိမိတို့လုပ်ငန်းဟာ လူ့အဖွဲ့အစည်း (မိမိတို့ ဖောက်သည်များ) တည်ရှိနေခြင်းကြောင့်သာ စီးပွား ရေးဆက်လက်ရပ်တည်နေနိုင်ပြီး လူ့အဖွဲ့အစည်း ကောင်းမွန် တိုးတက်စေရန် စေတနာထားပြီး ထုတ်ကုန်များကို ရွေးခြယ်ထုတ်လုပ်ခြင်း၊ ထုတ်ကုန် ဖွံ့ဖြိုးအောင် လုပ်ဆောင်ခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်မှုနှင့် စွမ်းအင် အသုံး ပြုရာတွင် ချွေတာမှုဖြစ် စေသော (Environmental Friendly Technologies and Energy Saving Technologies) များတီထွင်ခြင်း၊ အသုံးပြုခြင်း၊ မိမိတို့ရရှိသည့်အမြတ်ထဲမှ လူ့အဖွဲ့အစည်း အကျိုးပြု လုပ်ငန်းများမှာ  ပါဝင်လှူဒါန်းခြင်း၊ မိမိလုပ်သားများ လူမှုရေး စောင့်ရှောက်မှုများ ဆောင်ရွက်ခြင်း၊ စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှု (Sustainable Development) အတွက် အလေး ထားဆောင်ရွက်ခြင်း စတာတွေကို  ဆောင်ရွက်လာခဲ့ကြဖို့ လိုအပ်တယ်။ စီးပွားရေးလုပ်ငန်း တွေဟာ ခိုင်မာတဲ့ အောင်မြင်မှု ရရှိစေဖို့ လူမှုရေး လုပ်ဆောင်ချက် (Social Activities)  တွေနဲ့ အကျိုးပြု လုပ်ငန်းတွေမှာ အမြတ်ရဲ့ အချို့ သော ရာခိုင်နှုန်းကို လှူဒါန်းဆောင်ရွက်လာခဲ့ကြတယ်။ ဒါ့ကြောင့် စီးပွားရေးလုပ်ငန်းတွေ နဲ့  လူ့အဖွဲ့အစည်းတွေဟာ အပြန် အလှန်အကျိုးပြုနေကြတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။  အဲဒီ သဘောတရားကို Corporate Social Contribution-CSC   (သို့မဟုတ်) Corporate Social Responsibility-CSR  လို့ စီမံခန့် ခွဲမှု ဘာသာရပ်မှာ ခေါ်ဝေါ်သုံးစွဲလာကြတယ်။ ဒီသဘောတရားကြောင့်သာ အရင်းရှင်စနစ် ရေရှည် တည်မြဲနေရခြင်း ဖြစ်တယ်။           အပြည်ပြည်ဆိုင်ရာဈေးကွက်ကိုရောက်ရှိချင်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခုဟာ (က) ကမ္ဘာ့ဈေးကွက်အထိ အဘယ့်ကြောင့် တွေးခေါ်ဖို့ လိုအပ်သလဲ။(Why do we think globally?)(ခ) ကမ္ဘာ့ဈေးကွက်ဆိုင်ရာမဟာဗျူဟာတွေကို ဘာကြောင့် သိသင့်တာလဲ။ (Why do we know about global strategy?)(ဂ) ကုမ္ပဏီတစ်ခုအနေဖြင့် ကမ္ဘာ့ဈေးကွက်အထိ တက်လှမ်းရန် နည်းလမ်းတွေက ဘာတွေလဲ။ (What are the ways that a company can do to go global?)(ဃ) ကမ္ဘာ့ဈေးကွက်မှာရှိနေတဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ။ (What are some of the challenges of going global?) ဆိုတာတွေကို စဉ်းစားရပါလိမ့်မယ်။         အပြည်ပြည်ဆိုင်ရာဈေးကွက်တွင် ထိုးဖောက်ဝင်ရောက်နိုင်ဖို့၊ စီးပွားရေးလုပ်ငန်းတွေ (အထူးသဖြင့် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ)ကို အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရာမှာ ပါဝင်လာနိုင်အောင် ပြင်ဆင်နိုင်ဖို့ Five I's  ကို ဂရုစိုက်ရမှာ ဖြစ်တယ်။ အဲဒါတွေကတော့- - ပြည်တွင်းတွင် အောင်မြင်အောင် ထိုးဖောက်ထုတ်လုပ်ခြင်း။ (Internalization )- တီထွင်မှု(Innovation) အားကောင်းစေခြင်း။- ရင်းနှီးမြှုပ်နံှမှု (Investment)များ (ပြည်တွင်း၊ ပြည်ပ)မှ ရရှိစေခြင်း။- ပေါင်းစည်းဆောင်ရွက်ခြင်း။ (Integration)- အပြည်ပြည်ဆိုင်ရာသို့ ဦးတည်ခြင်း (Internationalization) တို့ပဲ ဖြစ်တယ်။        Five I's ကို မေခရိုအဆင့် (အစိုးရဘက်မှ မိမိနိုင်ငံ၏ နိုင်ငံ တစ်နိုင်ငံလုံး ခြုံ၍သော်လည်းကောင်း)၊ မိုက်ခရိုအဆင့် (စီးပွားရေး လုပ်ငန်း၊ စီးပွားရေးကဏ္ဍ တစ်ခုချင်းသော်လည်းကောင်း) စဉ်းစားနိုင်ပါတယ်။ စီးပွားရေးကုမ္ပဏီများတွင် မိမိတို့လုပ်ငန်းအနေနဲ့ ဘဏ္ဍာရေးကဏ္ဍမှာ မဏ္ဍိုင်လေးရပ်(Four Financial Pillars)ကို ထည့် သွင်းစဉ်းစားလေ့ရှိတယ်။ အမြတ်ရရှိမှု(Profitability)၊ပေးရန်ရှိ သည်များအားပေးဆပ်နိုင်မှု(Solvency)၊ ငွေရလွယ်မှု (Liquidity)၊ စွမ်းဆောင်ရည်ပြည့်ဝမှု (Efficiency) နှင့် ထိရောက်မှု (Effectiveness) တို့ဖြစ်ပါတယ်။ PSLEEလို့ အတိုကောက် ခေါ်ဝေါ် နိုင်ပါတယ်။ Five I's  နဲ့ PSLEE တို့ဟာလည်း အပြန်အလှန် ဆက်စပ်မှုရှိနေတာကို တွေ့ရပါတယ်။            စီးပွားရေး လုပ်ငန်းတွေဟာ အမြတ်ပိုမိုရရှိချင်ရင် မိမိတို့လုပ်ကိုင် ထုတ်လုပ်နေတဲ့ကုန်စည် (Product) ၊ ဖောက်သည် (Customers)၊ ဈေးကွက် (Market)နဲ့ ဝင်ငွေရရှိမှု မော်ဒယ် (Revenue Model) တို့ကို စီမံခန့်ခွဲသုံးသပ်ဖို့ လိုအပ်ပါတယ်။ PSLEE  ၏ အခြေအနေကိုကြည့်ပြီး ထုတ်ကုန်ခွဲခြားလုပ်ကိုင်ခြင်း (Diversification) ပြုလုပ်ရမှာဖြစ်ပါတယ်။ PSLEE  အခြေအနေကို ကြည့်ရင် ကုမ္ပဏီတွေရဲ့ အခြေအနေကို သုံးသပ်နိုင်ပါတယ်။          စီးပွားရေးလုပ်ငန်းတွေရဲ့ အမြတ်ရရှိမှုနှုန်း ((Profit Rating –PR) ဟာ စီးပွားရေးလုပ်ငန်းတွေရဲ့ Business Model၊ ဖောက် သည်တွေရဲ့ အရည်အသွေး (Quality of Clients) ၊ ရောင်းချသူတွေရဲ့အရည်အသွေး (Quality of suppliers) ၊ လုပ်ငန်းလည် ပတ်မှုစွမ်းရည် (Efficiency of operation) ၊ လုပ်ငန်းတွေရဲ့ စီမံ ခန့်ခွဲနိုင်မှုနဲ့ ကုန်ကျစရိတ်ထိန်းချုပ်မှု (Ability to manage and control costs) တို့အပေါ် မူတည်တယ်။ Business plan  တွေ ဟာ ကောင်းပါတယ် ဆိုပေမယ့် Over Planning  ဖြစ်ခြင်းဟာ လည်း Business operation  ရဲ့ အရှိန် (Speed)ကို နှေးကွေးစေတယ်။ ဒါကြောင့် လုပ်ငန်းတွေရဲ့ Business Model ဟာ အား ကောင်းမှု (Strong) ဖြစ်ဖို့လိုအပ်သလို ခိုင်မာမှု(Sound) ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ လုပ်ငန်းတွေရဲ့ တန်ဖိုးဖန်တီးနိုင်မှုစွမ်းရည် (Value creating skill)၊တန်ဖိုးဖန်တီးနိုင်ရန်တီထွင်မှု( Innovation) တို့ဟာ အရေးပါလာတယ်။ လုပ်ငန်းတွေအကြား ယှဉ်ပြိုင်နိုင်မှု အကျိုးကျေးဇူး (Competitive Advantages) ရရှိစေနိုင်ရန်မှာ မိမိပြိုင်ဘက် လုပ်ငန်းများအပေါ် ကွဲပြားစွာလုပ်ဆောင်နိုင်မှု အကျိုး ကျေးဇူး (Differentiated Advantages) ကိုရရှိအောင် ထုတ်ကုန် ကွဲပြားစွာ ထုတ်လုပ်နိုင်မှု (Product Differentiation)မှာ အရေးပါ လာတယ်။              အပြည်ပြည်ဆိုင်ရာနိုင်ငံတွေအကြား ကုန်စည်နဲ့ ဝန်ဆောင်မှု တွေသယ်ဆောင်ရာမှာ သိရှိနားလည်ရမယ့် စည်းမျဉ်းစည်းကမ်းတွေ (Regulatory requirement and current legislation) ၊ ပို့ကုန် သွင်းကုန်နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေ (Export/ Import procedures)၊စီးပွားရေးလုပ်ငန်းတွေရဲ့ ထောက်ပံ့သယ်ယူပို့ဆောင် ရေးအစီအမံ (Logistics plan) ကောင်းရင်ကောင်းသလို လုပ်ငန်း ရဲ့ စီမံခန့်ခွဲမှုတွေအားလုံး လွယ်ကူအဆင်ပြေ ချောမွေ့သွားမှာ ဖြစ်တယ်။ ထောက်ပံ့သယ်ယူပို့ဆောင်ရေး အစီအမံ (Logistics plan)  ကောင်းမွန် အဆင်ပြေစေဖို့ဖောက်သည် (Customers)  ၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စီမံခန့်ခွဲမှု (Logistics Management)  ၊ ပြည်တွင်း သယံဇာတများ (Internal resources) နဲ့ နည်းပညာ(Technology) စတာတွေအပေါ် မူတည်ပါတယ်။ ဒါ့ကြောင့် စီးပွားရေးလုပ်ငန်းတွေဟာ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုတဲ့ မြန်မာစကားပုံရှိသလိုပဲ နိုင်ငံတွင်းမှာ ထိုးဖောက်နိုင်အောင် ဦးစွာကြိုးစားကြဖို့၊ အခြားနိုင်ငံတွေရဲ့ ထုတ်လုပ်မှုတွေကို ကောင်းစွာ လေ့လာပြီး သရုပ်ပြအကိုျးသက်ရောက်မှု (Demonstration effect) အရ မိမိထုတ်ကုန်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ လိုအပ် နေပါတယ်။ အခိုျ့လက်မှုကုန်စည်များသည် မြန်မာနိုင်ငံအတွက် ကုန်ကြမ်းပေါများသော်လည်း လက်ရာကြမ်းနေ၍ ဈေးကွက်မဝင်ဘဲ ဖြစ်နေသည်ကို တွေ့ရှိရပါတယ်။ အချို့မှာ စိတ်ကူးစိတ်သန်းများ (Ideas)လိုအပ်နေပါသေးတယ်။ ထိုကဲ့သို့သော လိုအပ်ချက်ကို မည်သို့ ဖြည့်ဆည်းမည်နည်းကို စဉ်းစားရန် လိုအပ်ပါတယ်။ ဥပမာအစိုးရ မှ နိုင်ငံခြားသံရုံးများမှတစ်ဆင့် Handicraft  နှင့် Souvenir  များတင်သွင်း၍ လက်မှုပညာကျောင်းများ၊ ယွန်းသင်တန်းကျောင်း များ၊ ယက္ကန်းကျောင်းများတွင် ပြသခြင်း၊ မိမိတို့ နိုင်ငံထုတ် ကုန်စည် များကို ကုန်စည်ပြပွဲများတွင် ပြသရောင်းဝယ်စေခြင်း၊ ပုဂ္ဂလိက ကဏ္ဍမှလည်း အသင်းအဖွဲ့များဖွဲ့စည်း၍ မိမိနိုင်ငံ၏ လက်မှုပညာ ရှင်များအား လေ့လာရေးစေလွှတ်ခြင်းတို့ ဆောင်ရွက်နိုင်ရမှာ ဖြစ်ပါတယ်။ လက်မှုလုပ်ငန်းရှင်များအနေဖြင့် ပညာအခြေခံရှိပြီး ဖြစ်သည့်အတွက် အချို့သောကုန်စည်များသည် မြင်ရုံနှင့်ပင် သရုပ်ပြ အကျိုးသက်ရောက်မှုအရ စိတ်ကူးစိတ်သန်းများကို ရရှိသွားစေနိုင်ပါသည်။ ထုတ်ကုန်များ တိုးတက်စေရန် ပထမအဆင့်အနေနဲ့ အတုယူ လုပ်ကိုင်ခြင်း (Imitation) ကနေတစ်ဆင့် တီထွင်ဆန်းသစ်မှုများ ဖြင့် မိမိတို့ကိုယ်ပိုင် ဖန်တီးထုတ်လုပ်ခြင်း (Innovation and Creativity)  အဆင့်ရောက်အောင်လုပ်ကိုင်နိုင်ပါတယ်။ ပြည်တွင်းမှ စားသုံးသူများကလည်း မိမိနိုင်ငံရဲ့ထုတ်ကုန်ကို ဦးစားပေးပြီး စားသုံးဖို့၊ မိမိနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းရှင်များကို အားပေးဖို့ လိုအပ် ပါတယ်။            နိုင်ငံများဟာ ဒေသဆိုင်ရာ ပူးပေါင်းမှုတွေ၊ နှစ်နိုင်ငံချင်း ကုန်သွယ်မှု သဘောတူညီစာချုပ်တွေ (Bilateral Agreement)၊ နိုင်ငံများအကြား ကုန်သွယ်မှုသေဘောတူစာချုပ်တွေ (Multilateral Agreement) ချုပ်ဆိုခြင်းရဲ့ အကျိုးကျေးဇူးရလဒ် ထွက်ပေါ်လာဖို့ ဆိုတာ ပုဂ္ဂလိက ကဏ္ဍတိုးတက်မှု(Private Sector Development) ကတစ်ဆင့် အပြည်ပြည်ဆိုင်ရာကို ဆင့်တိုးတန်ဖိုးများတဲ့ ကုန်စည်(Value Added Products)  တွေ တင်ပို့ရောင်းချနိုင်မှ သာလျင် ဖြစ်ပေါ်နိုင်ပါမယ်။ မြန်မာနိုင်ငံထုတ်လုပ်မှုရဲ့ ၈ဝ ရာခိုင်နှုန်းဟာ ပုဂ္ဂလိက ကဏ္ဍမှ ဦးဆောင်နေတဲ့အတွက် အတတ်နိုင်ဆုံး မိမိနိုင်ငံရဲ့ နိုင်ငံငွေကြေးချွေတာနိုင်အောင် သွင်းကုန်တွေကို အစား ထိုးနိုင်တဲ့ အခြေအနေ (Import Substitution) ဖြစ်အောင် ထုတ်လုပ်နိုင်ခြင်းနှင့်အတူ ယှဉ်ပြိုင်မှုစွမ်းရည် (Competitiveness) တိုးတက်လာမှုမှတစ်ဆင့် ပို့ကုန်ဈေးကွက် (Export Market) အထိ ပို့နိုင်ဖို့ ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ စာရေးသူအနေနဲ့  Made in Myanmar  ထုတ်ကုန်များ အပြည်ပြည်ဆိုင်ရာဈေးကွက်မှာ ထိုး ဖောက်ဝင်ရောက်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။