Main menu

Background

ကုန်သွယ်လုပ်ငန်းခွန်လျှော့ချိန်တွင် စဉ်းစားချက်က တစ်ပုံတစ်ပင်

Tue, 07/26/2011 - 08:53 -- Anonymous (not verified)

ကုန်သွယ်လုပ်ငန်းခွန်လျှော့ချိန်တွင် စဉ်းစားချက်က တစ်ပုံတစ်ပင်စဉ်းစားချက် (၁)                  ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ပို့ကုန်သမားတို့အနေဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကို ယခင် ၈ ရာခိုင်နှုန်း ရှိနေရာမှ ၃ ရာခိုင်နှုန်းလျှော့ချကာ ၅ ရာခိုင်နှုန်းသာ ပေးရတော့မည်ဟု သိရသည်။ ပို့ကုန်သမားများအတွက် သတင်းကောင်းဖြစ်သည်။ လှုပ်လှုပ်ရှားရှား ဖြစ်ကြ၏။ သို့သော် သိပ်မကြာသော အချိန်မှာပင် ဟိုတစ်စ ဒီတစ်စ အသံမျိုးစုံကြားရသည်။ ဒီထက်ပို၍လျှော့စေချင်ကြသည်။ လုံးဝ မကောက် စေချင်သည့် အသံများလည်း ကြားရသည်။ ဆန္ဒမပြည့်ဝသည့် အသံစုံဖြစ်သည်။ လူ့သဘာဝဖြစ်သောကြောင့် အပြစ်ဆိုစရာ မဟုတ်ပေ။ လောလော လတ်လတ် ၃ ရာခိုင်နှုန်း လျှော့ချပေးခြင်းကို အစိုးရသစ်၏ ကုန်သွယ်မှုကဏ္ဍ တိုးတက်ရေး အားထုတ်မှုတစ်ရပ်ဟုတော့ ရှုမြင်ဖို့လိုသည်။ ယခင်က ကုန်သွယ်လုပ်ငန်းခွန် ၈ ရာခိုင်နှုန်းသတ်မှတ် ထားခြင်း နောက်ကွယ် တွင် နိုင်ငံတော်၌ ကုန်သွယ်မှု ကဏ္ဍနှင့်ပတ်သက်၍ ရည်ရွယ်ချက်များရှိသည်ဟု သုံးသပ်နိုင်သည်။ ယခုအစိုးရသစ်၏ စနစ်သစ်အုပ်ချုပ်မှုအောက်တွင် ဘက်ပေါင်းစုံ၊ အခြေအနေအလုံးစုံကို အကဲခတ်သုံးသပ်၍ ဆောင်ရွက်လျက် ရှိနေသော်လည်း စီးပွားရေး အဆောက်အဦအတွင်းရှိ ကမ္ဘာအားလုံး တစ်ချိန်တည်း တစ်ပြိုင်တည်း တူညီစွာ အလျင်အမြန် အပြောင်းအလဲ များစွာ ပြုလုပ်ရန်မှာ မလွယ်ကူပေ။ သတိပြုစရာများလည်းရှိသည်။ ရုတ်တရက် လျင်မြန်သော ပြောင်းလဲမှုများ သည် ရှော့ခ်ကို ဖြစ်စေသည်။ ရှော့ခ်ကြောင့် ''အကောင်း'' များဖြစ်သွားသည်များ ရှိသကဲ့သို့ ''အဆိုး'' ဖြစ်သွားသည်များလည်း ရှိသည်။ အားလုံးမျှော်လင့်သည်မှာ ''အကောင်း'' များသာဖြစ်သည်။ အချိန်ယူနိုင်ခြင်းနှင့် ချိန်ဆနိုင်မှုသည် ရလဒ်တွင် အကောင်းများနိုင်သမျှ များရန်နှင့် အဆိုးနည်းနိုင်သမျှ နည်းစေရန် အထောက်အကူ ရစေသည်။ စဉ်းစားချက်(၂)           ဤသို့ ကုန်သွယ်လုပ်ငန်းခွန် ၃ ရာခိုင်နှုန်း လျှော့ချလိုက်ခြင်းသည် နိုင်ငံတော် အစိုးရအတွက် နိုင်ငံခြားဝင်ငွေ လျော့နည်း သွားခြင်းဖြစ်ပြီး ပို့ကုန်လုပ်ငန်းရှင် တို့အတွက် ၎င်းတို့၏ နိုင်ငံခြားဝင်ငွေ တိုးလာခြင်းလည်းဖြစ်သည်။ ယေဘုယျ ဆိုရလျှင် ပို့ကုန်မြှင့်တင်ရေး အားပေးခြင်းဟု ဆိုနိုင်သော်လည်း စေ့စေ့တွေးကြည့် ပါက ရောင်းလိုအား ကွင်းဆက်တစ်ခုလုံး၏ ဇာစ်မြစ်ဖြစ်သည့် ပြည်တွင်းထုတ်လုပ်မှု ကိုပါ မြှင့်တင်ရန် ရည်ရွယ်သည်ဟု ဆိုနိုင်သည်။ ပို့ကုန်သမားများ အနေဖြင့် ကုန်သွယ်လုပ်ငန်းခွန်လျှော့ပေးလိုက်သဖြင့် ပြည်တွင်းမှ ဝယ်ယူသည့်အခါ ဈေးနှုန်း မြင့်၍ ဝယ်ယူနိုင်တော့မည်ဖြစ်သဖြင့် ပြည်တွင်း စိုက်ပျိုး ထုတ်လုပ်သူများ (စိုက်ပျိုး ရေးကဏ္ဍ ထုတ်ကုန်များကိုသာ ဦးတည်ရေးခြင်း ဖြစ်သည်) အနည်းငယ်ဈေးရလာ စရာရှိမည်ဟု ယူဆနိုင်သည်။ ထို့သို့သော ယူဆချက်ကြောင့် ပြည်တွင်းစိုက် ပျိုး ထုတ်လုပ်မှုကိုပါ မြှင့်တင်ရာရောက်သည်ဟု သုံးသပ်ခြင်းဖြစ်သည်။ လက်တွေ့ကား မည်သို့နည်း။               ပို့ကုန်သမားများအနေဖြင့် နိုင်ငံတော်သို့ ကျသင့်သည့် အခွန် အခများပေးနိုင်ရန် အားထုတ်သည့်အခါ မိမိ အမြတ်ငွေထဲမှ မပွန်း ပဲ့ရေးအတွက် အတတ်နိုင်ဆုံးကြိုးစားကြပေလိမ့်မည်။ ကိုယ်တိုင် ထုတ်လုပ် တင်ပို့သည်ဖြစ်စေ၊ တစ်ဆင့်ဝယ်ယူတင်ပို့ ရသည်ဖြစ်စေ၊ မိမိ အသာစီးရရေးအတွက် ဘက်ပေါင်းစုံမှ စဉ်းစားအားထုတ်ကြ လိမ့်မည်။ နိုင်ငံတကာဈေးကွက် ထဲတွင် ဈေးနှုန်း (သို့) အရည်အသွေး ယှဉ်ပြိုင်နိုင်စွမ်းတို့ဖြင့် ထိုးဖောက်ရောင်ဝယ်နေကြရာ တစ်ခု မဟုတ် တစ်ခု အာရုံစိုက်ဖို့လို သည်။ ဈေးနှုန်းယှဉ်ပြိုင် နိုင်စွမ်းကို အာရုံစိုက်ပါ က နိုင်ငံတကာဈေးကွက်ထဲတွင် ဖြစ်ပေါ်နေသော ပေါက်ဈေးထက် ပိုမိုမြင့်မား ၍ တင်ပို့ရောင်းချမှုမှာ မည်သို့မှ မဖြစ်နိုင်ပေ။ ထို့ပြင် မြန်မာ့ပို့ကုန် အများစုမှာ အခြေခံကဏ္ဍ ပို့ကုန်များ ဖြစ်ပြီး အပြိုင်အဆိုင်ရောင်းချ နေသော နိုင်ငံများလည်း ရှိနေ ပြန်သည်။ ထို့ကြောင့် ဈေးနှုန်းအနိမ့် အမြင့် ပေါ် တွင် ပို၍ပင် ဂရုစိုက် စဉ်းစားကြရသည်။ ပို့ကုန်သမားများ အနေဖြင့် ပြည်ပဝယ်လက်များကြားတွင် ရောင်းသူဈေးကွက်ဖြစ်အောင် မဖန်တီးနိုင်သေးသောကြောင့် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သူများထံမှ ဝယ်ယူရာတွင် ဝယ်သူဈေးကွက်ဖြစ်အောင် ဖန်တီးနေရသည်။ ဆိုလို သည်မှာ ပို့ကုန်သမားများသည် မြင့်တက်လာသည့် အခွန်အခ မှန်သမျှကို ပြည်တွင်း ထုတ်လုပ်သူများထံသို့ ဈေးနှုန်းနိမ့်ဝယ် ယူခြင်း ဖြင့် ရွှေ့လိုက်ကြခြင်းဖြစ်သည်ကို ဆိုခြင်းဖြစ်သည်။ ပို့ကုန်သမားများ နစ်နာနိုင်ခြေ များမများ စဉ်းစားနိုင်သည်။ စဉ်းစားချက်(၃)                  တချို့ကမူ ပို့ကုန်လုပ်ငန်းရှင်များနှင့် ပြည်တွင်းစိုက်ပျိုးထုတ်လုပ် သူ တောင်သူများအကြား ဖြစ်ပေါ်နေသော ဈေးကွက်ပုံ စံကြောင့် စိုက်ပျိုးသူ တောင်သူလယ်သမားများသာ ပိုမိုနစ်နာသည်ဟု သုံးသပ် သည်။ စီးပွားရေး အဆောက်အအုံအတွင်းရှိ ပို့ကုန် လုပ်ငန်းရှင်အရေ အတွက်နှင့် တောင်သူလယ်သမားဦးရေ နှိုင်းယှဉ်ကြည့်သည့်အခါ တွေ့ရသည့် ဈေးကွက် အခြေအနေမှာ ဝယ်လိုအားအခွင့်သာသည့် ဈေးကွက်ဖြစ်နေသည်ကို ရိပ်စားနိုင်သည်။ RUMFCCI  အဖွဲ့အစည်း အောက်တွင် အစုအဖွဲ့လိုက် ဖွဲ့စည်းထားသော ဆန်စက်လုပ်ငန်းရှင် များ၊ ဆန်ကုန်သည်များ၊ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများ ဖွဲ့စည်းမှု အခြေအနေမှာလည်း ဘက်မညီသည်ဟု တွေ့ရှိရသည်။ ဆိုလိုသည်မှာ ဝယ်လိုအားဘက်တွင်ရှိနေသည့် ဆန်စက်လုပ်ငန်း ရှင်များ၊ ဆန်ကုန်သည်များ၊ အစုအဖွဲ့များသာ ပိုမိုကျစ်လစ် ခိုင်မာပြီး ရောင်းလိုအားဘက်အခြမ်း ဖြစ်သည့် မြေပြင် တွင် လှုပ်ရှားနေရသော တောင်သူ လယ်သမား ကိုယ်စားပြုသည်ဟု ပြောနိုင်သည့် စိုက်ပျိုးထုတ် လုပ်သူများ အစုအဖွဲ့ကိုမူ စနစ်ကျစွာ မစုစည်း နိုင်ပေ။ ထို့ကြောင့် စုစည်းထားသော ဝယ်လို အားနှင့် မစုစည်းနိုင်သော ရောင်းလိုအား မညီမျှသည့် အင်အားနှစ်ရပ်ရှိနေသည့် ဈေးကွက်သည် မည်သို့ဖြစ်မည်နည်း။ ဤအခြေအနေတွင် တောင်သူ လယ်သမားများ ရပ်တည်နိုင်စွမ်း ခက်ခဲသည်မှာ ထူးဆန်းသော အခြေအနေ မဟုတ်ပေ။ သုံးသပ်သူ တချို့က ကားစီး၊ တိုက်ဆောက် ကြီးပွားချမ်းသာနေ သော လယ်သမားကြီး များရှိသည်ဟု ဆိုကြ သည်။ လက်တစ်ဆုပ် စာလူနည်းစုသာဖြစ် ပြီး ၎င်းတို့အများစု မှာ ကုန်သည် အလုပ် ပို့ကုန် လုပ်ငန်းတို့ဖြင့် တွဲဖက်လုပ်ဆောင် နေသူများဖြစ်သည် မှာ သေချာသည်။ စဉ်းစားချက်(၄)                သဘာဝဘေးအန္တရာယ်အထိခိုက်ခံရဆုံး၊ ဈေးနှုန်းအတက် အကျဒဏ် အခံရဆုံး စသဖြင့် ဆုံးရှုံးမှုများ မရေရာမှုများ အများဆုံး ရှိနေသည့် ထုတ်လုပ်မှုကဏ္ဍသည် စိုက်ပျိုးရေးကဏ္ဍအပါ အဝင် အခြေခံထုတ်ကုန်ကဏ္ဍဖြစ်ရာ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်သည့် အခါတိုင်း ထိုကဏ္ဍကို ထိလွယ်ခိုက်လွယ်သော ကဏ္ဍအဖြစ် သတိပြု ဆောင်ရွက်ရန်လိုသည်။ လက်ပြောင်းလက်လွဲ ရောင်းချရသည့် ကုန်သည်တို့၏ ဈေးနှုန်းအခြေအနေကို စောင့်ရင်း မှန်းချက်လွဲှချော်မှု ကြောင့်လည်းကောင်း၊ ဝယ်လက်တို့နှင့် မတိုက်ဆိုင်သောကြောင့် လည်းကောင်း ဖြစ်ပေါ်လာနိုင်သည့် ရံဖန်ရံခါဆုံးရှုံးမှုနှင့် နှိုင်းယှဉ်လျှင် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားတို့၏ ဆုံးရှုံးမှုမှာ များပြား လှသည်။                တောင်သူလယ်သမားများမှာ ဈေးနှုန်းအမြင့်ကို မျှော်မှန်း၍ စိုက်ပျိုး ထားသော သီးနံှများသည် သီးနံှပေါ်ချိန်တွင် ဝယ်လက်တို့၏ တွက်ချက်ထားရှိသော ဈေးနှင့်သာ အလုပ်ဖြစ်သွားရသည်မှာ မကြာ ခဏပင်။ စိုက်ပျိုးထုတ်လုပ်သူ တောင်သူအနေနှင့် မည်သို့မျှ တင်းခံ နိုင်စွမ်းမရှိပေ။ သိုလှောင်ထားနိုင်မှုအပါအဝင် အခြားလိုအပ်သော စရိတ်စကအားနည်းသောကြောင့် ဖြစ်သည်။ ယခုအခါ နိုင်ငံ တော် အစိုးရမှ ကုန်သွယ်လုပ်ငန်းခွန် ၃ ရာခိုင်နှုန်း လျှော့ချပြီးဖြစ်သည်။ စိုက်ပျိုး ထုတ်လုပ်သူတောင်သူလယ်သမား များ လျှော့လိုက်သော ၃ ရာခိုင်နှုန်းနှင့်ညီမျှသည့် ဈေးပိုရနိုင်မည်လော။ သို့မဟုတ် ပို့ကုန် သမားများနှင့် စိုက်ပျိုးထုတ်လုပ်သူ လယ်သမားများ နှစ်ဖက်စလုံး မျှတစွာ အကိုျးခံစားခွင့်ရှိမည်လော။ အခြေအနေကို မှန်းဆစရာ မလိုပေ။ ဈေးကွက်ပုံစံ က ပြဋ္ဌာန်းပေးပြီး ဖြစ်သည်။ အဆုံးမသတ်သောစဉ်းစားချက်များ                         အစိုးရသစ်သည် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမြင်သစ်ဖြင့် အားထုတ်လျက်ရှိသည်။ မကြာခင် ပေါ်ထွန်း လာတော့မည့် အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးဇုန် AFTA   တွင် မြန်မာနိုင်ငံပါဝင်မှု အတွက်လည်း တွန်းအားပေးလုပ် ဆောင်လျက်ရှိသည်။ AFTA  ကွင်းပြင်ကြီးထဲတွင် ပို့ကုန်တင်ပို့နိုင်မှုစွမ်းရည် ပြိုင်ဆိုင်ရတော့မည်ဖြစ်ရာ ပို့ကုန်သမား များ မျှော်လင့်နေသည့် အခြေအနေများမှာလည်း ဖြစ်လာနိုင်စရာ ရှိပေသည်။ သို့သော် အခွန်အခများ လျှော့ချပေးရုံဖြင့် ပို့ကုန်မြင့်တက်လာမည်ဟု ယူဆ ချက်များသုံးသပ်ချက်များရှိရာ ဤတစ်ချက်တည်းဖြင့် ပို့ကုန်ပမာဏ တိုးတက်လာနိုင်ခြင်း ရှိ၊ မရှိ ပြန်လည်ဆန်းစစ်ဖို့လိုသည်။ ငွေကြေးလဲ လှယ်နှုန်းများ၊ ငွေဖောင်းပွမှုနှုန်း၊ အတိုးနှုန်း၊ ကုန်သွယ်မှုရှင်းတမ်း၊ ငွေပေးငွေယူရှင်းတမ်း၊ သွင်းအားစုရရှိမှု၊ ပြည်တွင်းစုဆောင်းမှု၊ ရင်းနှီးမြှုပ်နံှမှု စသဖြင့် ထည့်သွင်းစဉ်းစားစရာ၊ တွက်ချက်သုံးသပ်၍ ချိန်ဆ ဆောင်ရွက်စရာ အများသားရှိနေပေသည်။ အစိုးရဌာနချင်း ညှိနှိုင်း ဆောင်ရွက်မှုများ၊ ပြည်သူပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍ ညှိနှိုင်းဆောင် ရွက်မှုများ မြေပြင်တွင်လှုပ်ရှားနေရသော တောင်သူလယ်သမားကြီး များနှင့် တွေ့ဆုံအဖြေရှာမှုများကိုလည်း ထည့်သွင်းစဉ်းစားရန်လိုပေ သည်။ ဤစဉ်းစားခန်းများသည် တစ်ခန်းရပ်မဟုတ် ဆက်၍ ဆက်၍ စဉ်းစားရမည့် အခန်းဆက်များ ဖြစ်သည်။