ဆီကောင်းဆီသန့်ကိုသာ စားသုံးပါ အသက်ရှင်နေထိုင်နိုင်ရေးအတွက် နေ့စဉ်နှင့် အမျှ သွားလာလှုပ်ရှားရုန်းကန်နေရသော လူသား များအတွက် နေ့စဉ်စားသုံးနေကြရသော အစား အစာများအား အကြမ်းဖျင်းခွဲကြည့်လျှင် ပရိုတင်း (Protein)ခေါ် အသားဓာတ်၊ ကာဘိုဟိုက်ဒြိတ် (Carbohydrate)ခေါ် ကစီဓာတ်နှင့် အဆီဓာတ် (Fat)တို့ အချိုးညီစွာ ပေါင်းစပ်ဖွဲ့စည်းပါဝင်လျက် ရှိကြောင်း တွေ့ရပေမည်။ လူသားတို့အတွက် လိုအပ်သောစွမ်းအင်ကို စားသုံးနေသော အစား အစာများမှရရှိကြရာ ပရိုတင်းနှင့် ကာဘိုဟိုက် ဒြိတ်တို့ထက် အဆီဓာတ်မှ နှစ်ဆခန့် ပိုမိုပေးနိုင် သည်ဟု အာဟာရပညာရှင်များက ဆိုကြပါသည်။ ဆီ တစ်ဂရမ်စားတိုင်း လူ့ခန္ဓာကိုယ်အတွက် စွမ်းအင် ကိုး ကယ်လိုရီခန့်ရရှိနိုင်ပြီး အသားဓာတ်နှင့် ကာဘိုဟိုက်ဒြိတ်တို့မှမူ တစ်ဂရမ်စားပါမှ ၄ ဒသမ ၅ ကယ်လိုရီခန့်သာ ရရှိနိုင်သည်ဟု ဆိုပါသည်။ ဆီသည် စွမ်းအင်ပါဝင်မှုအမြင့်မားဆုံး အစာ ဟုဆိုရပေမည်။ ဆီတွင် ဗီတာမင်အေ၊ ဒီ၊ အီး၊ ကေ ဟူသော ဆီပျော်ဗီတာမင် လေးမျိုး ပျော်ဝင် လျက်ရှိသဖြင့် သက်စောင့်ဗီတာမင်ဓာတ်များကို ခန္ဓာကိုယ်က ရရှိစေပါသည်။ ထို့ပြင် စားသုံးဆီ အများစုတွင် လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လို အပ်သော အဆီအက်စစ်များ (Esstential Fatty Acid) သုံးမျိုးဖြစ်သော လင်နိုလစ်အက်စစ်(Linoleic Acid)၊ လင်နိုင်လင်းနစ်အက်စစ် (Linolenic Acid)နှင့် ကရာစီဒိုနစ်အက်စစ် (Arachidonic Acid) တို့ ပါဝင်နေတတ်ပါသည်။ ကျန်းမာရေးနှင့် အာဟာရသုတေသီများ၏ အဆိုအရ လူတစ်ဦးသည် တစ်နေ့လျှင် ဆီ သုံးကျပ်သားခွဲ ခန့်နှင့် တစ်လလျှင် တစ်ပိသာခန့် စားသုံးလျှင် လုံလောက်သည်ဟု ဆိုပါသည်။ ''ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လို ပုံ'' ဟူသော မြန်မာစကားပုံတစ်ခုသည် မြန်မာလူ မျိုးများ၏ အစာရေစာ ပေါဝကယ်ဝမှုကို ဖော်ညွှန်း ထားခြင်းဖြစ်ပါသည်။ သို့ရာတွင် ခေတ်စနစ်များ ပြောင်းလဲလာသည်နှင့်အမျှ ကျန်းမာရေးရှုထောင့် အရ ဆီကိုစားသုံးမှု လျှော့ချလာကြသော်လည်း တိုးတက်လာသော လူဦးရေနှုန်းနှင့် နှိုင်းဆလျှင် ပြည်တွင်းမှထွက်ရှိသော စားသုံးဆီများနှင့် လုံလောက်မှုမရှိ၍ ယခုအခါတွင် ပြည်ပမှပင် စားအုန်းဆီများ ဝယ်ယူတင်သွင်းဖြန့်ဖြူးလာကြရ ပေသည်။ ဆီကိုတော့ ရေမချိုးနိုင်ကြတော့ပါ။ လျှော့၍သာ စားသုံးလာကြရပါသည်။ ဆီကိုလျှော့စားခြင်းသည် ကျန်းမာရေးအတွက် ကောင်းမွန် သည်ဆိုသော်လည်း မစားဘဲနေ၍လည်းမရသကဲ့ သို့ စားသုံးလိုက်သောဆီသည်လည်း ကျန်းမာရေး အတွက် အထောက်အကူဖြစ်ရန်လိုပါသည်။ ထို့ ကြောင့် ဆီကောင်းဆီသန့်များကို ရွေးချယ်စားသုံး တတ်ရန် လိုအပ်လာပါသည်။ ဆီကောင်းနှင့် ဆီသန့်သည် အဓိပ္ပာယ် အနည်းငယ်ကွာခြားပါသည်။ မူလပင်ကိုယ်သဘာ ဝကပင် ကောင်းမွန်သောဆီကို ဆီကောင်းဟုခေါ် ဆိုပါသည်။ စားသုံးဆီများကို ထိတွေ့ခံစားသော သူများမှာ ထုတ်လုပ်သူများ၊ သိုလှောင်ဖြန့်ဖြူး ရောင်းချသူများ၊ စားသုံးသူများနှင့် ကျန်းမာရေး ရှုထောင့်မှ စားသုံးရန်သင့်/မသင့်ကို သုံးသပ်သော သူများဟူ၍ လူတန်းစား လေးမျိုးရှိပါသည်။ စားသုံးသူ၊ ထုတ်လုပ်သူများအနေဖြင့် စားသုံးသူများ ထုတ်လုပ်ရာတွင် လွယ်ကူခြင်း၊ ဆီတွင် ရှိနေသော မကောင်းသောအရသာ၊ အနံ့ဆိုးများ ကို ဖယ်ထုတ်ပစ်ရာတွင် လွယ်ကူစွာဆောင်ရွက်နိုင် သောဆီကို ဆီကောင်းဟု သတ်မှတ်ကြသည်။ သိုလှောင်ဖြန့်ဖြူးရောင်းချရာတွင် ကြာရှည် သိုလှောင်နိုင်ခြင်း၊ အရည်အသွေးကျဆင်းမှုအလွန် နည်းသောဆီများကို သိုလှောင်ဖြန့်ဖြူးရောင်း ချသူများက ဆီကောင်းဟု သတ်မှတ်ကြသည်။ ဆီများသည် သိုလှောင်ထားရှိစဉ်တွင် လေထဲရှိ အောက်စီဂျင်နှင့် ဆီတွင်ပါဝင်နေသော ဖေါ့စဖာ တိုက် (Phosphatide) များဓာတ်ပြုပြီး အရောင် များ၊ အနံ့များနှင့် အရသာများ ပျက်စီးလာခြင်း ကြောင့်ဖြစ်သည်။ ယင်းဖော့စဖာတိုက် ပါဝင်မှုများ သော စားသုံးဆီများမှာ ပဲပုပ်ဆီ (၁.၁-၃.၂ %)၊ ပြောင်းစေ့ဆီ (၁-၃%)၊ နို့ထောပတ်(ဝ.၆- ၁.၄%)၊ ဖွဲနုဆီ (ဝ.၀၈-၂ %) နှင့် ဝါစေ့ဆီ (ဝ.၇-ဝ.၉ %) တို့ ဖြစ်ကြသည်။ စားသုံးသူများအတွက်ကတော့ မူလသီးနှံစေ့များမှ ဖိညှစ်ထုတ်ယူ (သဘာဝနည်း)ခြင်းဖြင့် ရရှိလာသောဆီများတွင် မူလသီးနှံစေ့ရှိ နှစ်သက်ဖွယ်ကောင်းသော အနံ့၊ အရသာရှိနေသည့် ဆီမျိုး ကို ဆီကောင်းဟု သတ်မှတ်ကြသည်။ ဥပမာမြေပဲဆီ၊ နှမ်းဆီ၊ အုန်းဆီ၊ သံလွင်ဆီနှင့် ပြောင်းစေ့ ဆီ၊ နို့ထောပတ် ၊ ဆီထောပတ်၊ မာဂျရင်းနှင့် ဒိန်ခဲများကိုလည်း စားသုံးရာတွင် အနံ့၊ အရသာ ကောင်းသောကြောင့် ဆီကောင်းဟုသတ်မှတ်ကြ သည်။ ကျန်းမာရေးပညာရှင်များကမူ ပြည့်ဝအဆီ အက်စစ် (Saturated Fatty Acid) ပါမစ်တစ်အက်စစ်(Palmitic Acid) ပါဝင်မှုများသော ဆီမျိုးကို စားသုံးလျှင် နှလုံးရောဂါ၊ သွေးတိုးရောဂါ များဖြစ်စေတတ်သဖြင့် ယင်းဆီမျိုးကို မစားသုံးစေ ဘဲ ခန္ဓကိုယ်အတွက် မရှိမဖြစ် အဆီအက်စစ်(Essential Fatty Acid)၊ လင်နိုင်လစ် အက်စစ် (Linoleic Acid) ပါဝင်မှုများသော ဆီမျိုးကို ကျန်းမာရေးအတွက် ဆီကောင်းဟု ထောက်ခံ သတ်မှတ်ကြသည်။ စားသုံးဆီများတွင် ဆီမဟုတ်သော ပစ္စည်းများပါရှိတတ်ရာ ဆီထဲ၌ ပျော်ဝင်ခြင်းမရှိဘဲ၊ အနယ်အနှစ်များအဖြစ်ရှိနေသော မူလသီးနှံ အစအနများ၊ မြေကြီး၊ ခဲ၊ အမှိုက်သရိုက်များ၊ ဖယောင်း များကို ဆီစစ်ကိရိယာနှင့်သေချာစွာ စစ်ထုတ်ဖယ် ရှားနိုင်ပါသည်။ သို့ရာတွင် ဆီတွင် တစ်သားတည်း ပျော်ဝင်နေတတ်သော အဆီအက်စစ်လွတ်များ (Free Fatty Acid) အရောင်ဆိုးများ၊ (Pigments) အနံ့ဆိုး၊ (Oridant) ၊ အော်ဒီဟိုက်၊ ကီတုန်း (Ketone) များကိုမူ စနစ်တကျ ဓာတ်ပြု ပစ္စည်းများနှင့် ဖယ်ရှားသန့်စင်ရမည်ဖြစ်ပါသည်။ သို့မှသာ ဆီသန့်ကိုရရှိမည်ဖြစ်ပါသည်။ ဆီမှ ဆီ မဟုတ်သော ပစ္စည်းများကို စနစ်တကျဖယ်ရှား သန့်စင်ပြီးဖြစ်သည့် ဆီသန့်များအနက် အရသာ ရှိမှု၊ မရှိမှု၊ အနံ့ကောင်းမှု၊ မကောင်းမှုတို့ကို ရှေ့ တန်းတင် အလေးထားခြင်းမပြုဘဲ ကျန်းမာရေး အတွက်သင့်လျော်သော ဆီကောင်းများဖြစ်သည့် ဆူးပန်းဆီ၊ ပန်းနှမ်းဆီ၊ နေကြာဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ ပဲပုပ်ဆီ၊ ဖွဲနုဆီစသည့် ဆီကောင်းများကို ရွေးချယ်စားသုံးသင့်ကြပါသည်။ မိမိတို့စားသုံးလိုက်သော ဆီများသည် ကျန်းမာရေးအတွက် စားသုံးရန်သင့်သည်ဟု ဆိုသော် လည်း ဆီသန့်များဖြစ်ရန် အထူးအရေးကြီးလှပါသည်။ စားသုံးဆီများ၏ စားသုံးရန်သင့်သော အရည်အသွေးများအား သတ်မှတ်ထားရှိရာမှ အရေးကြီးသော အရည်အသွေးတချို့အား ကောက်နုတ်ဖော်ပြရလျှင် - (က) Oil Properties ၄၀ ဒီဂရီစင်တီဂရိတ်တွင် ကြည်လင်နေသော အဝါရောင်ရှိရမည်။(ခ) Acid Value / FFA အချဉ်ဓာတ်ကိန်းဖြစ်သည်။ အဆီအက်စစ် လွတ်များ မည်မျှပေါ်(Free Fatty Acid) နေပြီ ကို တိုင်းတာခြင်းဖြစ်သည့် သတ်မှတ်ထားသည့် ပါဝင်မှုနှုန်းထက်မြင့်လာလျှင် လျှာပေါ်တင်ကြည့် လျှင် ရှတတဖြစ်သည်ကို တွေ့ရှိရမည်။ (ဂ)Iodine Value (I.V) ဆီအလေးချိန် ၁၀၀ ဂရမ်က စုပ်ယူလိုက်သော အိုင်အိုဒင်း အလေးချိန်ကို ကိန်းတစ်ခု အနေဖြင့် ဖော်ပြခြင်းဖြစ်သည်။ ဆီအမျိုးအစား ်တစ်ခု၏ မပြည့်ဝမှု (Unsaturation) အခြေအနေကို တိုင်းတာခြင်းဖြစ်သည်။ ကျန်းမာရေး အတွက် သင့်လျော်မှု ရှိ၊ မရှိ ဆုံးဖြတ်ရာတွင် အရေးကြီးသောအချက်ဖြစ်သည်။ အိုင်အိုဒင်း တန်ဖိုးများလေ၊ ကျန်းမာရေးအတွက် စားသုံးရန် သင့်လျော်လေဖြစ်သည်။ မပြည့်၀ အဆီအက်စစ် များ ပါဝင်မှုများလေ၊ အစာချေဖျက်ရာတွင် လွယ်ကူ၍ နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးတိုးရောဂါ ဖြစ်ပေါ်စေမှုကို နည်းလေဖြစ်သည်။ (ဃ) Peroxide Value (P.V) လေအောက်စီဂျင်နှင့် ထိတွေ့ကာ ဓာတ်တိုးပြောင်းလဲသွားနိုင်သည့် အရာဝထ္ထုများပါဝင်မှု အခြေအနေကို တိုင်းတာခြင်းဖြစ်သည်။ မပြည့်၀ အဆီအက်စစ်ပါဝင်မှုများသော ဆီတို့သည် ဓာတ်တိုးလွယ်ကြ၍ ကြာရှည်သိုလှောင် ထားမခံလေ ဖြစ်သည့် P.V တန်ဖိုး 10(Max) ထက် ကျော်လွန်သောဆီများအား သိုလှောင်ထားရန် မသင့်တော့ပါ။ (င) Titer / Cloud Point အဆီအက်စစ်များ၏ အစိုင်အခဲဖြစ်မှတ် (Solidification Point) ဖြစ်သည့်ဆီများတွင် ပုံဆောင်ခဲဖြစ်မှတ် (Crystallistaion Point) ကိုကြည့်၍ တိမ်ခိုးဖြစ်မှတ် (Cloud Point) ဖြင့် ဖော်ပြလေ့ရှိသည်။ စားအုန်းဆီတွင် (Cloud Point) ဖြင့်ဖော်ပြပြီး မြေပဲဆီတွင်မူTiter ဖြင့် ဖော်ပြသည်။ သဘာဝနည်းဖြင့်ထုတ်လုပ်သော စားသုံးဆီများတွင် Cloud Point ဖြစ်နေတတ်ပါသည်။(ဥပမာ-မြေပဲဆီ ၁၂ ဒီဂရီစင်တီဂရိတ်) မူလဆီထွက်သီးနှံစေ့၏ အပေါ်တွင် ဖုံးအုပ်ထား သော ဖယောင်းပါးများ ဆီတွင်ပျော်ဝင်နေခြင်း ဖြစ်၍ ကုန်စင်အောင်စစ်ယူခြင်းမပြု၍ပါလာတတ်ခြင်းဖြစ်သည်။ စားသုံးရာတွင် အန္တရာယ်မဖြစ် သော်လည်း စားအုန်းဆီတွင်မူ ဆီအခဲပိုင်းနှင့် အရည်ပိုင်းနှစ်မျိုးပါရှိနေ၍ ဆီအခဲပိုင်း (Stearin) ကို ဖယ်ရှားစစ်ထုတ်ပစ်မှသာလျှင် စားသုံးရန်သင့် သဖြင့် အဓိကအားဖြင့် Stearin ပါဝင်နေမှုပေါ် မူတည်၍ Cloud Point ဖြစ်နေတတ်သဖြင့် Cloud Point သည် အရေးကြီးသော သတိပြု ရမည့်အချက်တစ်ချက်ဖြစ်နေပါသည်။ ဆီအခဲပိုင်း များ ပါဝင်မှုများနေလျှင် စားသုံးရာတွင် အစာချေ ဖျက်နိုင်မှုနည်း၍ နှလုံးသွေးကြောကျဉ်းခြင်း၊ သွေး တိုးရောဂါဖြစ်ပေါ်စေမှု များစေပါသည်။ စားအုန်း ဆီတွင် Cloud Point အား8-10 C (Max) သတ်မှတ်ထားပါသည်။ (စ) Saponification Value ဆီအလေးချိန် တစ်ဂရမ်မှ ဆပ်ပြာဖြစ်ရန် လိုအပ်သော ပိုတက်စီယမ်ဟိုက်ဒြောက်ဆိုဒ် (KOH) မီလီဂရမ်အလေးချိန်ကို ကိန်းတစ်ခု အနေဖြင့် ဖော်ပြခြင်းဖြစ်သည်။ ဆပ်ပြာဖြစ်ကိန်း ဟုခေါ်သည်။ (ဆ)Rancidity ဆီပျက်/မပျက်အား တိုင်းတာခြင်းဖြစ်သည်။ (ဇ) Melting Point စားအုန်းဆီတွင် ဆီအရည်နှင့်အခဲတို့ တွဲ ဖက်ပါဝင်နေတတ်ပြီး အခြေအနေ တစ်ရပ်ရပ် ကြောင့် ဆီအရည်များအတွင်း ဆီအခဲများ ဖြစ်လာခဲ့လျှင် မည်သည့်အပူချိန်ဒီဂရီစင်တီဂရိတ်တွင် အရည်ဘဝသို့ ပြန်လည်ကူးပြောင်းနိုင်သည်ကို ဖော်ပြခြင်းဖြစ်သည်။ နိုင်ငံတကာ အရောင်းအဝယ်ပြုလုပ်ရာတွင် သတ်မှတ်ထားသော ဟင်းသီးဟင်းရွက်ဆီများ၏ အရည်အသွေး၊ စံချိန်စံညွှန်းများအား ဖော်ပြလိုက်ရပါသည်။ အထက်ဖော်ပြပါ စားသုံးဆီများ၏ စားသုံးရန်သင့်သော အရည်အသွေး သတ်မှတ်ချက်များ အရ စားသုံးသူများအနေဖြင့် ကျန်းမာရေးရှုထောင့် မှသင့်လျော်သော ဆီများအား ရွေးချယ်စားသုံးကြ ရာတွင် မိမိစားသုံးလိုက်သောဆီသည် ဆီကောင်း ဖြစ်သကဲ့သို့ ဆီသန့်ဖြစ်ရန်လည်း ဂရုပြုမိစေရန် အကြံပြုလိုက်ရပါသည်။
Background