အိန္ဒိယနိုင်ငံ စားသောက်ကုန်နဲ့ စားသုံးသူရေးရာ ဝန်ကြီးဌာနက ကြက်သွန်နီအတွက် ပို့ကုန် အနိမ့်ဆုံးဈေးနှုန်း သတ်မှတ်ချက် minimum export price (MEP)ကို ထပ်မံလျှော့ချပေးတော့မှာ မဟုတ်ကြောင်းနဲ့ သကြားတင်ပို့မှု ကို ခွင့်ပြုသွားမှာမဟုတ်ကြောင်း နိုဝင်ဘာလ ၂ ရက် သတင်း အရ သိရှိရပါတယ်။ MEP ဈေးနှုန်းကို ထပ်မံလျှော့ချပေးလိုက်ပါက ပြည်တွင်း ဈေးကွက်မှာ ကြက်သွန်နီဈေးနှုန်းတွေ ထပ်မံမြင့်တက် လာမှာ စိုးရိမ်တာကြောင့် ဝန်ကြီးများ တွေ့ဆုံဆွေးနွေးကာ စဉ်းစားခဲ့ကြခြင်းဖြစ်တယ်။ ယခုလောလောဆယ်ပြည်တွင်းဈေးကွက်မှာ ကြက်သွန်နီရောင်းလိုအားက နိုဝင်ဘာလ ကြက်သွန်နီ အသစ် ဈေးကွက်ကိုဝင်ရောက်ချိန်အထိ အကန့်အသတ်ရှိနေမှာ ဖြစ်တယ်။ တကယ်လို့ MEP ကိုနှိမ့်ချပေးလိုက် ပါက ကြက်သွန်နီ ထုတ်လုပ်သူတွေက ပြည်တွင်းမှာ ရောင်းချမှာထက် ပိုမို တင်ပို့နိုင်မယ့် မက်လုံးတွေကိုရရှိမှာ ဖြစ်ရာ ကြက်သွန်နီ အသစ် နိုဝင်ဘာလ ဈေးကွက်ကိုမရောက်ခင် ကြက်သွန် ဈေးနှုန်းတွေ မြင့်တက်သွားနိုင်မှာဖြစ်တယ်။ အပြည်ပြည်ဆိုင်ရာဈေးကွက်မှာ ကြက်သွန်နီဈေးနှုန်းက ထိခိုက်လွယ်ပြီး ဝယ်ယူသူတွေက အိန္ဒိယ ကြက်သွန်နီထက် ဈေးပိုမိုသက်သာတဲ့တရုတ်နဲ့ ပါကစ္စတန်နိုင်ငံတွေမှ ပြောင်းလဲ ဝယ်ယူနိုင်မှာဖြစ်တယ်။ ဒါ့အပြင် သကြားကိုပြည်တွင်းဈေး ကွက်မှာသကြားအသစ်မရောက်မချင်း နောက်ထပ်တင်ပို့ ခွင့်ပြုဦးမှာ မဟုတ်ကြောင်း သိရှိရတယ်။ တင်ပို့ခြင်းနဲ့ တင်သွင်းခြင်းတို့ကို ခွင့်မပြုမီ မိမိတို့ရဲ့ထုတ်လုပ်မှု၊ ဝယ်လိုအားနဲ့ ရောင်းလိုအား ဖြစ်နိုင်ခြေတို့ကို တွက်ချက်ရမှာဖြစ်တယ်။ စက်တင်ဘာလက အစိုးရက ကြက်သွန်နီ ပို့ကုန် တားမြစ်ချက်ကို ပြန်လည်ဖယ်ရှားပေးလိုက်ပြီး အနိမ့်ဆုံး ပို့ကုန်ဈေးနှုန်း သတ်မှတ်ချက်မှာ တစ်တန်ကို ကန်ဒေါ်လာ ၄၇၅ ဖြစ်တယ်။ နှစ်စဉ်ကြက်သွန်နီထုတ်လုပ်မှုရဲ့ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းကို ပုံမှန် kharif (ဇူလိုင်လမှအောက်တိုဘာလ အတွင်း) ရာသီမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်း မှ ၄၀ ရာခိုင်နှုန်းကို kharif ရာသီနှောင်းပိုင်းမှာ ထွက်ရှိတယ်။ ကျန်ကြက်သွန်နီ က rabi (အောက်တိုဘာလမှ ဖေဖော်ဝါရီလအတွင်း) ရာသီ မှာ ထွက်ရှိတယ်။ ကြက်သွန်နီအဓိက စိုက်ပျိုးတဲ့ နိုင်ငံတွေမှ တရုတ်၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ စပိန်၊ တူရကီ၊ ဘရာဇီး၊ အီတလီ၊ အီဂျစ်နဲ့ ပါကစ္စတန်နိုင်ငံတို့ ဖြစ်ကြတယ်။ အိန္ဒိယကြက်သွန်နီ ပို့ကုန်အနိမ့်ဆုံးဈေးနှုန်း သတ်မှတ်ချက်ကြောင့် ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းရည်လျော့ကျ လျက် ရှိကြောင်း သိရှိရပါတယ်။ အေးမွန်မွန်လှိုင်၊ Source: business-standard.com
Background