(ယခင်အပတ်မှ အဆက်) ပျားမွေးမြူရေးနည်းစနစ်များ ပျားမွေးမြူရာ၌ ပျားဘုရင်မ မွေးမြူထုတ်လုပ်ခြင်း၊ ပျားထီးများမွေးထုတ်ခြင်း၊ ပျားရည်ထုတ်လုပ်ခြင်း၊ ပျားအုံဖွံ့ဖြိုးတိုးတက်စေခြင်း စသည့် ရည်ရွယ်ချက်များဖြင့် မွေးမြူကြပါသည်။ ထိုသို့မွေး မြူကြရာတွင် ပျားများအတွက် အစာရရှိနိုင်မှု၊ ရာသီဥတုအခြေအနေ၊ မြေပြင်အခြေအနေ၊ မွေးမြူလိုသည့် ပျားအုံအရေအတွက်နှင့် မွေးမြူထုတ် လုပ်လိုသည့် ရည်ရွယ်ချက်များအပေါ် မူတည်၍ နည်းစနစ်ကိုရွေးချယ်လုပ်ကိုင်ရန် လိုအပ်ပါသည်။ မည်သည့်နည်းစနစ်မဆို ပျားအုံများအမြဲဖွံ့ဖြိုးတိုးတက်နေစေရန် ပြုလုပ်ပေးရမည်ဖြစ်ပါသည်။ အဓိကအကျဆုံး ပျားမွေးမြူရေး နည်းလမ်းနှစ် သွယ်မှာ အခြေစိုက်မွေးမြူနည်းနှင့် ရွှေ့ပြောင်းမွေး မြူနည်းတို့ ဖြစ်ပါသည်။ အခြေစိုက်မွေးမြူခြင်း အခြေစိုက်မွေးမြူနည်းမှာ ပျားအုံများအား အသင့်လျော်ဆုံး နေရာများတွင် တစ်သမတ်တည်း စနစ်တကျအခိုင်အခန့် မွေးမြူထားခြင်းပင်ဖြစ်သည်။ အခြေစိုက်မွေးမြူရန်အတွက် လိုအပ်သော အချက်များမှာ- (၁) ပျားစာမပြတ်ရရှိရန် လိုအပ်ခြင်း။(၂) ပျားစခန်းအဆောက်အအုံ ကောင်းမွန် ခိုင်ခံ့စွာရှိရန် လိုအပ်ခြင်း။(၃) ဆက်သွယ်ရေးကောင်းမွန်ရန် လိုအပ်ခြင်း။(၄) သန့်ရှင်းသောရေ မပြတ်ရရှိရန် လိုအပ်ခြင်း။(၅) ပြည်သူလူထုအား လွယ်ကူစွာ ပညာပေး ပြသနိုင်မည့် နေရာဖြစ်ခြင်း။(၆) လေပြင်းဒဏ်မှ ကာကွယ်ပေးနိုင်မည့် နေရာဖြစ်ရန် လိုအပ်ခြင်း။(၇) ပျားများအတွက် အန္တရာယ်အမျိုးမျိုးမှ အတတ်နိုင်ဆုံးကင်းရှင်းစေ၍ လုံခြုံမှုရှိခြင်း။ ရွှေ့ပြောင်းမွေးမြူနည်း စီးပွားဖြစ်ပျားမွေးမြူသူများ ကျင့်သုံးသည့်နည်းနစ်ဖြစ်ပြီး ရာသီဥတုဆိုးဝါးမှုဒဏ်မှ ရှောင်ရှား လိုခြင်း၊ ပျားစာပြတ်လပ်မှုအခြေအနေမှ ကာကွယ်လိုခြင်း၊ ပျားရည်အမြောက်အမြားထုတ်ယူလိုခြင်း၊ သီးသန့်ပျားရည် အမျိုးအစားရယူလိုခြင်း (ဥပမာလိုင်ချီး ပျားရည်၊ နေကြာပျားရည်)၊ သီးနှံအထွက် တိုးစေရန်အတွက် ဝတ်မှုန်ကူးပေးစေလိုခြင်း စ သည့် ရည်ရွယ်ချက်များဖြင့် ရွှေ့ပြောင်းမွေးမြူကြပါသည်။ ရွှေ့ပြောင်းမွေးမြူခြင်းတွင် ခရီးတိုရွှေ့ ပြောင်းမွေးမြူခြင်းနှင့် ခရီးရှည် ရွှေ့ပြောင်းမွေး မြူခြင်းဟူ၍ နှစ်မျိုးရှိပါသည်။ ခရီးတိုရွှေ့ပြောင်းမွေးမြူနည်း ပျားစခန်းမှ သုံးမိုင်အထက် ကွာဝေးသော မိမိမြို့နယ်အတွင်းရှိ နေရာများ၊ အများအားဖြင့် နေ့မကူးဘဲ ညတွင်းချင်း ပြောင်းရွှေ့ချထားနိုင် သည့် နေရာများသို့ ရွှေ့ပြောင်းခြင်းဖြစ်သည်။ ခရီးရှည်ရွှေ့ပြောင်းမွေးမြူနည်း မြို့နယ် (သို့) တိုင်းဒေသကြီး/ပြည်နယ် ဧရိယာမှကျော်လွန်သော ဒေသများသို့ ရွှေ့ပြောင်း မွေးမြူခြင်းဖြစ်သည်။ ဖြစ်နိုင်ပါက အနီးဆုံးနေရာ သို့ ရွှေ့ပြောင်းခြင်းသည် အကောင်းဆုံး၊ အကျိုးအရှိဆုံးပင်ဖြစ်ပါသည်။ ပျားစတင်မွေးမြူခြင်း ခေတ်မီပျားအိမ်များဖြင့် အုံသွင်းမွေးမြူ နိုင်သော ပျားမျိုးများမှာ ပြည်တွင်းရှိ ဒေသခံ သစ်ခေါင်းပျားမျိုးနှင့် ပျားမွေးမြူရေးဌာနတွင် မွေးမြူလျက်ရှိသည့် ဥရောပပျားမျိုးတို့ဖြစ်ပါသည်။ ပျားစတင်မွေးမြူမည်ဆိုပါက ပျားစာ ပေါများချိန် မတိုင်မီ ရှစ်ပတ်မှ ၁၂ ပတ်ခန့် ကြိုတင်၍ မွေးရန် လိုအပ်ပါသည်။ ပျားများအောင်မြင်စွာ မွေးမြူ နိုင်ရေးအတွက် လိုအပ်သည့် ပျားအုံအရေအတွက် မှာ တစ်ဧကလျှင် ပျားအင်အား ၁၀၀၀၀ ခန့်ရှိ ပျားအုံ တစ်အုံနှုန်းဖြစ်၍ ပျားများအတွက် သီးနှံ စိုက်ခင်းမှ ပျားစာ(ဝတ်ရည်/ဝတ်မှုန်) လုံလောက်စွာရရှိနိုင်သည့် ကာလတစ်လျှောက်လုံး နေရာချ ထား မွေးမြူနိုင်ပါသည်။ ပျားစာရရှိမှု နည်းပါးလာပါက ပေါများသည့်ဒေသသို့ ရွှေ့ပြောင်းမွေးမြူ ရန်လိုအပ်ပါသည်။ မွေးမြူထားသည့် ပျားအုံများ၌ ဦးဆောင်သော ပျားဘုရင်မသည် ဥအုနှုန်းကောင်း ပြီး ငယ်ရွယ်နုပျို ကျန်းမာသန်စွမ်းဖျတ်လတ်မှုရှိရန် လိုအပ်လှပါသည်။ ထို့အပြင် ပျားအုံအတွင်းပျား ရောဂါများကင်းစင်ကာ လုပ်သားများအင်အားမှာ အနည်းဆုံး ၇၀၀၀ နှင့်အထက်ရှိရန် လိုအပ်ပါ သည်။ မွေးမြူမည့်ပျားများကို မျိုးပျားများ ဝယ်ယူ ခြင်း၊ မျိုးပျားအုံများဝယ်ယူခြင်း၊ သင်းခွဲပျားများကို ဖမ်းယူခြင်း စသည့်နည်းများ ဖြင့် ရရှိနိုင်ပါသည် မျိုးပျားများဖြင့် စတင်မွေးမြူခြင်း မျိုးပျားများကို မှာယူပါက လုပ်သားပျားများနှင့် မိတ်အောင်ပြီး ပျားဘုရင်မတစ်ကောင်ပါရှိပါ သည်။ အလေးချိန်အားဖြင့် နှစ်ပေါင်မှ ငါးပေါင်အထိရှိသော မျိုးပျားများကို ဝယ်ယူရရှိနိုင်ပြီး အလေးချိန် တစ်ပေါင်လျင် ပျားကောင်ရေ ၃၅၀၀ ခန့် ပါရှိတတ်ပါသည်။ အလေးချိန် နှစ်ပေါင်ရှိသော မျိုးပျားများကို စီးပွားဖြစ်မွေးမြူသူများက အရေအတွက်များစွာ မှာယူကြပါသည်။ ထိုအလေးချိန်မှာ နည်း၍ ပျားကောင်ရေနည်းသော်လည်း အတွေ့အကြုံနှင့် ကျွမ်းကျင်မှုရှိပါက ပျားအုံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ သုံးပေါင်အလေးချိန်ရှိသော မျိုးပျားများကို ဝါသနာအရ ပျားမွေးမြူသူများနှင့် ပျားစတင် မွေးမြူသူများက မှာယူကြပါသည်။ လေးပေါင်နှင့် ငါးပေါင်အလေးချိန်ရှိပျားများမှာ ဝတ်မှုန်ကူးရန် အသုံးပြုမည့် သူများအတွက် ဖြစ်ပြီး အလေးချိန်ရှိ ပျားကောင်ရေ အများအပြားရှိသောကြောင့် ဝတ်မှုန်ကူးသည့်အချိန်ပြီးပါက ပျားအုံအင်အားကို ထိန်းသိမ်းရန် မလိုတော့ပါ။ (ဆက်လက်ဖော်ပြပါမည်)
Background