Main menu

Background

လှိုင်းလေပြင်းထန်သော ပင်လယ်ပြင်တွင် မြန်မာရေလုပ်သားတို့အတွက် နေရာရှိသည်

Sun, 11/20/2011 - 07:05 -- Anonymous (not verified)

                   မြန်မာ့ပင်လယ်ပြင် ငါးဖမ်းဆီးထုတ်လုပ်မှုလုပ်ငန်းခွင်ကို လေ့လာကြည့်ရာတွင် ပုဂ္ဂလိကအပိုင်းမှ ပြင်ပတွင်အခေါ်အသုံးများသော (၁)ပဲ့နင်းကြီး၊ (၂)စက်ဆရာ၊ (၃)ငါးဆရာတို့သည် ကဏ္ဍအလိုက် အရေးပါသော တာဝန်များကို ထမ်းဆောင်နေကြကြောင်း တွေ့ရသည်။ ပဲ့နင်းကြီးကျွမ်းကျင်မှုမရှိလျှင် ကျယ်ပြောလှသော မြန်မာ့ ပင်လယ်ပြင်တွင် ငါးဖမ်းစက်လှေသည် လိုရာခရီး မပေါက်မြောက် သကဲ့သို့ စက်ဆရာသည် အင်ဂျင်ပိုင်းနှင့် အင်ဂျင်ခန်း နိုင်နင်းစွာ မကိုင်တွယ်နိုင်က ခရီးဖင့်နှေးကြန့်ကြာ၍ ချာချာလည်နေမည်သာ ဖြစ်သည်။ လိုရာခရီးသို့ စက်ပိုင်းဆိုင်ရာ ချောမွေ့စွာရောက်ရှိသော် လည်း ဖမ်းဆီးရယူလိုသည့် ငါးအုပ်ရှိရာသို့ ငါးဆရာက လမ်းညွှန်မပြ နိုင်လျှင်လည်း ရေသာများ၍ ငါးလည်းမတွေ့ပြီဆိုသကဲ့သို့ အချိန် အချည်းနှီး၊ ငွေကြေးအလဟဿ၊ ဆီကုန်၊ လူပန်းနှင့် နွမ်းလျအိမ် ပြန်သာ ဖြစ်ပေတော့မည်။                   ဤသည်မှာ ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၁၆ရက်နေ့ ငါးလုပ်ငန်း ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သော မြန်မာ့ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်းမှ လုပ်ငန်းရှင်များ တက် ရောက်ဆွေးနွေးခဲ့သည့် ဘုံကျောင်းငါးဖမ်းလှေများတွင် တရုတ်နိုင်ငံ သားကျွမ်းကျင်ပညာရှင်များ လိုက်ပါခွင့်ပြုသင့်/မသင့် ဆွေးနွေးပွဲမှ ပင်လယ်ပြင်နှင့် နှစ်ပေါင်းများစွာ အသက်နှင့်ရင်းနှီးလုပ်ကိုင်ခဲ့သော ဌာနဆိုင်ရာ ပညာရှင်များ၊ ပင်လယ်ပြင်တွင် လက်ရှိလုပ်ကိုင်ဆဲဖြစ်သော ငါးဖမ်းလှေများမှ ပဲ့နင်းကြီးများ၊ မြန်မာ့ပင်လယ်ပြင်တွင် သက်စွန့်ဆံဖျား လိုက်ပါလုပ်ကိုင်ရင်း အမျိုးသားများနှင့် ရင်ဘောင် တန်း လက်တွေ့ကျကျ ငါးဖမ်းလုပ်ကိုင်ခဲ့သူ အမျိုးသမီးပညာရှင်၊ တရုတ်နိုင်ငံ သားကျွမ်းကျင်သူများနှင့် လက်တွဲလုပ်ကိုင်ခဲ့သူ ကုမ္ပဏီ ပိုင်ရှင်လုပ်ငန်းရှင်များ၏ ဆွေးနွေးချက်ရလဒ်အချို့ကို ခြုံငုံတွေးဆ မိခြင်းဖြစ်ပါသည်။                 ဆွေးနွေးပွဲတွင် ၁၉၉၈ ခုနှစ်မှစ၍ ဘုံကျောင်းငါးဖမ်းစက်လှေ (သံခွံ)များကို မြန်မာနိုင်ငံသို့တင်သွင်း၍ ငါးဖမ်းစက်လှေတစ်စီးလျှင် တရုတ်ကျွမ်းကျင်သူ သုံးဦးအထိလိုက်ပါငါးဖမ်းဆီးခွင့်ပြုခဲ့ရာ ကုမ္ပဏီ လည်း အကျိုးရှိ၊ ငါးအထိအမိလည်း ပိုမိုခဲ့ကြောင်း၊ ယနေ့ကာလတွင် နိုင်ငံခြားသား ကျွမ်းကျင်သူများ လိုက်ပါခွင့်မရတော့သည့်အတွက် ဘုံကျောင်းငါးဖမ်းလှေများ အခက်အခဲနှင့် တွေ့ကြုံနေရပါကြောင်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်းတွင် ပဲ့နင်းနှင့် ငါးဆရာ နေရာတွင် မြန်မာ ကျွမ်းကျင်ရေလုပ်သားများသို့ နည်းပညာလက်ဆင့်ကမ်းခြင်းဖြင့် အစားထိုးတာဝန် ပေးအပ်နိုင် ပါသော် လည်း တရုတ်သံခွံသင်္ဘော၏ အင်ဂျင်ပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံမှာ ရှုပ်ထွေးသဖြင့်လည်း ကောင်း၊ ယခင်ကပင် လူအများစိတ်ဝင်စားခြင်းမရှိသည့် အင်ဂျင် ပိုင်းကို မြန်မာလူမျိုးများသို့ လက်ဆင့်ကမ်းပညာပေး ဝေခဲ့ခြင်း မရှိ သဖြင့် ဘုံကျောင်းငါးဖမ်းစက်လှေ တရုတ်သံခွံသင်္ဘောများတွင် တရုတ်ကျွမ်းကျင ်(အင်ဂျင်စက်ပိုင်း ပညာရှင်)တစ်ဦး (သို့) နှစ်ဦးလိုက် ပါရန် တင်ပြရခြင်းဖြစ်ပါကြောင်း၊ သို့မှသာ မြန်မာရေလုပ်သားများ အလုပ်အကိုင် အခွင့်အလမ်း ပြန်လည်ရရှိ လုပ်ငန်းခွင်ဝင်ရောက်နိုင် မည်ဖြစ်ကြောင်း ဆွေးနွေးသွားသည်ကို သိရှိခဲ့ရပါသည်။                  မြန်မာ့ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းကို မြန်မာတို့သည် လွန်ခဲ့သည့် တစ်နှစ်၊ နှစ်နှစ်ခန့်မှ စတင်လုပ်ကိုင်ခဲ့သည်မဟုတ်ပေ။ စီးပွား ဖြစ် ငါးဖမ်းဆီးခြင်းကို ၁၉၆၀ ခုနှစ်နောက်ပိုင်းတွင် DSI ဗိုလ်လက်ျာ လက်ထက်ကတည်းက ဂျပန်နိုင်ငံနှင့်ပူးပေါင်း၍ တရွတ်ဆွဲ ငါးဖမ်းစက်လှေများဖြင့် စတင်ခဲ့သည်။ စီးပွားဖြစ် မြန်မာ့ပင်လယ်ငါးဖမ်းဆီးခြင်းလုပ်ငန်းကို (၁၉၇၂) ခုနှစ်နှောင်းပိုင်းတွင် မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီခေတ်၊ ပြည်သူ့ပုလဲနှင့် ငါးလုပ်ငန်းကော်ပိုရေးရှင်း မှ ပြည်သူပိုင်အခန်းကဏ္ဍမှ စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ် ပါသည်။                       ပုလဲနှင့်ငါးဟု အမည်ကျော်ကြားလှသည့် မြန်မာ့ပုလဲနှင့် ငါး ကော်ပိုရေးရှင်းလက်ထက်တွင် Mothership အဖြစ် ဂျပန်နိုင်ငံမှ ဝယ်ယူတင်သွင်းသော ဘေးချတရွတ်ဆွဲ (Side trawl) လင်ဇင်း (Lin Zin)  သင်္ဘောဖြင့် စတင်ခဲ့သည်။ ထို့နောက် ဟော်လန်နိုင်ငံမှ ဝယ်ယူတင်သွင်းသော ပုစွန်ဖမ်းတရွတ်ဆွဲ (Double rig shrimp trawller)  ၊ ရေဝတီသင်္ဘော(Sterm Trawl)များဖြစ်ကြသည့် ဘရဏီ၊ ရောဟဏီ၊ မိဂဿီစသည့် သံခွံသင်္ဘောများသည် ပုလဲနှင့် ငါးဖမ်းသင်္ဘောများအဖြစ် ထိုခေတ်က လူသိများ ကျော်ကြားလှသည်။                         ထိုခေတ်ကာလက မြန်မာလူမျိုးများသည် ရေချိုမြစ်ချောင်း အင်းအိုင်ငါးများကိုသာ စားသုံးမှုများပြားပြီး ပင်လယ်ငါးစားသုံးသူ မရှိသလောက်ရှားပါးလှသဖြင့် စကော့ဈေး(ယခုဗိုလ်ချုပ်ဈေး) အတွင်းတွင် ယမုံနာငါးဆိုင် ဖွင့်လှစ်၍ " ပင်လယ်ငါးစားမှ အားရှိ သည်" ''ခေတ်မီသူတိုင်း ပင်လယ်ငါးစားကြသည်"ဟု ကြော်ငြာ၍ ငါးမုတ်၊ ကကတစ်စသည့်ငါးများကို စားချင့်စဖွယ်ကြော်၊ ချက်ရောင်းချသည်မှာ ယနေ့တိုင်စွဲမက်ဖွယ်ကြော်ငြာအဖြစ် ထင်ကျန် ရစ်ခဲ့သည်။                   ထို့နောက် မြန်မာ့ပင်လယ်ပြင်သို့ ကျူးကျော်ဝင်ရောက် ငါးခိုး ဖမ်းသည့် ထိုင်ဝမ်ငါးဖမ်းစက်လှေ (သံခွံ ကိုယ်ထည်)များကို ပုလဲနှင့် ငါးသို့ လွှဲပြောင်းလက်ခံပြီးနောက် ငါးရာအုပ်စုရေယာဉ် (501, 503, 507, 509, 511, 515,517) အဖြစ်သတ်မှတ်၍ ပင်လယ်ငါးဖမ်း လုပ်ငန်းတိုးမြှင့်ခဲ့သည့်နည်းတူ တစ်ဖက်မှလည်း ODA (Oversea Development Agency) နှင့် ADB( Asia Development Bank) တို့မှ ချေးငွေဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ဇီးဖြူသောင်၊ မြိတ်၊ ထားဝယ်၊ ဝါးကျွန်းအစရှိသည့် မြန်မာ့ပင်လယ်ကမ်းရိုးတန်း တစ်လျှောက် အအေးခန်းစက်ရုံများတည်ဆောက်၍ ငါး၊ ပုစွန်ပြုပြင် မွမ်းမံခြင်းလုပ်ငန်းကို ချဲ့ထွင်ခဲ့ကြသည်။ ၁၉၈၀ခုနှစ်နောက်ပိုင်းတွင် ကိုရီယားနိုင်ငံမှ မှာယူတင်သွင်း သော ရေယာဉ်၏အရွယ်အစားအလိုက် သတ်မှတ်သည့် တစ်ရာ အုပ်စုဝင် ရေယာဉ် ၁၀ စီးနှင့် ငါးရာအုပ်စုဝင် သုံးစီး၊ သြစတြေးလျ နိုင်ငံမှ လေးရာအုပ်စုဝင် ပုစွန်ဖမ်းရေယာဉ် ၁၀ စီး၊ နော်ဝေးနိုင်ငံမှ မှာယူတင်သွင်းသော လေးရာအုပ်စုဝင် ပုစွန်ဖမ်းရေယာဉ် ၁၀ စီး၊ ငါးဖမ်းရေယာဉ်နှစ်စီး၊ ဒိန်းမတ်နိုင်ငံမှ လေးရာအုပ်စုဝင် ပုစွန်ဖမ်းရေ ယာဉ်လေးစီး၊ UK နိုင်ငံမှ မှာယူတင်သွင်းသော လေးရာအုပ်စုဝင် ပုစွန်ဖမ်းဖိုက်ဘာရေယာဉ် ၁၀ စီး၊ သုညသုည(၀၀)အုပ်စုဝင် ကမ်းနီး ရေယာဉ်အသေး ၁၀ စီး၊ ဂျပန်နိုင်ငံမှ တင်သွင်းသော ငါးရာအုပ်စု ဝင် နှစ်စီး၊ ထိုင်းနိုင်ငံမှ မြန်မာ့ပင်လယ်ပြင်သို့ ဝင်ရောက်ငါးခိုးဖမ်း သဖြင့် လွှဲပြောင်းလက်ခံရရှိသည့်တန်ကေး (သစ်သားလှေခွံ) နှစ်ရာ အုပ်စုဝင်များဖြင့် မြန်မာ့ပင်လယ်ငါးဖမ်းလုပ်ငန်းကို မြန်မာနိုင်ငံ သားမြန်မာသင်္ဘော(ကပ္ပတိန်)များဖြင့်သာ မြန်မာ့ပင်လယ်ပြင်ငါးဖမ်း ဆီးခြင်းလုပ်ငန်းကို အဆင့်ဆင့်တိုးတက် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါသည်။ အထက်တွင် ပုလဲနှင့် ငါးရေယာဉ် (ငါးဖမ်းသင်္ဘော)များကို အသေးစိတ်ဖော်ပြရခြင်းမှာ ဂျပန်၊ နော်ဝေး၊ ဒိန်းမတ်၊ UK ၊ သြစတြေးလျ၊ တရုတ်(တိုင်ပေ)စသည့် မည်သည့်နိုင်ငံမှထုတ်လုပ်သည့် မတူညီသော တည်ဆောက်ပုံပါ၊ အင်ဂျင်စက်ခန်း၊ သင်္ဘောကိုယ် ထည်(သံခွံ/သစ်သား) ပင်ဖြစ်စေ၊ နိုင်ငံခြားသင်္ဘောအင်ဂျင်နီယာများ မြန်မာ့ပင်လယ်ပြင်တွင် လာရောက်မောင်းနှင်ပေးခြင်း၊ စက်ပြင်ဆင် ပေးခြင်းမဟုတ်ဘဲ မြန်မာသင်္ဘောကပ္ပတိန်နှင့် မြန်မာစက်ဆရာ များသာ နှစ်ပေါင်းများစွာ ကိုယ်တိုင်မောင်းနှင် စက်ပြင်ခဲ့ခြင်းဖြစ်ပါသည်။                   မြန်မာလူမျိုးတို့သည် အတတ်ပညာတစ်ခုကို သင်ယူတတ် မြောက်လွယ်သည်ဟု ဆိုပါသည်။ ဤသည်မှာလည်း အခြားမှလာ သည်မဟုတ် အတွင်းပင်ကိုယ်အခံဗီဇစိတ်တွင် ရယူလိုခြင်း၊ သင်ယူ လိုခြင်း၊ တတ်မြောက်လိုခြင်းတည်းဟူသော စေ့ဆော်စိတ်ကြောင့် ပင်ဖြစ်ပါသည်။ ဂျပန်ကားများ မြန်မာနိုင်ငံသို့ အလုံးအရင်းဖြင့် နယ်အနှံ့နေရာယူထားသော်လည်း ဂျပန်ဒရိုင်ဘာနှင့် ဂျပန်စက်ပြင်တစ် ယောက်မျှပါမလာခဲ့ပါ။ ဂျာမနီနိုင်ငံမှ ထုတ်လုပ်သည်ဖြစ်စေ၊ အင်္ဂလန်နိုင်ငံမှ ထုတ်လုပ်သည်ဖြစ်စေ မြန်မာလူမျိုးများ ကိုင်တွယ် အသုံးချ ပြုပြင်နိုင်စွမ်းရှိပါသည်။                         နိုင်ငံတော်သမ္မတ၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးအပါအဝင်ဖြစ် သော ဒေါက်တာနေဇင်လတ်ရေးသားသည့် စာအုပ်တစ်အုပ်တွင် လောကတွင် ပညာမတတ်သောပညာရှိနှင့် ပညာမရှိသောပညာ တတ်ဟူ၍ ရှိကြောင်း၊ အချို့မှာ တက္ကသိုလ်/ကောလိပ်မှ ဘွဲ့ဒီဂရီ တစ်ခုမျှပိုင်ဆိုင်ခြင်းမရှိသော်လည်း ကျွမ်းကျင်ရာလိမ္မာဆိုသကဲ့သို့ ၎င်း၏လုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းအတတ်ပညာကို တစ်ဖက် ကမ်းခပ် အသုံးချတတ်မြောက်သဖြင့် ပညာမတတ်သော ပညာရှိများ ဖြစ်ပါကြောင်း၊ အချို့မှာ တက္ကသိုလ်/ကောလိပ်မှ ဘွဲ့ဒီဂရီတစ်ခုကို ရယူ ပိုင်ဆိုင်ထားသော်လည်း ပညာရပ်ကို မကျွမ်းကျင်အသုံးမချ တတ်သဖြင့် ပညာမရှိသောပညာတတ်ပင်ဖြစ်ပါကြောင်း ဖော်ပြထား သည်မှာ မြန်မာလူမျိုးတို့၏ သဘောသဘာဝနှင့် အနီးစပ်ဆုံး ကိုက် ညီလှပေသည်။                       ယနေ့မြန်မာနိုင်ငံ၏ မော်တော်ယာဉ်လောကတွင် ကားပြင် အလုပ်ရုံ(ဝပ်ရှော့)၌ ဦးစီးဦးဆောင် ကိုယ်တိုင်ဆောင်ရွက်နေကြ သည့် စက်ပြင်ဆရာ မက္ကင်းနစ်များ အများစုသည် စက်မှုတက္ကသိုလ် ကျောင်းဆင်း၊ နည်းပညာဘွဲ့ရ၊ အေဂျီတီအိုင် ဒီပလိုမာဘွဲ့ရများ မဟုတ်ကြသော်လည်း စက်ပိုင်းဆိုင်ရာ ကျွမ်းကျင်စွာ ကိုင်တွယ်ပြင် ဆင်နိုင်သဖြင့် မော်တော်ယာဉ်များ လမ်းကြောင်းပေါ် လုပ်ငန်းခွင် ဝင်နိုင်ခြင်းပင်ဖြစ်ပါသည်။                         တရုတ်ကျွမ်းကျင်ပညာရှင်များ ငါးဖမ်းသင်္ဘောပေါ် လိုက်ပါ ခွင့်နှင့်ပတ်သက်၍ ဆွေးနွေးပွဲရလဒ်ကို ကောက်ယူထုတ်နုတ်ကြည့်လျှင် ဤစာစုအစပိုင်းတွင် ဖော်ပြထားခဲ့သည့် အရေးပါလှသော စက်ဆရာသည် ၎င်းတရုတ်သင်္ဘောစက်များကို တရုတ်အမျိုးသား များသာ ပြုပြင်ကိုင်တွယ်နိုင်သဖြင့် လိုက်ပါခွင့်ပြုရန် ဆွေးနွေးချက် သည် အဓိကအချက်ဖြစ်ကြောင်း တွေ့ရသည်။ ပုလဲနှင့်ငါးသင်္ဘော များဖြင့် အစချီခဲ့သည့် မြန်မာ့ပင်လယ်ငါးဖမ်းလုပ်ငန်းတွင် မြန်မာကပ္ပတိန်၊ မြန်မာစက်ဆရာ၊ မြန်မာငါးဆရာများဖြင့် စတင်ခဲ့သော ဤပင်လယ်ငါးဖမ်းခရီးသည် နိုင်ငံသားများအတွက် စရိတ်လည်း သက်သာသည်။ နိုင်ငံခြားသား ပါဝင်မှုမရှိသည့်အတွက် ဗီဇာသက် တမ်း စဉ်းစားရန်မလို၊ ငါးဖမ်းရက်ပိုမိုသည်။ ငါးအထိအမိပိုကောင်း သည်ဟု အစားထိုးတွေးခေါ်က လက်တွေ့ကျကျ ဖြစ်တန်စွမ်းများ လှပါသည်။                       ထို့အပြင် အင်ဂျင်စက်ကြောင့် ငါးဖမ်းလုပ်ငန်း နှောင့်နှေးလျှင် နှစ်ပေါင်းများစွာကြာမြင့် အင်ဂျင်သက်တမ်း ကုန်နေပြီဖြစ်သော၊ ပြင်ဆင်စရိတ်များစွာကုန်ကျနေသော အင်ဂျင်ဟောင်းများနေရာတွင် လုပ်ငန်းသဘာဝနှင့် ကိုက်ညီသည့် အင်ဂျင်သစ်များ အစားထိုးလဲ လှယ်ခြင်းဖြင့် လုပ်ငန်းခွင်မပျက် ရေလုပ်သားများ အလုပ်အကိုင် အခွင့်အလမ်းမပျက် ကုန်ထုတ်လုပ်မှု လျော့နည်းကျဆင်း ထိခိုက်မှု မရှိစေပဲ မြန်မာ့ပင်လယ်ပြင်သို့ ငါးဖမ်းခရီး ထွက်ခွာနိုင်မည်သာ ဖြစ်ပါသည်။            " လှိုင်းလေပြင်းထန်သော ပင်လယ်ပြင်တွင် လူပျော့လူညံတို့ အတွက်နေရာမရှိ " ဟူသော ဆိုရိုးစကားတစ်ရပ်ရှိရာ လူပျော့ လူညံ့မဟုတ်သော မြန်လူမျိုးတို့အတွက် ပြည်ပမှအတတ်ပညာရှင် များ၏ နေရာတွင် အစားထိုးတာဝန်ပေးအပ်ခြင်းဖြင့် မြန်မာ့ပင် လယ်ငါးဖမ်းလုပ်ငန်းအမြင်တင့်၍ ဂုဏ်ဆင့်ပါစေကြောင်း ဆန္ဒပြု အပ်ပါသည်။