Main menu

Background

ဂျုံစေ့တင်သွင်းမလား ၊ ဂျုံမှုန်တင်သွင်းမလား တောင်သူတွေမထိခိုက်ဘဲ ပြည်သူများရဲ့ အလုပ်အကိုင်အခွင့်အလမ်း၊ လုပ်ငန်းရှင်များရဲ့ ရှင်သန်နိုင်မှုနဲ့ စားသုံးသူများဘေးကင်းဖို့တော့ အဓိကထား စဉ်းစား

Mon, 11/21/2011 - 08:24 -- Anonymous (not verified)

ဂျုံမှုန့်တင်သွင်းရေး                  ၂၀၁၁ ခုနှစ် စက်တင်ဘာလ နောက်ဆုံးသီတင်းပတ်အတွင်း ပြည်သူ့လွှတ်တော်ညီလာခံမှာ လွှတ်တော် ကိုယ်စားလှယ်တချို့က လောလောဆယ်မှာ ဂျုံစေ့ကို တင်သွင်းခွင့်ပြုထားလျက်ရှိပြီး ဂျုံမှုန့် တင်သွင်းခွင့်မပြုထားခြင်းအပေါ် ဆွေးနွေးကြပြီး ဂျုံမှုန်တင်သွင်း ခွင့်ပြုရေး တင်ပြခဲ့တယ်လို့ သိရပါတယ်။ ဂျုံဟာ ရေမြေအနေ အထား အကန့်အသတ်နဲ့ စိုက်ပျိုးရတဲ့ သီးနှံဖြစ်လို့ မြန်မာနိုင်ငံအနေ နဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် တောင်ပိုင်း အချို့ဒေသများမှာသာ အများဆုံးစိုက်ပျိုးနိုင်ပါတယ်။ တစ်နိုင်ငံလုံး ဂျုံစိုက်ပျိုးမှုဟာ ဧက၂၃၀၀၀၀-၂၄၀၀၀၀ ဝန်းကျင်ရှိပြီး တစ်နှစ်ထုတ်လုပ်မှု ခန့်မှန်းတန်ချိန် ၁၂၀၀၀၀ ကျော်- ၁၃၀၀၀၀ ဝန်း ကျင် ထွက်ရှိတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးက စိုက်ဧက တစ်သိန်းခွဲ၊ နှစ်သိန်းဝန်းကျင်နဲ့ တစ်နိုင်ငံလုံး စိုက်ပျိုးမှုရဲ့ ၇၂ ရာခိုင်နှုန်းခန့် စိုက်ပျိုးထုတ်လုပ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း ကတော့ စိုက်ဧက ၂၃၀၀၀ ဝန်းကျင်နဲ့ ၁၅ ရာခိုင်နှုန်းခန့်ရှိပါတယ်။ နောက် ကချင်၊ မကွေးဘက်မှာလည်း အနည်းအကျဉ်း စိုက်ပျိုးတယ် လို့ သိရပါတယ်။ စားသုံးမှု တိုးလာလို့ ဂျုံစေ့တင်သွင်းမှု ပိုမို                  တစ်နေ့တခြားတိုးပွားလာတဲ့ လူဦးရေ၊ စားသုံးမှုပုံစံပြောင်းလဲလာမှု တို့နဲ့အတူ ဂျုံစားသုံးမှုလည်း တိုးတက်လျက်ရှိနေရာမှာ နှစ်စဉ် ပြည်တွင်းထုတ်လုပ်မှုနဲ့ မလုံလောက်တဲ့ပမာဏကို ပြည်ပနိုင်ငံတွေက တင်သွင်းနေရ ပါတယ်။ ဒီလိုတင်သွင်းရာမှာ နိုင်ငံတော်အစိုးရက ရည်ရွယ်ချက်ကောင်းများစွာနဲ့ ဂျုံစေ့ကိုသာ တင်သွင်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဂျုံစေ့တင်သွင်းမှုကို လေ့လာကြည့်တဲ့အခါ ၂၀၀၉- ၂၀၁၀ ဘဏ္ဍာနှစ်မှာ သြစတြေးလျ၊ တရုတ်၊ ဂျာမဏီ၊ ရုရှား၊ ယူကရိန်း၊ယူအေအီး၊ အမေရိကန်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့က တန် ချိန် ၁ ဒသမ ၆၄၅ သိန်း၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ တန်ချိန် ၂ ဒသမ ၁၂၃ သိန်း တင်သွင်းခဲ့ရတယ်လို့ သိရပါတယ်။ရေမြေအနေ အထားအရ ဂျုံစိုက်ပျိုးမှုသိသိသာသာ တိုးတက်ထုတ်လုပ်နိုင်မှု မရှိ ပေမဲ့ တိုးတက်နေတဲ့ စားသုံးမှု ပြည့်မီအောင်တော့ တင်သွင်းမှု တွေ ပိုမိုလာတာတွေ့ရပါတယ်။                     ဒီလိုကုန်ကြမ်းအတိုင်းတင်သွင်းရာမှာ ရရှိတဲ့အကျိုးအမြတ်၊ တွေ့ကြုံ ရတဲ့အခက်အခဲနဲ့ အကယ်လို့များ ဂျုံမှုန့်တင်သွင်းမယ်ဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးနဲ့ အပြစ်ကို လေ့လာနိုင်ဖို့ ဂျုံလုပ်ငန်းမှာ အဓိကပါဝင်နေတဲ့ ထင်ရှားတဲ့ ရန်ကုန်ဂျုံလုပ်ငန်းရှင်များ၊ မန္တလေး ဂျုံမှုန့် လုပ်ငန်းရှင်များနဲ့ မုံရွာဂျုံစက်လုပ်ငန်းရှင်တွေရဲ့ ကိုယ်ပိုင် အတွေးအမြင်များကို ကောမတ်စ်က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဂျုံစေ့ အလုံအလောက်ဝယ်ယူမရလို့ စက်ရုံတချို့ ရပ်နားရတယ် လို့ဆို                ပထမဆုံးအနေနဲ့ ပြည်တွင်းထွက် ဂျုံစေ့များကို အရောင်း အဝယ်ပြုလုပ်တဲ့ မန္တလေးဈေးကွက်ကို အရင်ဆုံးလေ့လာကြည့်မယ် ဆိုရင် မန္တလေးတိုင်းဒေသကြီးအတွင်း ဂျုံစိုက်ဧက ၂၈၁၄၄ ကနေ အထွက် ၂၃၁၁၉ တန်ခန့်ရှိပြီး စားသုံးမှု ၃၈၀၅၅ တန်ရှိတဲ့အတွက် တိုင်းတွင်း ဂျုံလိုအပ်ချက် ၁၁၉၃၅ တန်ရှိတယ်လို့ သိရပါတယ်။ တိုင်းဒေသကြီးအတွင်း ဂျုံစက်ရုံကြီး ၂၂ စက်၊ အလတ် ၄၃ စက်နဲ့ ဂျုံစက်ငယ် ၃၉ စက်၊ စုစုပေါင်း ဂျုံစက် ၁၀၄ စက်လည်ပတ်ထုတ် လုပ်နေကြောင်း သိရပါတယ်။ တိုင်းဒေသကြီးအတွင်း ဂျုံထုတ်လုပ် တဲ့ လုပ်ငန်းရှင်များနဲ့ တွေ့ဆုံမေးမြန်းချက်အရ ဂျုံမှုန့် ထုတ်လုပ်ဖို့ ဂျုံစေ့ကို ပြည်တွင်းမှာ ဝယ်ယူရတာ အခက်အခဲရှိလို့ စက်များအနေနဲ့ ကိုယ်ထုတ်နိုင်သလောက် ဂျုံမှုန့်မထုတ်လုပ် နိုင်ဘူးလို့ သိရပါတယ်။ ဂျုံစက်ငယ်ပိုင် လုပ်ငန်းရှင်တွေကလည်း ပြည်ပက တင်သွင်းတဲ့ ဂျုံစေ့ကို ဂျုံစက်ရုံကြီးတွေနဲ့ ယှဉ်ပြိုင်ဝယ်ယူနိုင်မှုမရှိလို့ အခက်အခဲ ဖြစ်တယ်လို့ ဆိုပါတယ်။ " ဂျုံစေ့ကို ပြည်ပကနေ တင်သွင်းခွင့်ပြုရင် ကျွန်တော်တို့လုပ်ငန်းငယ်သမားတွေ စုပေါင်းပြီး လုပ်နိုင်ပါတယ်။ အခုတော့ တစ်ဆင့်ခံတွေများလို့ ဂျုံစက်ငယ်တော်တော်များများ ရပ်နားထားရတယ်" လို့ ဂျုံစက်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ကြိတ်ခွဲနိုင်သလောက် ဂျုံစေ့ကို ရောင်းချမပေးနိုင်ဘဲ ဈေးကွက် ထိန်းချုပ်တဲ့သဘော၊ ခွဲတမ်းနဲ့ ရောင်းချပေးတယ်လို့လည်း ဆိုပါတယ်။  မုန့်လုပ်ငန်းရှင်များက ဂျုံကိုယ်တိုင်တင်သွင်းလို                   မန္တလေးမြို့အခြေစိုက်ဘီစကစ်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တစ်ဦး ကလည်း "ကျွန်တော်တို့က ဂျုံစက်ကြီးနဲ့ ဂျုံစက်ငယ်တွေဆီက ဂျုံမှုန့် ဝယ်ရတာပါ။ ကျွန်တော်တို့ ထုတ်ချင်တဲ့ မုန့်Quality  မျိုး ဂျုံမှုန့် ဝယ်မရတာလည်း ကြုံတွေ့ရတယ်။ ဂျုံစေ့ကို ကိုယ်တိုင်Import  လုပ်ခွင့်ရရင် ကိုယ်လိုချင်တဲ့ Quality  မျိုးရပြီး ဈေးလည်းသက် သာမယ်။ ဂျုံစက်လေးတွေလည်း ပိုအလုပ်ဖြစ်မယ်" လို့ပြောပါတယ်။ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်ထုတ် လုပ်တင်ပို့ရောင်းချသူများအသင်း အနေနဲ့လည်း ဂျုံမှုန့်တင်သွင်းရေး ကိစ္စကို ၂၀၀၆ ခုနှစ်ကလည်း တင်ပြဆောင်ရွက်ဖူး ကြောင်း သိရပြီး တကယ်လို့ Import  လုပ်ခွင့်ရရင် အသင်းအနေနဲ့လည်း စုပေါင်း ဆောင်ရွက်သွားမယ် လို့အသင်းအလုပ် အမှုဆောင်က ပြောပါတယ်။ ဥပဒေမဲ့ဲ့ တင်သွင်းလာတဲ့ ဂျုံမှုန့်များကြောင့် ပြည်တွင်းစက်သမားများ ထိခိုက်                   ဂျုံအများဆုံးစိုက်ပျိုးထွက်ရှိရာ စစ်ကိုင်းတိုင်း မုံရွာနယ်မှာရှိတဲ့ ဂျုံစက်သမားများရဲ့ရင်းတွင်း စကားအနေ နဲ့တရုတ်ဒေသကြီးဖက်က အကောက်ခွန်မဲ့ ဝင်လာတဲ့ ဂျုံမှုန့်ဈေးက ၁၅ ပိဿာဝင်တစ်အိတ် ၁၄၀၀၀ကျပ် ခန့်၊ တစ်ပိဿာ ၉၀၀ ကျပ်ခန့်သာရှိပြီး ဒေသဂျုံမှုန့်က တစ်ပိဿာ ၁၁၀၀ ကျပ်ခန့်ရှိတဲ့အတွက် ယှဉ်ရောင်းဖို့ အခက် အခဲရှိ တယ်လို့ ဆိုပါတယ်။ တရားဝင်နိုင်ငံတော်က တင်သွင်းခွင့်ပြုရင် ဂျုံမှုန့်အရည်အသွေးမီပြီး မိမိဒေသဈေးနဲ့ သိပ်မကွာလို့ ဖောက်သည် မလျော့ဘဲ ဈေးကွက်ယှဉ်နိုင်မှာဖြစ်လို့ နိုင်ငံတော်အတွက်လည်း ဝင်ငွေရရှိစေမှာ ဖြစ်ပြီး စက်သမားတွေ လက်ခံနိုင်ကြတယ်လို့ ဆိုပါတယ်။ ဥပဒေမဲ့ အခွန်လွတ်တင်သွင်းလာတဲ့ ဂျုံမှုန့်တွေမှာ ဒိတ်အောက်တွေ ဖြစ်ပြီး ဈေးလျော့ရောင်းနိုင်တဲ့အတွက် ပြည်တွင်း စက်သမားတွေကို ထိခိုက် နစ်နာစေတယ်လို့ ဆိုပါတယ်။ ဂျုံမှုန့်အစား ဂျုံစေ့ တင်သွင်းပြီးမျှတတဲ့ဈေးနဲ့ဖြန့်ဝေစေလို                          မုံရွာဂျုံစက်သမားတွေ ဆန္ဒကတော့ မျှတတဲ့ ဂျုံမှုန့်ဈေးနဲ့သာ ပြည်တွင်းဈေးကွက်မှာ ဖြန့်နိုင်ရင်ဂျုံစိုက် တောင်သူတွေအတွက်လည်း ထိုက်သင့်တဲ့ အကျိုးအမြတ်ကို ရစေပြီး စားသုံးသူအတွက်လည်း ပစ္စည်းမှန် ဈေးမှန်အသုံးပြုနိုင်မှာဖြစ်လို့ ပြည်ပက ဂျုံမှုန့်အစား ဂျုံစေ့ ကိုသာ တင်သွင်းရင် ပိုမိုကောင်းမွန်တယ်လို့ သုံးသပ်သံကို ကြား သိရပါ တယ်။ ဂျုံစက်ရုံများ တိုးပွားလာခြင်း                    ရန်ကုန်မြို့မှာ နှစ်ပေါင်းများစွာ ဂျုံလုပ်ငန်းကို လုပ်ကိုင်လာတဲ့ Diamond Star  ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးပြောကြားတာ ကတော့ " မြန်မာနိုင်ငံဟာ ၁၉၉၆ ခုနှစ်အထိ ပြည်တွင်းဂျုံမှုန့် လို အပ်ချက်ရဲ့ ၇၀ ရာခိုင်နှုန်းခန့်ကို တင်သွင်းခဲ့ရပါတယ်။ ၁၉၉၇ ခုနှစ် က စပြီး နိုင်ငံတော်ရဲ့တွန်းအားပေးမှုကြောင့် ကျွန်တော်တို့လို ပြည် တွင်း လုပ်ငန်းရှင်များမှ ဂျုံစက်ရုံတွေ တိုးချဲ့တည်ဆောက်ခဲ့ပါတယ်။ နောက်ပြီး ၂၀၀၁ ခုနှစ်မှာ ပို့ကုန်သွင်းကုန် လုပ်ငန်းများ မှန်ကန်မှု ကြီးကြပ်ရေးကော်မတီမှ ဂျုံမှုန့်တင်သွင်းခွင့် ပိတ်ခဲ့တဲ့အတွက် ပြည်တွင်းစက်ရုံများထပ်မံပေါ်ထွက်လာခဲ့ပါတယ်။ လက်ရှိပြည်တွင်း စက်ရုံ တွေက ဂျုံမှုန့် ထုတ်လုပ်နိုင်မှုကို ပြောရမယ်ဆိုရင် ရန်ကုန်မှာ ပုဂ္ဂလိကစက်ရုံ ၄ ခုမှ တစ်ရက် တန်ချိန် ၁၆၆၀၊ မုံရွာ၊ မန္တလေးနဲ့ အခြားမြို့များမှာရှိတဲ့ ပုဂ္ဂလိကပိုင်စက်ရုံ ၅၀ ခန့်မှ တန်ချိန် ၅၀၀ ခန့်၊ အစိုးရနဲ့ တပ်မတော်ပိုင်စက်ရုံမှ ၁၃၀ တန်ခန့် ထုတ်လုပ်နိုင်တဲ့ အတွက် စုစုပေါင်းစက်စွမ်းအားဟာ နေ့စဉ်တန် ၂၃၀၀ခန့် ထုတ် လုပ်နိုင်စွမ်း ရှိပြီး တစ်နှစ်လုံးအနေနဲ့ တန်ချိန် ၈ သိန်းကျော်လောက် ထုတ်လုပ်နိုင်ပါတယ်" လို့ ဆိုပါတယ်။ ပြည်တွင်းစားသုံးမှုထက် စက်စွမ်းအားကပိုနေလို့ ဂျုံမှုန့်တင် သွင်းဖို့မလို                    ဆက်လက်ပြီး " လက်ရှိ ပြည်တွင်းစားသုံးမှုမှာ ဂျုံစေ့အနေနဲ့ တန်ချိန် ၃ သိန်းခန့်သာ ရှိလို့ တစ်နိုင်ငံလုံး ထုတ်လုပ်နိုင်တဲ့ စက်စွမ်းအားရဲ့ ၃ ပုံ၁ ပုံခန့်သာ စားသုံးလျက်ရှိတဲ့အတွက် ပြည်ပက ဂျုံမှုန့် တင်သွင်းဖို့ မလိုသေးဘူးလို့ ယူဆပါတယ်။ ဒါ့အပြင် နိုင်ငံတော်က ဂျုံမှုန့်တင်သွင်းဖို့ ပိတ်ပြီး ဂျုံစေ့တင်သွင်းခွင့်ပြုထားခြင်းဟာ အားသာ ချက်တွေရှိလို့ပဲဖြစ်ပါတယ်။ ပြည်တွင်းမှာ ထုတ်လုပ်မှုစွမ်းအား ရှိနေပြီးသားဖြစ်လို့ ပြည်တွင်းတောင်သူ များ စိုက်ပျိုးထုတ်လုပ်သလောက် အချိန်မရွေး ဝယ်ယူအသုံးပြုပေးနိုင်တယ်။ ဒါကြောင့် တောင်သူတွေ ဂျုံစေ့ စိုက်ပျိုးလို့ စီးပွားရေးတွက်ခြေကိုက်လာရင် ပိုမိုစိုက်ပျိုးလာ နိုင်မှာဖြစ်လို့ တောင်သူတွေရဲ့ စီးပွားရေးလည်းတိုးတက်လာမှာဖြစ်ပါ တယ်။ ဒါ့အပြင် ဂျုံစေ့မှ အမှုန့်ကြိတ်ရာမှာ ပြည်တွင်းလုပ်သားများ ကို အလုပ်အကိုင်အခွင့်အရေး ပိုမိုရရှိလာနိုင်ပြီး စက်စွမ်းအားပြည့် ထုတ်လုပ်နိုင်ရင် တိုက်ရိုက်လုပ်သားဦးရေ ၁၅၀၀၀ ခန့်နဲ့ သွယ်ဝိုက် လုပ်သားဦးရေ ၆၅၀၀၀ ခန့် အလုပ်အကိုင်အခွင့်အလမ်းရရှိပါတယ်" လို့ ဆိုပါတယ်။ ကုန်ကြမ်းတင်သွင်းမှုက ကုန်ချောထက် အကျိုးများတယ်လို့ဆို                    " ဒါ့အပြင် ဂျုံစေ့ကြိတ်ခွဲရာမှ ထွက်ရှိတဲ့ ဖွဲနု၊ ဖွဲကြမ်းများ ဟာလည်း တိရစ္ဆာန်အစာအတွက် အရေးပါတဲ့ ကုန်ကြမ်းအဖြစ် ပြည်တွင်းမွေးမြူရေးလုပ်ငန်းအတွက်လည်း အထောက်အကူပြုနေပါ တယ်။ ဒီလို အကျိုးကျေးဇူးတွေကြောင့် နိုင်ငံတော်တော်များများမှာ ကုန်ကြမ်းများကို ဦးစားပေးတင်သွင်းစေတာ တွေ့ရပါတယ်။ ကုန်ချော တင်သွင်းခွင့်ပြုတဲ့နိုင်ငံများမှာလည်း တင်သွင်းပမာဏ ကန့်သတ်ထားခြင်း၊ ဒါမှမဟုတ် ကုန်ကြမ်းထက် ကုန်ချောကို တင်သွင်း ခွန် တိုးမြှင့် ကောက်ခံခြင်းတွေ ပြုလုပ်တာတွေရှိပါတယ်"လို့ အကြံပြု ဆွေးနွေးပါတယ်။ ဂျုံမှုန့်တင်သွင်းရင် ဈေးသက်သာနိုင်ပေမဲ့ အရည်အသွေးတော့ ကွာမယ်လို့ဆို                     OK ဂျုံမှုန့်လုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးတင်ဦးနဲ့ ဆွေးနွေးရာမှာလည်း "လက်ရှိမှာ ဂျုံစေ့ပဲ တင်သွင်းနေရာက ဂျုံမှုန့်ပါတင်သွင်းခွင့်ပြုမယ်ဆိုရင်တော့ ဈေးကွက်မှာ ဂျုံမှုန့်ပေါပြီး ဈေးသက်သက်သာသာနဲ့ ရရှိလာမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဂျုံမှုန့်ဆိုရာမှာ မုန့်လုပ်ငန်းရှင်အမျိုးအစားအရ အသုံးပြုတဲ့ ဂျုံမှုန့်အရည်အသွေး အမျိုးမျိုးရှိတဲ့အတွက် ပြည်ပက တင်သွင်းတဲ့ ဂျုံမှုန့်ဟာ Customer  အကြိုက်ဖြစ်ဖို့လည်း ခက်ခဲပါတယ်။ ဥပမာ အနေနဲ့ တင်သွင်းသူ များအနေနဲ့ သာမန်အဆင့် ဂျုံမှုန့်ကို ဈေးလျှော့ရောင်းနိုင်ပေမဲ့ Special quality  ဂျုံမှုန့်အမျိုးအစားဟာ ပြည်ပကဂျုံစေ့တင်သွင်းပြီး ကြိတ်တဲ့ ပြည်တွင်းဂျုံမှုန့်ကို ယှဉ်ပြီးရောင်းနိုင်မယ်မထင်ပါဘူး" လို့ ဆိုပါတယ်။ ဂျုံမှုန့်များလျော့ချနိုင်ခြင်းမရှိသေးတဲ့ အခက်အခဲများ                   ဆက်လက်ပြီး " လက်ရှိကျွန်တော်တို့ ဂျုံစေ့တင်သွင်းရာမှာ ဆိပ်ကမ်း facilities  မပြည့်စုံတဲ့အတွက် ကွန်တိန်နာနဲ့သာ တင်သွင်း နေရတာကလည်း ဂျုံမှုန့်ဈေးလျှော့ပြီး မရောင်းနိုင်တဲ့ အချက်ထဲမှာ ပါပါတယ်။ အခြားနိုင်ငံ တွေမှာ ဂျုံစေ့တင်သွင်းတဲ့အခါ ဆိပ်ကမ်းမှာ လေစုပ်တင်နိုင်တဲ့ အခြေခံအဆောက်အဦပြည့်စုံတဲ့အတွက် သင်္ဘောအစီးလိုက်တင်သွင်းနိုင်လို့ ကုန်ကျစရိတ်သက်သာပြီး ဂျုံမှုန့်ကို ဈေးချရောင်းနိုင်ပါတယ်။ နောက်တစ်ချက် ကတော့ ဂျုံက ထွက်တဲ့ By-products  ဖြစ်တဲ့ ဂျုံဖွဲနုက ပြည်တွင်းမှာ ဈေးကောင်း မရတာပါဘဲ။ ပြည်တွင်းမှာ ဂျုံဖွဲနုကို တိရစ္ဆာန်အစာအတွက် တွင်တွင်ကျယ်ကျယ် အသုံးပြုမှုနည်းတာကြောင့်ပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် မွေးမြူရေးလုပ်ငန်းတွေ ထွန်းကားတော့ တိရစ္ဆာန်အစာဖြစ်တဲ့ ဂျုံဖွဲနုဈေးကောင်းရရှိပြီး ဂျုံမှုန့်ဈေးကို ချရောင်း နိုင်ပါတယ်။ နောက်စက်ရုံလည်ပတ်ရာမှာ မီးအားအပြည့်မရရှိတဲ့ အခါ မီးစက်အသုံးပြုရတော့ တစ်ယူနစ် ကုန်ကျစရိတ်ကြီးမားပါ တယ်။ ဒါတွေကဂျုံမှုန့်ဈေးလျှော့ချမရောင်းနိုင်တဲ့ အခက်အခဲတွေပါ" လို့ပြောပါတယ်။ ပြည်တွင်းမှာ ကျိတ်ခွဲတဲ့ ဂျုံမှုန့်များ ဘေးကင်းစိတ်ချရကြောင်း အာမခံချက်ပေးနိုင်                   " ကျွန်တော်တို့ ဂျုံစေ့တင်သွင်းပြီး ပြည်တွင်းမှာ ကြိတ်ခွဲခြင်း အားဖြင့် ရရှိတဲ့ အကျိုးကျေးဇူးတွေကတော့ ဂျုံမှုန့် Customer တွေ လိုအပ်တဲ့ Quality ကို Customer များအကြိုက် ထုတ်လုပ် ရောင်းချပေးနိုင်တယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိမယ်၊ ပြီးတော့ ဂျုံမှုန့်အနေနဲ့လည်း စားသုံးသူတွေ food safety အဖြစ် စိတ်ချလက်ချဝယ်ယူသုံးစွဲနိုင်တဲ့ အာမခံချက်ပေးနိုင်ပါတယ်။ ဂျုံမှုန့် တင်သွင်းခွင့်ပြုခြင်းဟာ ဈေးကွက်တစ်ခုပဲကြည့်ရင် မှန်ပါတယ်။ ဒါပေမဲ့ ဈေးပေါတဲ့ ဂျုံမှုန့်တွေ တင်သွင်းခြင်း အားဖြင့် ပြည်တွင်းဂျုံစေ့ စိုက်ပျိုးသူတွေ ထိခိုက်နိုင်သလို ဂျုံမှုန့်စက်ရုံတွေကရရှိတဲ့ အလုပ် အကိုင် အခွင့်အလမ်းလည်း နည်းပါးသွားမှာဖြစ်ပါတယ်။ ကျွန်တော် တို့ ဂျုံလုပ်ငန်းရှင်တွေအနေနဲ့ Contract farming  ပုံစံနဲ့ တောင်သူ တွေကို မျိုးစေ့နဲ့ သွင်းအားစုအတွက် ငွေချေးပေးပြီး ဂျုံကို ပြန်လည် ဝယ်ယူ ပေးတဲ့အတွက် တောင်သူတွေအတွက် ပုံမှန်ဈေးကွက် ရရှိနိုင်လို့ အထွက်နှုန်းပိုပြီး အကျိုးအမြတ်ပိုမိုရရှိပါတယ် " လို့ ဆွေးနွေးပါတယ်။ တင်သွင်းစရိတ်လျော့ချရေး အခြေခံအဆောက်အဦးများ တိုးမြှင့်သင့်၊ တင်သွင်းသူများမှလည်း မျှတတဲ့ အကျိုးအမြတ်နဲ့ ဆောင်ရွက်သင့်                 တကယ်တော့ ပြည်တွင်းစားသုံးမှု လုံလောက်ဖို့အတွက် ပြည်တွင်းမှာ တိုးမြှင့်ထုတ်လုပ်နိုင်မယ်ဆိုရင်တော့ နိုင်ငံတော် အတွက် အကောင်းဆုံးပါပဲ။ ရေမြေအကန့်အသတ်အရ စိုက်ပျိုးရတဲ့ ဂျုံစေ့အနေနဲ့ ပြည်တွင်းလိုအပ်ချက် ပြည့်ဝအောင် ထုတ်လုပ်နိုင်စွမ်းမရှိရင်လည်း လိုအပ်ချက်ကို ဝယ်ယူတင်သွင်းရမှာဘဲဖြစ်ပါတယ်။ ဒီလိုဝယ်ယူတင်သွင်းတဲ့အခါ ပြည်တွင်းလုပ် ငန်းရှင်များ အကျိုးအမြတ်ရှိပြီး ဈေးနှုန်းယှဉ်ပြိုင်ရောင်းချနိုင်ဖို့အတွက် အရေးပါတဲ့ တင်သွင်းစရိတ်လျှော့ချရေး လိုအပ်တဲ့ အခြေခံအဆောက်အအုံများ တိုးမြှင့်ပေးဖို့လိုပါတယ်။ ဒါ့အပြင် လက်ရှိတင်သွင်းနေတဲ့ ဂျုံလုပ်ငန်း ရှင် များအနေနဲ့လည်း ပြည်တွင်းစက်ရုံငယ်များ လုပ်သာကိုင်သာရှိစေဖို့ မျှတတဲ့ဈေးနှုန်း၊ သင့်တင့်တဲ့ အကျိုးအမြတ်နဲ့ ဆောင်ရွက်ကြ မယ်ဆိုရင်ဖြင့် ရေရှည်လက်တွဲဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ AFTA , AEC တို့မှာ လုပ်ငန်းရှင်များ ရှင်သန်နိုင်ရေး                  ပြည်ပက တရားမဝင်ရောက်ရှိလာတဲ့ ဂျုံမှုန်များကြောင့် လက်ရှိအချိန်မှာတောင် ပြည်တွင်းဂျုံမှုန့်စက်ရုံတချို့ ယှဉ်ပြိုင် ရောင်းချနိုင်မှုမရှိရင် နောင်မကြာမီ ရောက်ရှိတော့မယ့် ၂၀၁၅ မှာ တွေ့ကြုံရမယ့် Asean Free Ttrade Area , Asean Economi Community တို့မှာလုပ်ငန်းရှင်များ မကျရှုံးရေးကိုလည်း ထည့်သွင်း စဉ်းစားဖို့လိုအပ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ပြည်ပက အရည်အသွေးမမီတဲ့ ဂျုံမှုန့်အမျိုးအစားများ၊ ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ ဂျုံမှုန့်များ ဝင်ရောက်မလာရေးကိုလည်း လိုအပ်တဲ့ စည်းမျဉ်းများနဲ့ ကန့်သတ်ဖို့လိုအပ်နေပါပြီ။ ဒီလိုဆောင်ရွက်ဖို့ဆိုရာမှာ လုပ်ငန်းရှင်တစ်မျိုးထဲ ဆောင်ရွက်လို့မရသလို အစိုးရတစ်ခုထဲကလည်း ဆောင်ရွက်လို့မရတဲ့အတွက် လုပ်ငန်းရှင်ကြီး၊ လတ်၊ သေး အားလုံးစုပေါင်းတဲ့ အသင်းအဖွဲ့များမှ တက်ကြွစွာဦးဆောင်ပြီး သက်ဆိုင်ရာဌာနများနဲ့ လက်တွဲဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ လုပ်ငန်းရှင်များ အဆင်ပြေချော့မွေ့စွာ ဆောင်ရွက်နိုင်ရေး အဘက်ဘက်က ဖြေလျှော့ပေးနေတဲ့ ယခုလိုကာလမှာ လုပ်ငန်းရှင်များကတော့ မိမိလုပ်ငန်းသဘာဝ၊ ရယူလိုတဲ့ အခွင့်အရေးတွေကို တင်ပြနေပါပြီ။ ဂျုံစေ့သွင်းသည် ဖြစ်စေ၊ ဂျုံမှုန့်သွင်းသည်ဖြစ်စေ အဓိကတော့ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သူတွေကို မထိခိုက်ဘဲ၊ ပြည်သူများရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိဖို့။ လုပ်ငန်းရှင် အကြီး၊ အလတ်၊ အသေးအားလုံး ဆက်လက်ရှင်သန်ရေးနဲ့ စားသုံးသူများ ဘေးကင်း စိတ်ချရတဲ့ စားသောက်ကုန်များဖြစ်ဖို့ကိုတော့ အဓိကထား စဉ်းစားဖို့တော့လိုကြောင်းပါ။