Main menu

Background

သမာသမတ်ရှိသော စီးပွားရေးအသိုက်အဝန်းသို့

Sun, 12/04/2011 - 09:42 -- Anonymous (not verified)

                       နိုင်ငံတစ်ခုအနေဖြင့် အပြည်ပြည်ဆိုင်ရာ ဈေးကွက်များ အထိ ထိုးဖောက်ဝင်ရောက်နိုင်စေရေးအတွက် နိုင်ငံတွင်းတွင် သမာသမတ်ရှိသော စီးပွားရေးအဖွဲ့အစည်းဖြစ်ရန် လိုအပ်ပါသည်။ စီးပွားရေးလုပ်ငန်းတွင် ပါဝင် ဆောင်ရွက်နေသူများ အားလုံး မိမိတို့၏ ပြည်တွင်းစီးပွားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ကျင့်ဝတ်များကို ကျွမ်းကျင်နှံ့စပ်လိုက်နာစောင့်ထိန်းရန် လိုအပ်သကဲ့သို့ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုတွင် ကျင့်သုံးသည့် လုပ်ထုံး လုပ်နည်းများကိုလည်း လိုက်နာစောင့် ထိန်းရန် လိုအပ်ပါသည်။                      အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသည်နိုင်ငံဖွံ့ဖြိုးမှု အတွက် တွန်းအားတစ်ရပ်ဖြစ်ရုံမျှမက ဆင်းရဲမှုပပျောက် ရေးအတွက်အဓိကအရေးပါသောအခန်းကဏ္ဍတစ်ရပ်လည်း ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုတွင် ဝင်ရောက် မည့် နိုင်ငံတစ်နိုင်ငံသည် နိုင်ငံစုံကုန်သွယ်မှုစနစ်  (Multilateral trading system)  မှ စီးပွားရေး၊ နည်းပညာ၊ စီမံခန့်ခွဲမှု၊ အလုပ်အကိုင်နှင့် စပ်လျဉ်းသည့် အခွင့် အလမ်းများ၊ လူမှုကောင်းကျိုးများရရှိစေနိုင်ပါသည်။ သို့ပါ၍ နိုင်ငံတစ်ခုသည် အခြားနိုင်ငံများနှင့် ကုန်သွယ်ခြင်းဖြင့် ဇောက်ချ ထုတ်လုပ်မှု ကို ဖြစ်ပေါ်စေပြီး ထုတ်လုပ်မှု အရည်အသွေးနှင့် လူနေမှု အဆင့်အတန်း တိုးတက်မှုတို့ကို ဖြစ်ပေါ်စေသည်။ အပြည်ပြည်ဆိုင်ရာ ဈေးကွက်များအထိ ထိုးဖောက်ဝင်ရောက်နိုင်စေရေး (Developing international market)                   အပြည်ပြည်ဆိုင်ရာဈေးကွက်တွင် မြန်မာနိုင်ငံ လုပ်ကုန်စည်များ (Made in Myanmar products) ကျယ် ကျယ်ပြန့်ပြန့် ထိုးဖောက်ဝင်ရောက်နိုင်စေရန် ယှဉ်ပြိုင်မှု (Competitiveness)  မှာ အလွန်အရေးပါပေသည်။ ဈေးကွက်ယှဉ်ပြိုင်မှုတွင် အဓိကပြဋ္ဌာန်းသည့်အချက်များမှာ ထုတ် လုပ်သော ကုန်စည်တစ်ခုသည် သင့်တော်သော ဈေးနှုန်း ဖြစ်ခြင်း (Suitable price)  ၊ ပစ္စည်းအမျိုးအစားမှန်ကန်ခြင်း (Right type of commodity)  ၊ မှန်ကန်သည့် တိုင်းတာ မှုနှင့် အလေးချိန် တင်းတောင်းမှန်ကန်ခြင်း(Right measure-ment and weight) ၊ အရည်အသွေးမှန်ကန်ခြင်း (Right quality) ၊ အဆိုပါကုန်စည်များနှင့် စပ်လျဉ်းသည့် ဝန်ဆောင်မှုများပံ့ပိုးပေးနိုင်ခြင်း (additional services)  စသည်တို့ပင် ဖြစ်သည်။                   အပြည်ပြည်ဆိုင်ရာ ဈေးကွက်များအထိ ထိုးဖောက်ဝင်ရောက်နိုင်စေရေး ထုတ်ကုန်အမှတ်တံဆိပ် (Brand name)  သည် လွန်စွာအရေးပါပေသည်။ အတိတ်၏ မှန်ကန်သောလုပ်ဆောင်ချက်များအရ နာမည်ကောင်း (Good Will)  သည်လည်း စီးပွားရေးလုပ်ငန်းများ၏ ထိတွေ့မရနိုင် သည့်၊ မမြင်နိုင်သည့် ရပိုင်ခွင့် (Intangible Asset)  ဖြစ်ခြင်း ကြောင့် စီးပွားရေးလုပ်ငန်းများအနေဖြင့်အလွန်အရေးပါပေသည်။ သို့ပါ၍ နာမည်ကောင်းရရှိစေရန် ကြိုးပမ်းရမည် ဖြစ်ပါသည်။ ထိုသို့နာမည်ကောင်းရရှိစေရန် စီးပွားရေးလုပ်ငန်းများသည် သမာသမတ်ကျရန် လိုအပ်ပါသည်။ မြန်မာ နိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်းများအားလုံး သမာသမတ် ရှိမှ သာလျှင် သမာသမတ်ရှိသော မြန်မာ့စီးပွားရေး အဖွဲ့အစည်း (Myanmar Business Society) ဖြစ်ပေမည်။ သို့မှသာ စားသုံးသူများအနေဖြင့် မြန်မာ့ကုန်စည်များကို စိတ်ချ ယုံကြည်စွာ စားသုံးခြင်း၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာ့ စီးပွားရေးအဖွဲ့အစည်းနှင့် အကျိုးတူစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ယုံကြည်မှုများရရှိခြင်းမှ တစ်ဆင့်ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာနိုင်ပေသည်။                      အပြည်ပြည်ဆိုင်ရာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းများအနေဖြင့် မိမိတို့၏ ဆောင်ရွက်ချက်များသည် မိမိလူမျိုး၊ မိမိနိုင်ငံအား ကိုယ်စားပြုနေသည်ကို သတိပြုရပါမည်။ တစ်နည်း အားဖြင့် ကုန်သွယ်မှုမှတစ်ဆင့် အပြန်အလှန်ချစ်ကြည်မှု၊ ရင်းနှီးခင်မင်မှု၊ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးပွားစေပါသည်။ ဤသို့ဖြင့် တစ်ဦးချင်း၊ ကုမ္ပဏီတစ်ခုချင်းမှသည် နိုင်ငံတစ်နိုင်ငံ ချင်းထိ ကောင်းမွန်သော ဆက်ဆံမှုတစ်ရပ်ကို ရရှိစေမည်ဖြစ်သဖြင့် မိမိတို့၏ ကုန်သွယ်မှုဆောင်ရွက်ချက် များသည် မိမိနိုင်ငံ၏ သံတမန်ရေးတာဝန်ကိုပါ တစ်ပါတည်း ဆောင်ရွက်လျက်ရှိသည်ဟု သတိပြုမှတ်ယူဆောင်ရွက်ရမည်ဖြစ်ပါသည်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေသော လုပ်ငန်းဖြစ်စေရေး For being Sustainable Business)                     စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ ၊ Corporation  များသည် အမြတ်အတွက်သာ ဦးတည်လှုပ်ရှားခြင်း (Profit Motive) နှင့်သာမက လူ့အဖွဲ့အစည်း (Society)  ကိုလည်း တန်ဖိုးထားရပေမည်။ မိမိတို့လုပ်ငန်းသည် ဖောက်သည်များ (Customers)  တည်ရှိနေခြင်းကြောင့်သာ စီးပွားရေးဆက်လက်ရပ်တည်နေနိုင်ပြီး လူ့အဖွဲ့အစည်း ကောင်းမွန်တိုးတက်စေရန် စေတနာထားလျက် မိမိထုတ်ကုန်များကို ရွေးချယ်ထုတ်လုပ်ခြင်း၊ ထုတ်ကုန်ဖွံ့ဖြိုးအောင် လုပ်ဆောင်ခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်မှုနှင့် စွမ်းအင်အသုံးပြုရာတွင် ချွေတာမှုဖြစ်စေသော Environmental Friendly Technologies and Energy Saving Technologies များတီထွင်ခြင်း၊ အသုံးပြုခြင်း၊ မိမိတို့ ရရှိသည့်အမြတ်ထဲမှ လူ့အဖွဲ့ အစည်း အကျိုးပြုလုပ်ငန်းများတွင် ပါဝင်လှူဒါန်းခြင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု (Sustainable Development)  အတွက် အလေးထားဆောင်ရွက်ရမည်ဖြစ်သည်။ လူမှုရေးလုပ်ငန်းများ (Social Activities) တွင် အမြတ်၏ အချို့သောရာခိုင်နှုန်းကို လှူဒါန်းရန်နှင့် အချို့သော အကျိုးပြုလုပ်ငန်းများ တွင် ပါဝင် ဆောင်ရွက်လာခဲ့ကြသည်။ စီးပွားရေးလုပ်ငန်းများနှင့် လူ့အဖွဲ့အစည်းတို့သည် အပြန်အလှန် အကျိုးပြုနေကြသည်ကို တွေ့ရှိရပေသည်။                   ထို့ကြောင့်စီးပွားရေးလုပ်ငန်းများသည် ဈေးကွက် (Market)  မှတစ်ဆင့် စားသုံးသူများ စိတ် ကျေနပ်မှု (Customer Satisfaciton)  ကို ရနိုင်သလောက် အမြင့်ဆုံးစွမ်းဆောင်ရပေမည်။ သင့်လျော်သော ရောင်းဝယ်မှု (Fair Trade) ကိုဖြစ်ပေါ်စေပြီး သဘာဝပတ်ဝန်းကျင် (Environmental)  ကိုလည်း ကောင်းစွာစောင့်ရှောက်တတ်သည့် လူ့အဖွဲ့ အစည်းဖြစ်ရပါမည်။ ထုတ်လုပ်ခြင်းမှ ဖြစ်ပေါ်သော စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုခြင်း (Recycling)  ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လုပ်မှုများ လျော့ချခြင်းနှင့် စွမ်းအင်ချွေတာမှု (Energy Saving)  ကိုဖြစ်ပေါ်စေသည့် နည်းပညာ အသိများ သိရှိကျင့်သုံးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းစောင့်ရှောက်ရာ ရောက်ပေသည်။                    မိမိတို့၏ စီးပွားရေးလုပ်ငန်းများတွင် လူတို့အတွက် အလုပ်အကိုင်ဖန်တီးပေးခြင်းအားဖြင့် လူ့အဖွဲ့ အစည်းအား စား၊ဝတ်၊နေရေးအတွက် စောင့်ရှောက်ပေးရာရောက်သည်။ အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးပေးရာတွင် ကျား၊ မ အခွင့်အရေးတူညီမှု (Equal Opportunity) များကို ဦးတည်စေပြီး မိမိတို့ထုတ်ကုန်များကို လူ့အဖွဲ့အစည်းအတွင်းရှိ မိသားစုများ အသုံးပြုခြင်းအားဖြင့် ရင်းနှီး ချစ်ကြည်မှု (Family Friendly)  ဖြစ်ပေါ်စေသည်။ လူ့အဖွဲ့အစည်းတို့မှတစ်ဆင့် ပရဟိတလုပ်ငန်းများ အတွက် လှူဒါန်းခြင်း (Philanthropy)  နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (Non Governmental Organization-NGOs)  နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးမှုတွင် ပါဝင်ရာ ရောက်သည်။                     နိုင်ငံကြီးသားပီသစွာဖြင့် အစိုးရအားအခွန်အကောက်များထည့်ဝင်ခြင်းအားဖြင့် အစိုးရ၏ အကောင် အထည်ဖော်ဆောင်နေသော ဖွံ့ဖြိုးမှုစီမံချက်များကို အထောက်အကူပြုရာ ရောက်ခြင်း (Tax Contribution to the Development projects)၊ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့အကြား အပြန်အလှန် နားလည်မှုများဖြင့် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍဆက်ဆံရေးကောင်းမွန်စေခြင်း (Good Government  Business Relationship) စသည်ဖြင့် ကောင်းကျိုးများကို  ဖြစ်ပေါ်စေနိုင်သည်။                        ထို့ကြောင့် သိက္ခာရှိစွာဖြင့် လူ့အဖွဲ့အစည်းအတွင်း ကောင်းကျိုးကို လိုလားသည့် စီးပွားရေး လုပ်ငန်းများသည် အမြတ်တစ်ခုအတွက် ပဓာန မထားဘဲ စီးပွားရေး၊ လူမှုရေးနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ အတွေးအခေါ်များကို ကျယ်ကျယ်ပြန့်ပြန့် ပေါင်းစပ်ညှိနှိုင်း အသုံးပြုမှသာလျှင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသောလုပ်ငန်းနှင့် လူ့အဖွဲ့အစည်း (Sustainable Business & Society)ကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သည်။                             စီးပွားရေးလုပ်ငန်းစုအဆင့်တွင် ပြိုင်ဆိုင်မှုသည်လည်း အရေးပါလျက်ရှိသည်။ ဈေးပေါသော ကုန်ကြမ်းနှင့် လုပ်အားရရှိနိုင်မှု၊ နည်းပညာရရှိနိုင်မှု၊ ဈေးကွက်ရရှိနိုင်မှုတို့သည် ပြိုင်ဆိုင်မှုကို တွန်းအားပေးသော အရာများဖြစ်ခဲ့သော်လည်း ပညာခေတ် (Knowledge Age) တွင် စီးပွားရေးလုပ်ငန်းများ၏ အောင်မြင်မှုကို စဉ်ဆက်မပြတ်စေရန် တွန်းအားပေးနိုင်သော အင်အားစုအသစ် (New driver for competitiveness)  မှာ ဝယ်ယူသူများကို တန်ဖိုးထားခြင်း (Customer value)  ဖြစ်သည်ကို တွေ့ရှိရပေသည်။ ဝယ်ယူသူများကို တန်ဖိုးထားခြင်း (Customer value)တွင် ဒီဇိုင်းနှင့် ကုန်အမှတ်တံဆိပ် ပိုင်ဆိုင်မှု (Ownership of designs and brands)  ၊ ဈေးကွက်ရှာဖွေမှု စွမ်းရည်  (Excellence of marketing skills) နှင့် ဝယ်ယူသူများ၏ လိုအပ်ဆန္ဒကို ချဉ်းကပ်မှု  (Focus on consumer demands)  တို့ပါဝင်ပေသည်။ ထို့ကြောင့်ပုံစံကျနသော ထုတ်လုပ်မှုဖြစ်စဉ်  (Smart production processes) သည် အလွန်အရေး ပါလာခဲ့သည်။ နည်းပညာစီမံခန့်ခွဲမှု  (Management of technology)  ၊ တီထွင်မှု (Innovation) နှင့် သတင်းအချက်အလက်  (Information) တို့မှာ ၂၁ ရာစုတွင် အဓိက လိုအပ်ချက်များ ဖြစ်လာခဲ့သည်။                           ထို့ကြောင့်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် အပြည်ပြည်ဆိုင်ရာ ပြိုင်ဆိုင်မှုအောင်မြင်ရရှိရေးတို့သည် အပြန်အလှန် ဆက်စပ်လျက်ရှိပြီး ပညာဗဟုသုတ၊ နည်းပညာလွှဲပြောင်းရယူရေး (Generation and transfer of knowledge and technology)  တို့အပေါ်တွင် မူတည်လျက်ရှိသည်။ ပညာဗဟုသုတနှင့် နည်းပညာများမြှင့်တင်ခြင်း၊ စဉ်ဆက်မပြတ် တီထွင်မှုများပြုလုပ်ခြင်း (Sustained innovation)  ဖြင့် စက်မှုနှင့် စီးပွားရေးလုပ်ငန်းများအတွက် ပြဿနာများကို အောင်မြင်ကျော်လွှားစေနိုင်ပြီး နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုနိုင်သော စဉ်ဆက်မပြတ် စီးပွားရေးလုပ်ငန်းများ (Sustainable business) ဖြစ်နိုင်ပေသည်။ စီးပွားရေးလုပ်ငန်းများ၏ ကျင့်ဝတ်များ (Business Ethics)                        အပြည်ပြည်ဆိုင်ရာ ဈေးကွက်များသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် စဉ်ဆက်မပြတ်အောင်မြင်သော စီးပွားရေးလုပ်ငန်းများ (Sustainable Business)  ဖြစ်ပေါ်စေရန်မှာ စီးပွားရေးလုပ်ငန်းများ၏ ကျင့်ဝတ်များ (Business Ethics) ကို လိုက်နာကျင့်သုံးရန် လိုအပ်ပါသည်။ အပြည်ပြည်ဆိုင်ရာ စီးပွားရေး အဆောက်အအုံတွင် ကျင့်သုံးလျက်ရှိသည့် စီးပွားရေးလုပ်ငန်းဆိုင်ရာ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများကို လိုက်နာကျင့်သုံး နိုင်ရမည် ဖြစ်ပါသည်။ အထူးသဖြင့် "အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား လတ်တလော ရေတိုတိုသာကြည့်ပြီး ဖြတ်လမ်းနည်းဖြင့် ကြီးပွားရေးဟူသည့် အတွေးမျိုးနှင့် အပြည်ပြည်ဆိုင်ရာတွင် ထိုးဖောက်နိုင်မည် မဟုတ်ပေ။ "                       စီးပွားရေးလုပ်ငန်းတွင် အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းထားလိုပါက မိမိဖောက်သည်များ (Customers) အပေါ်စေတနာများများ ထားရှိရန်လိုအပ်ပါသည်။ ဥပမာ-မကြာသေးသောကာလက ဟင်္သာတမြို့၊ ကြို့ပင်ကောက်မြို့ များတွင် ပဲထဲတွင် အရွယ်အစားတူ ခဲများ ရောနှောကာ"ပဲတူ၊ ခဲတူ" များ ဝယ်ယူ ရောင်းချခဲ့ကြောင်း ကြားသိရပါသည်။ ထိုကဲ့သို့သော အပြုအမူများသည် စီးပွားရေးလုပ်ငန်း ကျင့်ဝတ်နှင့် ကိုက်ညီမှုမရှိသော စိတ်မကောင်းဖွယ် အပြုအမူများပင် ဖြစ်ပါသည်။                        ထို့အတူ နို့မှုန့်များတွင် မယ်လမင်းဓာတ်များ ရောနှောရောင်းချခြင်းကိစ္စ၊ သရက်သီးအပါအဝင် အခြားသော သစ်သီးများ ဝင်းမှည့်၍ ရောင်းပန်းလှစေရန် အသီးနုနုများအား ဈေးကောင်းရရှိချိန်တွင် ပေါ်ဦးပေါ်ဖျား ရောင်းချလို၍ ဆွတ်ခူးကာ ဆေးတို ရောင်းချသော ကိစ္စရပ်များ၊ ငါးပိ ငါးခြောက်များတွင် ဓာတုဆိုးဆေးများဖြင့် အရောင်ဆိုးခြင်းစသည့် ကိစ္စရပ်များသည်လည်း မည်မျှအန္တရာယ်များသော ကိစ္စများ ဖြစ်မည်ကို စဉ်းစားကြည့်ရုံမျှဖြင့် သိရှိနိုင်ပါသည်။                     နိုင်ငံတကာစီးပွားရေးအသိုင်းအဝိုင်းတွင် မိမိထုတ်လုပ်သည့် ကုန်ပစ္စည်းအရည်အသွေးနှင့်စပ်လျဉ်း၍ ထိန်းသိမ်းစောင့်ရှောက်မှုများကို ထူးကဲစွာ ဆောင်ရွက်ကြကြောင်း လေ့လာတွေ့ရှိရသည်။ ဥပမာ-ဂျပန် နိုင်ငံ တိုယိုတာ ကားထုတ်လုပ်သည့် ကုမ္ပဏီအနေဖြင့် ၎င်းင်းတို့ထုတ်လုပ်လိုက်သည့် ကားမော်ဒယ်နှင့် စပ်လျဉ်း၍ အားနည်းချက်ကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချပြီးမှ သိရှိရခြင်းကြောင့် အဆိုပါ ကမ္ဘာ့ ဈေးကွက်အနှံ့ရောက်ရှိနေသော ရောင်းချပြီး ကားများကို ဆက်သွယ်သိမ်းယူပြီး ကားအသစ်နှင့်အစားထိုး ပြန်လည်လဲလှယ်သည့် အစီအစဉ်မျိုး ဆောင်ရွက်ပေးခဲ့သည်။ မိမိကုန်ပစ္စည်း အမှတ်တံဆိပ်  (Brand name)  အမည် မထိခိုက်စေရေးအတွက် အရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှု  (Total Quality Management) ကိုစေ့စပ်သေချာစွာ ဆောင်ရွက်ရန်လိုအပ်ပါသည်။ သို့မှသာဝယ်ယူ သူများ၏ ယုံကြည်မှု (Customer trust)  ကိုရရှိမည် ဖြစ်သည်။                        အပြည်ပြည်ဆိုင်ရာ စီးပွားရေး အသိုင်းအဝိုင်းတွင် စံသတ်မှတ်မှုအရ ထုတ်လုပ်မှုရှိ၊ မရှိမှာ လွန်စွာ အရေးပါပါသည်။ အသိအမှတ်ပြုခြင်း ခံရမှု ရှိ၊ မရှိအပေါ် မူတည်၍ အောင်မြင်မှုများ ကွာခြားသွား နိုင်သည်။ ဥပမာ- ယခု အပြည်ပြည်ဆိုင်ရာ စီးပွားရေးအသိုင်းအဝိုင်းတွင်အပြည်ပြည်ဆိုင်ရာ စံ သတ်မှတ်မှု အဖွဲ့အစည်း (International Organization for Standardization-ISO)  မှ လက်မှတ်ရ ကုန်ပစ္စည်းဖြစ်ပါက ဝယ်ယူသူများ၏ ယုံကြည်စိတ်ချမှုကို ရရှိနိုင်ပေသည်။ အလားတူပင် ရင်းနှီးမြှုပ်နှံသူ များ အနေဖြင့်လည်း ISO လက်မှတ်ရ ထုတ်လုပ်မှုလုပ်ငန်းများတွင်သာ အစုရှယ်ယာ ဝယ်ယူလိုမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ စီးပွားရေးလုပ်ငန်းများ၏ ရေရှည်တည်တံ့ ခိုင်မြဲအောင်မြင်ရေးသည် အဆိုပါ လုပ်ငန်းများအနေဖြင့် စီးပွားရေးကျင့်ဝတ်များကို လိုက်နာမှုရှိ မရှိအပေါ် မူတည်ပေသည်။    စားနပ်ရိက္ခာဖူလုံမှု (Food Security) နှင့် စားနပ်ရိက္ခာဆိုင်ရာ အချုပ်အခြာအာဏာ (Food Sovereignty)                အစားအစာဖူလုံစွာရရှိမှုသည် အခြေခံကျသည့် လူ့အခွင့်အရေးဖြစ်ပါသည်။ လူဦးရေတိုးတက်ခြင်း၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများနှင့်အတူ အစားအစာဖူလုံရေး (Food Security)  သည် ကမ္ဘာ့နိုင်ငံများ အတွက် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။ အဆိုပါစိန်ခေါ်မှုကို ဖြေရှင်းရင်း ထပ်မံတက်လာသော ပြဿနာ တစ်ရပ်မှာ အစားအစာနှင့် ပတ်သက်သည့်အချုပ်အခြာအာဏာ (Food Sovereignty) ပင်ဖြစ်သည်။ Food Sovereignty ဆိုသည်မှာ လူတို့သည် လုံခြုံသော (safe) ၊ အာဟာရရှိသော (nutritious) ၊ ဓလေ့ထုံးစံနှင့် ကိုက်ညီလိုက်ဖက်သည့် အစားအစာ ရရှိမှု (Culturally appropriate food)  နှင့် အစားအစာထုတ်လုပ်နိုင်သည့် သယံဇာတများ (Food - producing resources) တည်ရှိမှုစသည့် အခွင့်အရေးတို့ကို ခြုံငုံခေါ်ဆိုခြင်းဖြစ်သည်။ သို့ပါ၍လုံခြုံမှုရှိသော၊ အာဟာရဖြစ်စေသော အစားအစာ ရရှိမှုမှာ စားသုံးသူများအတွက် Food Sovereignty အောက်တွင် တည်ရှိပေသည်။ ထို့ကြောင့် လူတိုင်း အတွက် အစားအစာဖူလုံမှု (Food Security) သာမက Food Sovereignty ဟူသော သဘောတရား သည်လည်းအရေးပါလာပါကြောင်း လေ့လာတွေ့ရှိနိုင်ပါသည်။                 Food Sovereignty မရှိဘဲ အစားအစာဖူလုံမှု (Food Security) လုံးဝမဖြစ်နိုင်ပေ။ အထူးသဖြင့် အစားအသောက် ထုတ်လုပ်ရေးဆိုင်ရာ စီးပွားရေး လုပ်ငန်းများအနေဖြင့် အစားအသောက်ဆိုင်ရာ သန့်ရှင်းမှု (Sanitary and Phytosanitary or SPS Measures) တို့ကို ကမ္ဘာ့နိုင်ငံကြီးများက သတ်မှတ်ကာ အဆိုပါ စံသတ်မှတ်စစ်ဆေးချက်များ သည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကောက်ခွန် မဟုတ်သော ကုန်သွယ်မှု အတားအဆီး (Non-Tariff Barrier) သဖွယ်ပင်ဖြစ်လျက်ရှိနေပေ သည်။ မည်သို့ဆိုစေ အပြည်ပြည်ဆိုင်ရာဈေးကွက်သို့ ထိုးဖောက် ဝင်ရောက်မည့် အစားအစာထုတ်လုပ် ရောင်းချ မည့် စီးပွားရေးလုပ်ငန်းများသည် အဆိုပါနည်းပညာဆိုင်ရာ စံသတ်မှတ်ချက်များကို သိရှိနားလည်အောင်စွမ်းဆောင်ကြရမည် ဖြစ်ပါသည်။ စားသုံးသူများအား အကာအကွယ်ပေးရေး (Consumer protection)                 လူတို့သည်တစ်ချိန်တည်းမှာပင်ကုန်စည်နှင့် ဝန်ဆောင်မှုများကိုထုတ်လုပ်သူများဖြစ်သကဲ့သို့ ရောင်းချ သူများလည်းဖြစ်ကြသည်။ထို့ကြောင့် စားသုံးသူများအား အကာအကွယ်ပေးရန် ဥပဒေများ (Consumer protection laws)  လိုအပ်လာခဲ့သည်။ ထိုသို့ပြဌာန်းကြရခြင်း၏ ရည်ရွယ်ချက်မှာသင့်တင့်မျှတသော ကုန်သွယ်ရေးဆိုင်ရာ ယှဉ်ပြိုင်မှုများ ဖြစ်ပေါ်စေရန်နှင့် ဈေးကွက်အတွင်း မှန်ကန်သော သတင်းအချက် အလက်များ လွတ်လပ်စွာ စီးဆင်းမှုများဖြစ်ပေါ်စေရန် ဖြစ်သည်။ အထူးသဖြင့် အဆိုပါဥပဒေများသည် စီးပွားရေးလုပ်ငန်းများအား လိမ်လည်မှု၊ တရားမျှတမှု မရှိသော လုပ်ရပ်များဖြင့် အကျိုးအမြတ်များ ရယူခြင်း၊ အားနည်းသော စီးပွားရေးလုပ်ငန်းများအား ကာကွယ်မှုပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် ရေးဆွဲထားသည့် ဥပဒေများဖြစ်သည်။                   သို့ဖြစ်ပါ၍ စားသုံးသူများအား အကာအကွယ်ပေးရန် ဥပဒေများ (Consumer protection laws)  သည် သမာသမတ်ရှိသော စီးပွားရေးအသိုက်အဝန်း ဖြစ်ပေါ်စေနိုင်ရန် စားသုံးသူများ၏ အခွင့် အရေးများအား ကာကွယ်ပေးသည့် အစိုးရ၏ စည်းမျဉ်းစည်းကမ်းများ (A form of government regulation which aim to protect the rights of consumers)  ဖြစ်သည်။ ဈေးကွက်အတွင်း စားသုံးသူများအား အရည်အသွေးအပြည့်အ၀ အာမခံချက်ရှိပြီး ကုန်စည်ရွေးချယ်မှု ပိုမိုများပြားလာစေနိုင်သည်။                   ထို့အတူ သမာသမတ်ရှိသော စီးပွားရေးအသိုက်အဝန်းဖြစ်ပေါ်စေနိုင်ရန် စီးပွားရေးစွမ်းဆောင်ရည် (Economic Efficiency)  ပိုမိုပြည့်ဝစေရေးအတွက် ဈေးကွက်အတွင်း သင့်တော်သော ယှဉ်ပြိုင်မှုများ မြှင့်တင်ခြင်းအားဖြင့် ယှဉ်ပြိုင်မှုဥပဒေ (Competition law)  ပြဋ္ဌာန်းခြင်းများဖြင့်လည်းစားသုံးသူများအား ပိုမိုအကျိုးရှိစေနိုင်ပါသည်။ ကုန်စည်ဒိုင်များ၏ အခန်းကဏ္ဍ (The Role of Commodity Exchange Centre)                  ဈေးကွက်ဖွံ့ဖြိုးစေရန် ကုန်စည်ဒိုင်များ ဖွံ့ဖြိုးရေးသည်လည်း အလွန်အရေးပါပေသည်။ ကုန်စည်ဒိုင်များသည် ဒိုင်လူကြီးများအနေဖြင့် သမာသမတ်ရှိစေရေး ကြီးကြပ်မှုများ ဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်။ လူဆိုသည်မှာ အတ္တအခြေခ ံသော လောဘသားများသာ ဖြစ်ကြသည်။ ရောင်းသူဘက်မှ လည်း ဈေးနှုန်းအမြင့်ဆုံးနှင့် အမြတ်အများဆုံး ရချင်ကြသကဲ့သို့ ဝယ်သူဘက်မှလည်း ဈေးအသက်သာ ဆုံးနှင့် အကောင်းဆုံးပစ္စည်းကိုသာရလိုကြသည်။ ထိုအစွန်း နှစ်ဖက်အကြား ချိန်ညှိရင်း အားမျှခြေ  (Equilibrium) ကိုကောင်းစွာရှာဖွေရန် လိုအပ်ပါသည်။ အရောင်းအဝယ် ဖြစ်သည့် ကုန်စည်များ၏ ဈေးနှုန်းများမှန်ကန်ရေး၊ ပစ္စည်းအရည်အသွေးနှင့်အမျိုးအစားမှန်ကန်ရေး၊ အလေးချိန် တင်းတောင်း မှန်ကန်ရေး စသည်ဖြင့် အရောင်းအဝယ် မှန်ကန်အောင် ဖော်ဆောင်ပေးရန်မှာ အလွန်အရေးပါသည်။                 အဘယ့်ကြောင့် ဤသို့ဖြစ်ရသနည်း ဟူသော သဘောကို လေ့လာရန် လိုအပ်ပါသည်။သင့်တော်သော ဈေးနှုန်းမရရှိပါကတွက်ခြေကိုက်အောင် မသမာမှုများနှင့် အလေးခိုးယူခြင်း၊ ပစ္စည်းအညံ့များဖြင့် ရောနှော ရောင်းချခြင်းတို့ဖြစ်ပေါ်စေသည်။ သင့်တော်သော ဈေးနှုန်းရရှိသော်လည်း ရောင်းချသူ၏ မတော်လောဘ ကြောင့် ပုံမှန်ထက်ပိုမို သောအမြတ်အစွန်းများရရှိစေရန် အလေးချိန်တင်းတောင်း မမှန်ကန်ခြင်း၊ ပစ္စည်း အညံ့များ ရောနှောရောင်းချခြင်းတို့ကို လုပ်ဆောင်လေ့ရှိကြသည်။                 သို့ဖြစ်ပါ၍ ကုန်စည်ဒိုင်များအနေဖြင့် ရောင်းဝယ်ဖောက်ကားမှုပြုနိုင်သည့် ကုန်စည်များကို စုစည်း၍ ရောင်းသူဝယ်သူများအကြား အရောင်းအဝယ်ဖြစ်စေရုံသာမက ရောင်းသူနှင့် ဝယ်သူတိ့ုအကြား တစ်ဖက် နှင့် တစ်ဖက် သမာသမတ်ဖြစ်ရေးအတွက် မှန်ကန်စွာ ထိန်းကျောင်းပေးရန်လည်း လိုအပ်ပါသည်။ သို့မှသာ ကုန်စည်ဒိုင်၏ အင်္ဂါရပ်နှင့် ပြည့်စုံမည်ဖြစ်သည်။ သမာသမတ်ရှိသော စီးပွားရေးအသိုက် အဝန်းဖြစ်ပေါ်စေရန် စီးပွားရေး ဆိုင်ရာကျင့်ဝတ်များအား ထိန်းကျောင်းပေးရာလည်း ရောက်ပါသည်။  ဘာသာရေးရှုထောင့် (Religion Aspect)                 သမာအာဇီဝဟူသော " ကောင်းစွာ အသက်မွေးခြင်း" ဟူသည့် သဘောတရားတို့သည် ဗုဒ္ဓတရား တော်နှင့်အညီ တည်ရှိခဲ့ပါသည်။ "ကောင်းစွာ" ဟုဆိုရာတွင် ကာယကံ၊ ဝစီကံ၊ မနောကံတို့ဖြင့် မိမိ၏ အသက်မွေးဝမ်းကျောင်းအလုပ်အား ကောင်းမွန်စွာ စေတနာထား၍ လုပ်ကိုင်ခြင်းပင်ဖြစ်ပါသည်။ (၃၈) ဖြာ မင်္ဂလာတရားတော်တွင်လည်း လူနှင့်ဆိုင်သော ကျင့်ဝတ်များကို ကောင်းစွာသင်ယူခြင်း၊ နားလည်ခြင်း၊ ကျင့်သုံးခြင်းနှင့်အခြားသူများအား အနှောင့်အယှက် ကင်းသည့် အလုပ်ကို လုပ်ကိုင်ခြင်း စသည့်အပြုအမူ များနှင့်လည်း အကျုံးဝင်ပေသည်။ ဗုဒ္ဓဘာသာတွင် သာမက မည်သည့် ဘာသာမဆို မကောင်းသော အသက်မွေးမြူခြင်း (မိစ္ဆာဇီဝ)ကို တားမြစ်ပါသည်။                    အစားအစာ၊ အသုံးအဆောင်ပစ္စည်းများသည်အထူးသဖြင့် လူတိုင်းအတွက် လိုအပ်သော အာဟာရ ကိုမှီဝဲရသဖြင့် အစားအသောက်မှ တစ်ဆင့်လူများ အသက်အန္တရာယ်အထိ ကြုံတွေ့နိုင်ဖွယ်ရှိလာ သောကြောင့် မှန်ကန်သော အသက်မွေးမြူခြင်းလုပ်ငန်းရပ်ဖြင့်သာ လုပ်ဆောင်အပ်ပါသည်။ သို့ဖြစ်ပါ၍ သမာသမတ်ရှိသော စီးပွားရေးလူမှု အသိုက်အဝန်းဖြစ်ပေါ်စေရန် ရောင်းသူနှင့် ဝယ်သူ နှစ်ဦး နှစ်ဖက်အနေဖြင့် ဖြစ်နိုင်ခြေရှိသည့် ဈေးနှုန်း၊ အရည်အသွေး ထိန်းချုပ်မှု စသည်တို့အပေါ် တန်ဖိုး ထားရန်၊ရောင်းဝယ်မှုများပြုကြရန်လိုအပ်ပါသည်။ စီးပွားရေး လုပ်ငန်းများအနေဖြင့် နိုင်ငံ၏ Stakeholders များဖြစ်သည်နှင့်အညီ နိုင်ငံကြီးသားပီသစွာ စိတ်ဓာတ်များ အရည်အသွေးမြင့်မားစေရန် နှင့် အကျင့်စာရိတ္တပိုင်းဆိုင်ရာ ကြီးကျယ်မြင့်မြတ်မှသာ ဒီမိုကရေစီသဘောတရားများ  (Democratic Principles) ကို ကျင့်သုံးရာ ရောက်ပေလိမ့်မည်။ သမာသမတ် ရှိသော စီးပွားရေးလူမှုအသိုက်အဝန်း ဖြစ်ပေါ်စေရန် စီးပွားရေးကျင့်ဝတ်များကို လိုက်နာကျင့်သုံးခြင်းဖြင့် နိုင်ငံတော်အား ခေတ်မီဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ကြရမည်ဖြစ်ပေသည်။