Main menu

Background

၂၀၁၁ ဆုံမှတ်တွင် ဂျီအမ်အက်(စ်)တို့ အနာဂတ်အတွက် ပြောင်းလဲခြင်း

Sun, 12/18/2011 - 08:38 -- Anonymous (not verified)

ဒေသတွင်း စုစည်းနိုင်ခြင်း သင်္ကေတ    ဂျီအမ်အက်(စ်)ဟု အတိုကောက်နာမည်ဖြင့် လူသိများနေသည့် မဲခေါင်ဒေသခွဲ နိုင်ငံများ၏ ဒေသတွင်း စုစည်းမှု အင်အားတစ်ရပ်သည် အာရှဖွံ့ဖြိုးရေးဘဏ် ကမကထဖြင့် ပေါ်ထွန်းလာခဲ့သည်မှာ ဆယ်စုနှစ် ၂ စုပင် ကျော်ခဲ့လေပြီ။ ကမ္ဘာ့အရှည်ဆုံးမြစ်များထဲမှ မြစ်တစ်စင်းဖြစ်သော မဲခေါင်မြစ်ကြီး ဖြတ်သန်းစီးဆင်းရာတစ်လျှောက်ရှိနိုင်ငံများသာ ပါဝင်သဖြင့် ကွဲပြားမှုမရှိသော ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာစကားတို့ကြောင့် လွယ်ကူစွာ စုစည်းဖြစ်တည်လာသည့်အဖွဲ့ဟု ယေဘုယျအားဖြင့်ထင်မှတ်စရာ ရှိသော်လည်း လက်တွေ့တွင်မူ ဤသို့မဟုတ်ပေ။ ဆင်တူသယောင်နှင့် ကွဲပြားခြားနားသော ဘာသာ စကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနောက်ခံသမိုင်းများစွာဖြင့် တိုင်းရင်းသားလူမျိုးပေါင်း ၇၀ ကျော် ရှိနေ သည်ကို တွေ့ရသည်။ စီးပွားရေးရှုထောင့်မှ ကြည့်သည့်အခါတွင်လည်း စဉ်းစားစရာများစွာရှိသည်။အဖွဲ့ဝင် ၆ နိုင်ငံကိုစေ့စေ့ပြန်ကြည့်ပါက သိသာသောကွဲပြားမှုများကို တွေ့ရလိမ့်မည်။ တရုတ်နိုင်ငံ ကူမင်းဆိုလျှင် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံကြီး၏ ဖွံ့ဖြိုးမှုအရှိန်ရနေသည့် ပြည်နယ် တစ်ခုဖြစ်ပြီး ၎င်းနှင့်ကပ်လျက် လာအိုနိုင်ငံမှာမူ ဒေသတွင်းဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံဖြစ်သည်။  အခြားအဖွဲ့ ဝင်နိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ အခြေအနေမှာမူ အာရှကျားပေါက်တန်းဝင် စီးပွားရေးဖွံ့ဖြိုးမှုရရှိနေသော နိုင်ငံများဖြစ်နေပြီး ကမ္ဘောဒီးယားသည် လည်းကောင်း၊ မြန်မာနိုင်ငံသည် လည်းကောင်း၊ စီးပွားရေးဖွံ့ဖြိုးမှုအလားအလာ များစွာအရှိန်နှင့် ပျံတက်တော့မည့် ငှက်တစ်ကောင်ကဲ့ သို့ရှိနေသည်။ အဖွဲ့ဝင်နိုင်ငံများသည် မတူညီသောသဘာဝများ၊ စီးပွားရေးအဆင့်အတန်း အခြေအနေ အမျိုးမျိုးဖြင့် ရပ်တည်နေရခြင်းဖြစ်၏။ သို့သော် "မဲခေါင်မြစ်တစ်လျှောက် တည်ရှိနေသည်"ဟူသော ရေမြေသဘာဝနီးစပ်ခြင်း တစ်ချက်မှလွဲ၍ အခြားသောကွဲပြားမှုများစွာရှိနေသည့်တိုင် ဂျီအမ်အက်(စ်)ဟု ခေါ်တွင်သည့် ဒေသခွဲပေါင်းစည်းမှု တစ်ရပ်ဖြစ်ပေါ်လာခြင်းသည် "မဟာမဲခေါင်ဒေသခွဲ" ဆိုသည့် ဒေသခွဲအတွင်းအားဖြင့် စုစည်းနိုင်ခဲ့မှုကြောင့်သာ ဖြစ်သည်ဟုဆိုနိုင်သည်။၂၀၁၁ ဂျီအမ်အက်(စ်)၊ နေပြည်တော်    စုစည်းမှုရရှိပြီးကတည်းက အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ သဘာဝပတ် ဝန်းကျင် စသဖြင့်  ဒေသတွင်းရှိ နယ်ပယ်ပေါင်းစုံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ဂျီအမ်အက်(စ်) တို့ အားထုတ်ခဲ့ကြသည်။ နယ်ပယ်အလိုက် ဖိုရမ်များပြုလုပ်ခြင်း၊ ပူးတွဲကြေညာချက်များ ထုတ်ပြန်ခြင်း၊ ပရောဂျက်များ ရေးဆွဲအကောင်အထည်ဖော်ခြင်းနှင့်၊ နားလည်မှုစာချွန်လွှာများ လက် မှတ်ရေးထိုးခြင်း စသဖြင့်အစီအစဉ်များစွာဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည်။အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံ အကြီးအကဲများ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်ကြီးများဖြင့် ထိပ်သီးဆွေးနွေးပွဲများကိုလည်း ကျင်းပရန် ကာလရှည်မဟာဗျူဟာကျ လုပ်ငန်းများအတွက် ပြင်ဆင်ခဲ့ကြသည်။    ပထမဦးဆုံး ဂျီအမ်အက်(စ်)ထိပ်သီးဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ၂၀၀၂ ခုနှစ် နိုဝင်ဘာလတွင်လည်းကောင်း၊ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲကို ၂၀၀၅ ခုနှစ်ဇူလိုင်လ၌ တရုတ်နိုင်ငံ ကူမင်းမြို့၌လည်းကောင်း၊ လာအိုနိုင်ငံဗီရန်ကျင်းတွင်မူ ၂၀၀၈ ခုနှစ်မတ်လ၌ တတိယအကြိမ်ထိပ်သီး ဆွေးနွေးပွဲကို လည်းကောင်း ပြုလုပ်ခဲ့ကြသည်။ လေးနှစ်တစ်ကြိမ်ကျင်းပခဲ့သော ဂျီအမ်အက်(စ်)တို့၏ ထိပ်သီးဆွေးနွေးပွဲသည် ယခုနှစ်ဆိုလျှင် စတုတ္ထအကြိမ်မြောက်ပင် ရှိလာခဲ့ပြီဖြစ်သည်။ ယခုနှစ်ကျင်းပ ရမည့် စတုတ္ထအကြိမ်မြောက် ဂျီအမ်အက်(စ်)ထိပ်သီးဆွေးနွေးပွဲကို  မြန်မာနိုင်ငံ၏ မြို့တော်သစ် နေပြည်တော်၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။ထို့ကြောင့် ၂၀၁၁ ခုနှစ်ဂျီအက်အမ်(စ်)တို့ ဆုံမှတ်သည် မြို့တော်သစ်နေပြည်တော်ဖြစ်ပြီး အချိန်ကာလရက်စွဲအားဖြင့်ဆိုသော် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် စတင်ပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ စတုတ္ထအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲတွင် ဂျီအမ် အက်(စ်) စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာဆွေးနွေးပွဲ ပူးတွဲကြေညာချက်များထုတ်ပြန်မှု၊ နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းများ၊ပြည်တွင်းနှင့်နိုင်ငံရပ်ခြား မီဒီယာများနှင့်အတူ သတင်းစာ ရှင်းလင်းပွဲများလည် ပါဝင်မည်ဖြစ်သည်။ နေပြည်တော်  မြို့တော်သစ်၏ ဒီဇင်ဘာ ဆောင်းနှင်းမှုန် ကြားထဲတွင် ဂျီအမ်အက်(စ်) နိုင်ငံများမှ ခေါင်းဆောင်ကြီးများ၊ ဝန်ကြီးများ၊ ကိုယ်စားလှယ်တော်ကြီး များစွာတို့သည် မြန်မာ့အပြည်ပြည်ဆိုင်ရာ  ကွန်ဗန်းရှင်းစင်တာ အဆောက်အအုံကြီးထဲ၌  အနာဂတ် ကာလများအတွက် လှုပ်ရှားသက်ဝင်ဆွေးနွေးပြင်ဆင် မှုများ ပြုလုပ်ကြ ပေတော့မည်။ဂျီအမ်အက်(စ်)နှင့် အနာဂတ်    အနာဂတ်တွင် ရင်ဆိုင်ရမည့် ၂၁ ရာစု၏ နှစ်ဦးဆယ်စုနှစ်များသည် စိန်ခေါ်ချက်ပေါင်းများစွာဖြင့် ပြည့်နှက်လျက်ရှိသည်။သဘာဝဘေးအန္တရာယ်များ ခပ်စိပ်စိပ်ဖြစ်ပေါ်နေခြင်း၊ နိုင်ငံရေး၊လူမျိုးရေး၊ ပဋိ ပက္ခများ တိုးပွားလာနေခြင်းနှင့် မရေရာသော မတည်ငြိမ်သော ကမ္ဘာ့စီးပွားရေး  ဝန်းကျင်တို့သည် သိသာသော စိန်ခေါ်ချက်များထဲမှ တချို့ဖြစ်သည်။ ဂျီအမ်အက်(စ်)အဖွဲ့ဝင်များတည်ရှိသော အာရှဒေသ တွင်လည်း ထူးခြားသော အခြေအနေသစ်များရှိနေသည်။ အာဆီယံစီးပွားရေး အသိုက်အဝန်းနှင့် လွတ် လပ်သော ကုန်သွယ်ရေးဧရိယာ အပြည့်အဝပေါ်ထွန်းလာမှုနှင့်အတူ အမေရိကန်၊ တရုတ်၊ ဥရောပနှင့် ဂျပန်နိုင်ငံတို့၏ ကမ္ဘာ့စီးပွားရေး ပြောင်းလဲလာမှုအပေါ် တန်ပြန်မှုများကြောင့် နိုင်ငံငယ်များတွင် ဖြစ်ပေါ် လာနိုင်သည့် အကျိုးသက်ရောက်မှုများ ဖြစ်သည်။    နိုင်ငံအလိုက်တည်ရှိပြီးသော အားနည်းသော မူဝါဒများ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း များကြောင့် ပြောင်းလဲမှုဖိအားများ၏ သက်ရောက်မှုများမှာ  အားကြီးလျက်ရှိသည်။ဒေသခွဲတစ်ခုလုံး၏ တိုးတက်ဖြစ်ပေါ်လာသော ဖွံ့ဖြိုးမှုအသီးအပွင့်များကို ဒေသခွဲအတွင်းရှိ တစ်နိုင်ငံချင်းတစ်နိုင်ငံချင်းမှ လူတစ်ဦးချင်းအတွက် ကောင်းကျိုးရလဒ်များအဖြစ် ပြောင်းလဲပေးနိုင်စွမ်းမှာလည်း အားနည်းလျက် ရှိသည်။ အဖွဲ့ကြီးက လမ်းညွှန်ထားသော အစီအစဉ်များကို အကောင်အထည်ဖော်နိုင်စွမ်းများမှာလည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီကြချေ။ အရှေ့ အနောက်နှင့် တောင် မြောက် စီးပွားရေးစြင်္ကံတစ်လျှောက် ဆက်စပ်ဆောင်ရွက်မှုများမှာလည်း ခရီးပေါက်မှုအားနည်းလျက်ရှိသည်။ ဒေသခွဲအတွင်း စီးပွားရေးစြင်္ကံ လမ်းများ ဖွံ့ဖြိုးမှုအားကောင်းလာခဲ့လျှင် နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရေး၊ လုပ်ငန်းဆောင်ရွက် မှုများ ချောမွေ့လာမည်ဖြစ်သဖြင့် စရိတ်စကလျှော့ချနိုင်သည့် အကျိုးကျေးဇူးကို ဦးစွာခံစားရလာ နိုင်သည်။ ထိုမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် ထုတ်လုပ်မှုပမာဏများ အားကောင်းလာပြီး တစ်ယူနစ်စရိတ်များကျဆင်းလာကာ ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်း တိုးလာနိုင်သည်။ ဒေသခွဲတစ်ခုလုံး၏ ဒေသတွင်းသာမက ဒေသပြင်ပနှင့် ကုန်သွယ်မှုပမာဏလည်း တိုးလာနိုင်လိမ့်မည်။ ထိုသို့သော အနာဂတ်အကျိုးဖြစ်ထွန်းမှုများသေချာသည့် နယ်စပ်ဖြတ်ကျော် သယ်ယူ ပို့ဆောင်ရေး၊ဒေသခွဲအတွင်း ရှိအသေးစားနှင့်အလတ်စားလုပ်ငန်းများ ရင်းနှီးငွေကြေးလွယ်ကူစွာ ရရှိနိုင်မှု နိုင်ငံအလိုက် ပုဂ္ဂလိကဏ္ဍများ အပြည့်အဝပါဝင်လာနိုင်ရေးနှင့် ဒေသတွင်းရင်းနှီးမြှုပ်နှံဆိုင်ရာ လုပ်ငန်း ဆောင်တာများ တိုးတက်မြင့်မားရေးကိစ္စရပ်များသည် ဂျီအက်အမ်(စ်)နိုင်ငံများ အလောသုံးဆယ် ထည့် သွင်းစဉ်းစားဆွေးနွေးရမည့် အကြောင်းတရားများဖြစ်ပေသည်။    ဂျီအမ်အက်(စ်)ထိပ်သီးအစည်းအဝေးကြီးများသည် ဂျီအမ်အက်(စ်)အဖွဲ့ကြီး၏ အရေးပါသော တွန်းအား ယန္တရားများဖြစ်သော ထိုအစည်းအဝေးကြီးများမှ ဖြစ်ထွန်းပေါ်ပေါက်လာသော အစီအစဉ်များ သည် အဖွဲ့ဝင်နိုင်ငံများအားလုံး ရည်မှန်းချက်ထားဆောင်ရွက်နေသည့် စဉ်ဆက်မပြတ်စီးပွားရေးဖွံ့ဖြိုးမှု နှင့် ဆင်းရဲနွမ်းပါးမှုကျဆင်းရေး အားထုတ်မှုများအပေါ်တွင် အနာဂတ်ကာလများ၌ အပေါင်းလက္ခဏာ ဆန်သော သက်ရောက်မှုများရှိလာလိမ့်မည်ဟု မျှော်လင့်ယုံကြည်နေမိပါတော့သတည်း။