Main menu

Background

ယွမ်နှင့် ယန်းကို အသုံးပြုကုန်သွယ်မည့် တရုတ်နှင့် ဂျပန်

Wed, 01/04/2012 - 03:41 -- Anonymous (not verified)

တရုတ်နဲ့ ဂျပန်နိုင်ငံတို့က အမေရိကန်ဒေါ်လာကို အသုံးမပြုဘဲ တရုတ်ယွမ်ငွေနဲ့ ဂျပန်ယန်းငွေ တို့ကိုအသုံးပြုပြီး တိုက်ရိုက်ကုန်သွယ်မှုကို မြှင့်တင်တော့မှာဖြစ်တယ်။ ဒါ့ပြင် ငွေကြေးဈေးကွက်အတွင်း ပါဝင်တဲ့ ကုမ္ပဏီတွေအတွက် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမှာဖြစ်ကြောင်း ဂျပန်အစိုးရက ၂၆-၁၂-၂၀၁၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ဂျပန်နိုင်ငံက တရုတ်ငွေကြေးစာချုပ်များ (Chinese bonds) ကို ဝယ်ယူအသုံးပြု မှာဖြစ်ပါတယ်။ ယွမ်နဲ့ ယန်းကို အသုံးပြုပြီး တိုက်ရိုက်အရောင်းအဝယ်ပြုလုပ်မှု၊ ငွေကြေးပေးချေမှုက ငွေကြေးဆုံးရှုံးနိုင်ခြေများ  (Currency risks)  နဲ့ ကုန်သွယ်မှုစရိတ်များ (Trading costs) ကို လျော့ကျ စေနိုင်ကြောင်း တရုတ်အစိုးရနဲ့ ဂျပန်အစိုးရတို့က ပြောကြားလိုက်တယ်။ ၂၀၁၀ ပြည့်နှစ်မှာ တရုတ်နဲ့ ဂျပန် အပြန်အလှန်ကုန်သွယ်မှုမှာ ယန်း ၂၆ ဒသမ ၅ ထရီလီယံ (ကန်ဒေါ်လာ ၃၄၀ ဘီလျံ) ရှိပြီး တရုတ်က ဂျပန်ရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်ခဲ့တယ်။ ၂၀၁၀ ပြည့်နှစ် နှစ်စပိုင်းမှာ တရုတ်နဲ့ဂျပန် အပြန်အလှန်ကုန်သွယ်မှုမှာ ယန်း ၉ ဒသမ ၂ ထရီလီယံသာ ရှိခဲ့ ရာမှ ဒီလိုတိုးတက်လာခဲ့ခြင်းဖြစ်တယ်။ ငွေကြေးကုမ္ပဏီမန်နေဂျာတွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ အတူ ကမ္ဘာ့ဒုတိယနဲ့ တတိယစီးပွားရေး အင်အားကြီး နှစ်နိုင်ငံကြား ငွေကြေးနဲ့ ကုန်သွယ်ရေးသဘောတူ စာချုပ်တွေ ချုပ်ဆိုနိုင်ခဲ့တယ်။ နှစ်နှစ်ကြာဖြစ်ပွားလျက်ရှိတဲ့ ဥရောပကြွေးမြီအကျပ်အတည်း (European debt crisis)  က ကမ္ဘာ့ငွေကြေးဈေးကွက်တွေကို ကမောက်ကမဖြစ်စေတာကြောင့် သဘောတူစာချုပ် တွေ ချုပ်ဆိုအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်တယ်။ "အာရှရဲ့ စီးပွားရေးအင်အားအကြီးမားဆုံး နှစ်နိုင်ငံကြား အလွန်များပြားတဲ့ ကုန်သွယ်မှုပမာဏနဲ့ အတူ (ယွမ်နဲ့ ယန်းကိုသာ အသုံးပြုပြီး တိုက်ရိုက်အရောင်းအဝယ်ပြုလုပ်မယ့်) အခုသဘောတူညီချက်က အခြားသဘောတူညီချက်တွေထက် အများကြီးပိုပြီး ထူးခြားမှာပါ"လို့ စီးပွားရေးပညာရှင် Ren Xianfang  က သုံးသပ်ပြောကြားပါတယ်။                   Source: bloomberg.com, သိန်းမြင့်ဝေ