Main menu

Background

မတ်ပဲဈေးကွက် ပုံမှန်ဖေါ်ဆောင်နိုင်ရေး ထိုက်သင့်တဲ့ဈေး ရရှိရေးအတွက် ဘယ်လိုဗျူဟာများ ချမှတ်မှာလဲ

Mon, 03/05/2012 - 07:18 -- Anonymous (not verified)

ပဲမျိုးစုံဈေးက တာထွက်မှာအားပျော့    မြန်မာ့ပဲဈေးကွက်ကို ကြည့်ရင် ယခုရာသီဟာ ဆောင်းပဲများ ဈေးကွက် ဝင်လာတဲ့ ကာလဖြစ်ပါတယ်။ပဲစင်းငုံတွေ နဲ့ ပဲတီရွှေဝါလှိုင်လှိုင်ဝင်တဲ့ ကာလဖြစ် သလို မတ်ပဲနဲ့ ကုလားပဲက အချို့ဒေသ ဈေးကွက်က စဝင်လာနေပြီဖြစ်ပေမဲ့ ဒီလ လယ်လောက်မှ ဖြိုင်ဖြိုင်ဝင်လာမှာ ဖြစ်ပါ တယ်။ ဈေးကွက်ဈေးနှုန်းကို ကြည့်ရင် ဒီနှစ်ပဲမျိုးစုံက တာထွက်မှာ အားပျော့နေ တဲ့အနေအထားရှိနေတာ တွေ့ရပါတယ်။ မနှစ်ကနဲ့ယှဉ်ရင် ကုလားပဲကလွဲပြီး ကျန် အဓိကပဲတွေဖြစ်တဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲတီရွှေဝါနဲ့ ပဲစင်းငုံဈေးက ထက်ဝက် လောက်ကို လျော့ကျရောင်းဝယ်နေတာ တွေ့ရပါတယ်။ ပဲအားလုံးထဲမှာမှ ဒီတစ်ပါတ်အထူးပြုပြီး ပြောလိုတာကတော့ မတ်ပဲ ဖြစ်ပါတယ်။    တောင်သူများ တက်ဈေးမျှော်    မနှစ်ကအခြေအနေကို ပြန်ကြည့်မယ်ဆိုရင် အရင်နှစ်တွေက ပဲဈေးကောင်းနဲ့ ရောင်းရလို့မတ်ပဲကိုတိုးစိုက်သလို သွင်းအားစုအပြည့်အဝထည့်စိုက်ကြလို့ ဟင်္သာတ ဘက်ကဆိုရင် ၁ဧကကို ၁၂ တင်းထွက်ရှိခဲ့ပြီးပဲခူးအရှေ့ဘက်ဆိုရင် ၁၀-၁၁ တင်း အထက်ထွက်ခဲ့ကြသလို တစ်တင်းကျပ် ၂၀၀၀၀ ဝန်းကျင် ရောင်းချခဲ့ကြရလို့ လည်း အကျိုးအမြတ်ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီနှစ်အနေအထားမှာတော့ ရာသီဥတု အခြေ အနေအရ ပဲလိုအပ်တဲ့အချိန်မှာ အစိုဓာတ် ခန်းခြောက်သွားလို့ မတ်ပဲအထွက်က ၁ ဧက ၇ တင်း-၈ တင်းလောက်ကို လျော့ကျနိုင်တယ်လို့ သိရပါတယ်။ နောက်ပြီး လက်ရှိ ပေါက်ဈေးကတစ်တင်း ကျပ် ၁၃၀၀၀-၁၃၇၀၀ ဝန်းကျင်ဈေးသာရှိတော့ ထုတ်လုပ်မှုစရိတ်မရှုံးပေမဲ့ ရင်းနှီးအားထည့်ရတဲ့ အကျိုးမခံစားရတဲ့အတွက် တောင် သူတွေ တက်ဈေးကို မျှော်နေကြတယ်လို့ သိရပါတယ်။ယခင်နှစ်ထက် မတ်ပဲ ပိုတင်နိုင်    ပြည်ပတင်ပို့မှုကို လေ့လာကြည့်မယ်ဆိုရင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဖေဖော် ဝါရီ ၂၄ ရက်အထိ ပဲမျိုးစုံစုစုပေါင်းတင်ပို့မှု တန်ချိန် ၁၂ ဒသမ ၆ သိန်း ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၈ ဒသမ ၄၅ သိန်းကျော် ရှိလို့ လက်ရှိ ဘဏ္ဍာနှစ်မှာတန် ၄သိန်းကျော် ပိုတင်ထားပြီးတာတွေ့ရပါတယ်။ ဒီအထဲမှာ မတ်ပဲ က တန်ချိန် ၅ ဒသမ ၅ သိန်းခန့်ဒီနှစ်တင်ပို့မှုမှာပါဝင်ထားလို့ ပဲအားလုံးရဲ့ ထက်ဝက် နီးပါးရှိတာတွေ့ရပါတယ်။ မနှစ်က ဘဏ္ဍာနှစ် တစ်နှစ်လုံးမှာ မတ်ပဲတန်ချိန် ၄ ဒသမ ၆ သိန်း ကျော်တင်ပို့နိုင်တာတွေ့ရလို့ ဒီနှစ်ကတန်ချိန် တစ်သိန်းလောက်ပို တင်ပို့နိုင်တဲ့အနေအထားရှိနေပါတယ်။ ဘဏ္ဍာနှစ်ရဲ့ ကျန်တဲ့ တစ်လအတွင်း တင်ပို့ နိုင်မယ့် ပမာဏနဲ့ဆိုရင် စုစုပေါင်းတန် ၆ သိန်းလောက်တော့ တင်ပို့နိုင် လိမ့်မယ်လို့ ခန့်မှန်းရရှိပါတယ်။ ဒါပေမဲ့ ၂၀၀၉-၂၀၁၀ မှာ မတ်ပဲတန်ချိန် ၆၂၀၀၀၀ နီးပါး တင်ပို့နိုင်ခဲ့လို့ အဲဒီပမာဏကို မီမလားဆိုတာတော့ မတ်လကုန်ထိ စောင့်ကြည့်ရဦး မှာ ဖြစ်ပါတယ်။မတ်ပဲတင်ပို့တဲ့ ဈေးကွက်ဝေစုက အိန္ဒိယကို ၇၅ ရာခိုင်နှုန်းကျော်ရှိ    မတ်ပဲတင်ပို့တဲ့ ဈေးကွက်နိုင်ငံတွေကို ကြည့်မယ်ဆိုရင် မနှစ်ကတန် ၄ ဒသမ ၆ သိန်း ကျော်တင်ပို့တဲ့အနက် တန်ချိန် ၃ ဒသမ ၅ သိန်းခန့်က အိန္ဒိယကိုသွားပြီး စင်ကာပူကို တန်ချိန် ၅ သောင်းနီးပါး၊ ထိုင်းကို တန် ၃ သောင်းကျော်၊ မလေးရှားကို တန် တစ်သောင်းကျော်၊ ဗီယက်နမ် ကို ၈၀၀၀ ကျော်နဲ့ ကျန်ပမာဏအနည်းငယ်စီ ကို တော့ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ ဂျပန်၊ တရုတ်၊ ဖိလစ်ပိုင်၊ နယူးဇီလန်၊ ယူအေအီး၊ သီရိလင်္ကာ၊ သြစတြေးလျအပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံကို တင်ပို့မှုရှိတာ လေ့လာတွေ့ရှိရပါတယ်။ ဒီဘဏ္ဍာနှစ်လက်ရှိကာလအထိမှာတော့ အိန္ဒိယကို တန် ၄ဒသမ ၅ သိန်းခန့်တင်ပို့ထားသလို စင်ကာပူကို တန် ၈၅၀၀၀ ကျော်ထိ တင်ပို့ထား တာ တွေ့ရပါတယ်။ မနှစ်က အနေအထားအရ မတ်ပဲဈေးကွက်ဝေစုရရှိမှုဟာ အိန္ဒိယကို ၇၅ - ၇၆ ရာခိုင်နှုန်း၊ စင်ကာပူကို ၁၁ ရာခိုင်နှုန်းလောက်ရှိတာတွေ့ရပါ တယ်။ စင်ကာပူကို ပို့တာက  Transit  ပဲဖြစ်ဖို့များပြီး၊ တစ်ခြားEnd User  နိုင်ငံ တွေကို သွားတာ ဖြစ်နိုင်ပါတယ်။၂၀၁၁ မေ နဲ့ စက်တင်ဘာလမှာ မတ်ပဲတင်ပို့မှု စံချိန်တင်    လအလိုက်တင်ပို့မှုကိုကြည့်မယ်ဆိုရင် ဒီနှစ်ဇန်နဝါရီလမှာ တန်ချိန် ၂၈၀၀၀ ခန့်သာတင်ပို့ခဲ့ပြီး ၂၀၁၁ ဇန်နဝါရီလအတွင်းမှာ တန်ချိန် ၄၅၀၀၀ ခန့်တင်ပို့နိုင်ခဲ့ တာတွေ့ရပါတယ်။ ၂၀၁၁ ရဲ့ မတ်ပဲတင်ပို့မှုစံချိန်ချိုးတဲ့ ကာလတွေကတော့ မေ၊ ဇွန်၊ ဇူလိုင်နဲ့ စက်တင်ဘာလများပဲ ဖြစ်ပါ တယ်။ မေနဲ့ စက်တင်ဘာလမှာ တစ်လကို တန်ချိန် ၈၅၀၀၀-၈၇၀၀၀ ထိတင်ပို့နိုင်ခဲ့ပြီး ဇွန်၊ ဇူလိုင်လတွေမှာ တန် ၇ သောင်း အထက်စီ တင်ပို့နိုင်တာ တွေ့ရပါတယ်။ ဒီလို တင်ပို့နိုင်မှုအပေါ် လေ့လာကြည့်တဲ့ အခါအိန္ဒိယရဲ့ ၂၀၁၁ သီးနှံရာသီမှာ နိုင်ငံတောင်ပိုင်းနဲ့ အလယ်ပိုင်း မတ်ပဲ ရင့်မှည့် တဲ့ကာလ မိုးရွာသွန်းမှုများပြီး ပဲအရည်အသွေးတွေ ကျဆင်းခဲ့တာကြောင့်ဖြစ်သလို ဈေးကွက်မှာ လက်ကျန်မပြတ်လပ်ရအောင် ဆက်တိုက် သွင်းအားကောင်းခဲ့တာပဲ ဖြစ်ပါတယ်။မိုးမမိပေမဲ့ ပိုးကျလို့ အထွက်လျော့ကာ ဈေးမတက်    မြန်မာနိုင်ငံမှာလည်း မနှစ်ကမတ်ပဲ ရိတ်သိမ်းရမယ့်အချိန် မိုးရွာသွန်းမှု တာ ရှည်ခဲ့ပြီး တောင်သူတွေအနေနဲ့လည်း ကြိုတင် ပြင်ဆင်နိုင်မှုမရှိခဲ့တာကြောင့် ရေနာပဲတွေအဖြစ် အရည်အသွေး ကျ ဆင်းခဲ့ရပါတယ်။ မနှစ်က မိုးမိပြီး ဆုံးရှုံး မှုတွေအတွက် တောင်သူတချို့က ဒီနှစ် မှာ အဲဒီလိုအဖြစ်မျိုးမရှိစေဖို့ ခြွေလှေ့ စက်တွေတောင် ဝယ်ယူ ပြင်ဆင်ထား တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာ တော့ မိုးမမိဘဲ ပိုးမိတဲ့အဖြစ်နဲ့ ကြုံရပြန်ပါတယ်။ ပိုးကျလို့ ဆေးလိုက်ပိုးကောက်ရတဲ့ ကုန်ကျ စရိတ်တွေအပြင်အထွက်လည်းလျော့၊ ဈေးလဲမတက်ဆိုတော့ တောင်သူ တွေ နောင်နှစ် မတ်ပဲစိုက်ဖို့ အားထည့်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာပါ။မနှစ်က ကာလတူထက် မတ်ပဲဈေး ကန်ဒေါ်လာ ၂၀၀ကျော် လျော့နည်း    လက်ရှိဈေးကွက်မှာတော့ မတ်ပဲက ပုံမှန်ဝယ်ယူမှုရှိတယ်ဆိုပေမဲ့ ခါတိုင်းနှစ် လောက်လှုပ်ရှားမှုမရှိတာတွေ့ရပါတယ်။ ဈေးနှုန်းအနေအထားအရ ကြည့်မယ် ဆိုရင်လည်း မနှစ်ကထက် FOB  ဈေးက ကန်ဒေါ်လာ ၂၀၀ ကျော်လောက်လျော့ နည်းနေတာ တွေ့ရပါတယ်။၂၀၁၁ နဲ့ ၂၀၁၂ ဇန်နဝါရီ - ဖေဖော်ဝါရီလများအတွင်း ဖြစ်ပေါ်တဲ့ ရန်ကုန် FOB မတ်ပဲတစ်ပတ်အတွင်း အနိမ့်ဆုံးနဲ့ အမြင့်ဆုံးဈေးနှုန်းများ                                 ၂၀၁၂    ၂၀၁၁        ဇန်-ပထမပတ်    ၅၈၀-၆၁၀       ၈၀၀-၈၂၀    ဇန်-ဒုတိယပတ်    ၅၇၀-၆၀၀      ၈၃၀-၈၆၀    ဇန်-တတိယပတ်    ၅၈၀-၆၀၀    ၈၆၀-၈၉၀    ဇန်-စတုတ္ထပတ်    ၅၅၀-၅၉၀      ၉၂၀-၉၆၀    ဖေ-ပထမပတ်    ၅၃၀-၅၅၀       ၉၁၀-၉၃၀    ဖေ-ဒုတိယပတ်    ၅၃၀-၅၅၀      ၈၉၀-၉၁၀    ဖေ-တတိယပတ်    ၅၃၀-၅၅၀      ၈၈၀-၉၅၀    ဖေ-စတုတ္ထပတ်    ၅၃၀-၅၅၀      ၉၃၀-၉၅၀ဟင်္သာတ မတ်ပဲခင်းမှာ အစိုဓာတ်က အစောကြီးဆုတ်လို့ အထွက်လျော့    လက်ရှိအနေအထားတွေအရ မတ်ပဲစိုက်တဲ့တောင်သူတွေရဲ့ ရင်တွင်းစကား ကိုလည်း ဖော်ပြချင်ပါတယ်။ ဟင်္သာတခရိုင်ကုန်းကြီးကျေးရွာအုပ်စုမှာ မတ်ပဲ ၁၄ ဧကစိုက်တဲ့ ဦးအောင်သိန်းက "မနှစ်က မတ်ပဲ တစ်ဧကကို  ၁၁ တင်းနှုန်းနဲ့ထွက်ရှိပြီး ရောင်းတဲ့အချိန်မှာ တစ်တင်း ၁၈၀၀၀ ကျပ်နှုန်းနဲ့ အနိမ့်ဆုံးရောင်းရတော့ အကျိုး အမြတ် ကောင်းကောင်းလေးကျန်ပါတယ်။ မနှစ်က ရိတ်သိမ်းစဉ်မိုးမိလို့ အရည် အသွေးကျပေမဲ့ရောင်းဈေးက မဆိုးဘူးလို့ ဆိုရမှာပါ။ ဒီနှစ်အနေ အထားက အစို ဓာတ်က လိုအပ်သလောက်မရဘဲ အစောကြီးဆုတ်သွားလို့ ပဲပင်အသေ အပျောက် ရှိသလိုပဲဈေး၊ စပါးဈေးကျလို့ လိုအပ်တဲ့ဆေးဝါး သွင်းအားစုလဲ အလုံ အလောက် မသုံးစွဲနိုင်ပါဘူး။ ဒါကြောင့် ဒီနှစ်မှာ စိုက်ပျိုးမှုကုန်ကျစရိတ် တစ်ဧက ကျပ်၇၅၀၀၀ ခန့်ကုန်ပေမဲ့ အထွက်နှုန်းက ၇ တင်း-၈ တင်း လောက်ဘဲ ထွက်မယ်ခန့်မှန်းထားလို့ လက်ရှိပေါက်ဈေး ၁၃၅၀၀ ကျပ်နဲ့ဆိုရင် တစ်ဧကမှ ၉၅၀၀၀-၁၀၀၀၀၀ ကျပ် လောက်ပဲရမှာဆိုတော့ စိုက်ဧကနည်းတဲ့သူတွေအတွက် အဆင်မပြေနိုင်ပါဘူးဗျာ၊ မတ်ပဲတစ်တင်း ၂၀၀၀၀ ကျပ်ဝန်းကျင်နဲ့ ရောင်းရမှသာ အသင့် အတင့် အဆင်ပြေ နိုင်မှာပါ" လို့ ဆိုပါတယ်။ ပဲခူးမတ်ပဲခင်းအချို့ ပိုးတွေကျ    ပဲခူးမြို့နယ် ဘုရားကြီးကျေးရွာက ပဲဧက ၂၀ စိုက်ပျိုးတဲ့ ဦးထွန်းဇော်ကလည်း "ဒီနှစ်ကတော့ ငမြောင်တောင်ပိုးအများဆုံးပဲဗျာ၊ ပဲခင်းကို ကြည့်လိုက်ရင် ငွေရောင် လို အဖြူရောင်လေးတွေဖြစ်နေတယ်။ ကွင်းထဲဆင်းကြည့်ရင် အရွက်က အစိမ်း ရောင်အလွှာမရှိဘဲ၊ အကြောကလေးများပဲ အဖြူရောင်ကျန်နေတယ်။ သိသိခြင်း လုပ်ကိုင်လိုက်တော့ အထိအခိုက် သက်သာသွားတယ်။ အသိနောက်ကျရင်တော့ ဒီကောင်တွေကမလွယ်ဘူးဆရာရေ၊ နည်းနည်းလေးအကောင်ကြီးလာရင် တစ်ပတ်၊ ၁၀ ရက်သားလောက်ဆိုရင် ဆေးဒဏ်ကိုခံနိုင်ပြီး၊ အပင်ကြီးရင်အရွက်တွေ ကုန်ပြီ၊ အပင်သေးရင် ပင်စည်ပဲကျန်တော့တယ် ဆရာရေ။      ကျွန်တော့်အတွက်တော့ အနားပတ်လည်မှာ သိပ်မရှိဘူး၊ အလယ်ထဲမှာ များတယ်။ သက်ဆိုင်ရာဌာနက ပြောတဲ့ နည်းလမ်းတွေအတိုင်းလည်း လုပ်တယ်။    နောက်ပြီးထိုင်းနိုင်ငံကလာတဲ့ မီသိုမိုင်းလို့ ပြောတာပဲ၊ အဲဒါကိုလည်း ဆေးဖျန်းပုံး (၁)ပုံးမှာ ဆေး(၃) ဇွန်းခန့်ထည့်ပြီး စဖျန်းတယ်ဆရာ၊ မဆိုးတော့မဆိုးပါဘူး။ အပင်တော့နာတယ်။ ရွက်ဖျန်း အားဆေး ထပ်လိုက်တာပေါ့ ဆရာ၊ ကျွန်တော်လည်း ဆရာတို့ပြောတဲ့နည်းတွေရော အချင်းချင်းသုံးတဲ့ နည်းတွေ ရော၊အစုံလုပ်တယ်။ ထိခိုက်မှုလား၊ သူများထက်တော့ သက်သာပါတယ်။ နောက်တစ်ကြိမ် ထပ်ခူးဖို့ နည်းနည်းတော့ ရနိုင်တယ်။ ၅ တင်း/၆ တင်းလောက်ပဲ ထွက်နိုင်မယ်ဆရာရေ၊ ပိုးကလည်းကျ၊ ဈေးကလဲ ကျနေတော့ သိပ်မဟန်ပါဘူး" လို့ဆိုပါတယ်။    ပဲခူးမြို့နယ် မယင်းကျေးရွာက ဦးခင်မောင်ဦးကလည်း "ပဲတီစိမ်းဧက ၄၀ စိုက်ပါတယ်၊ ပိုးကျချိန်မှာ အပင်သက်(၁)လသားကျော်ပြီ ကျွန်တော်ကိုယ်တိုင် အခင်းတိုင်းကို လိုက်ကြည့်တယ်။ သိသိချင်း  သြဘာ က ထုတ်တဲ့ ရန်ငြိမ်းနဲ့ ရန်ရှင်းကိုသုံးတယ်ဆရာ၊ အပင်တွေက အရွက်များနေတော့ ထိရောက်မှု သိပ် မရှိဘူး၊လယ်ယာထွက်ကုန်ကပြောသလို ညဘက်လူငှားပြီး ပိုးကောင်တွေကောက်တယ်။ အပင် သက်တမ်း ရနေတော့ အထိအခိုက်နည်းပါးတယ်။ အထွက်နှုန်း ၈ တင်းလောက်တော့ မှန်းတယ်။ နောက်တစ်ကြိမ် ဆွတ်ခူးဖို့အတွက်တော့ မမှန်းတော့ပါဘူး ၊ ဒါပေမယ့် ဈေးကောင်းလေးများရမယ်ဆိုရင် တော့ ဝမ်းသာ စရာပဲပေါ့" လို့ပြောပါတယ်။အရည်အသွေးကို ထိန်းရောင်းရင် ဈေးကွက်ကောင်းလာနိုင်၊ ဈေးကွက်ကို ယုံကြည်မှုရှိရေး Commodity Exchange တွေ ဖော်ဆောင်သင့်    ဒီနှစ်မတ်ပဲဈေးကွက်အလားအလာအပေါ် ပဲကုန်သည်ကြီးတွေရဲ့အမြင်ကို မေးမြန်းရာမှာတော့ Asia Myint  ကုမ္ပဏီမှ ဦးရဲမြင့်က"ဒီနှစ်အနေအထားက ဝယ်လက်ကြီးတွေ ငွေမလည်နိုင်တော့ ပဲမရွေ့နိုင် ဘူး ဖြစ်နေပါတယ်။ မတ်ပဲအခြေအနေက ဒီနှစ် အိန္ဒိယမှာ လက်ကျန်တွေ ရှိနေသေးတယ်။ နောက်ပြီး မနှစ်က မတ်ပဲအရည်အသွေးပြဿနာကြောင့် ဒေဝါလီခံရတာတွေ ရှိခဲ့တော့ အရည်အသွေး ကောင်းရင် တော့ မြန်မာမတ်ပဲဈေးကွက်ကောင်းမှာပါ။ ဒါပေမဲ့ မနှစ်က ကျန်တဲ့ မတ်ပဲတွေကို ရောပြီးရောင်းရင်တော့ ဈေးကွက်အလားအလာမကောင်းနိုင်ပါဘူး။ ဒီနှစ်ထွက်လာတဲ့ မတ်ပဲအရည်အသွေးပေါ် မူတည်နေပါ တယ်။ အမှန်တော့ အိန္ဒိယဝယ်လက်တွေ လက်ကျန်ရှိပေမဲ့ မဝယ်တာတော့ မဟုတ်ဘူး။ ဝယ်ချင်တယ်။ ခုနပြောသလို အရည်အသွေး ပြဿနာကြောင့် မဝယ်ရဲတာပါ။ လောလောဆယ်ဝင်လာတဲ့ မတ်ပဲအရ ဆိုရင် Quality   ကောင်းပါတယ်။ လတ်တလော အဝယ်ပုံမှန်ရှိပေမဲ့ ဈေးမတက်တာတော့ ကျွန်တော့် အထင် ဒီဘက်က ကုန်သည်တွေ ဈေးကွက်ကို ယုံကြည်မှုမရှိတာကြောင့်လို့ ဆိုချင်ပါတယ်။ ပုံမှန်နှစ် ဆိုရင်တစ်ရက်ထဲကွန်တိန်နာပုံး ၂၀၀ လောက်ဝယ်လိုက်ရင် ဈေးတက်လာပေမဲ့ ဒီနှစ်အနေအထားက အဲဒီလို မဟုတ်ဘူး။ ပုံမှန်ဝယ်တဲ့သူ ခဏနားလိုက်ရင် ဈေးပြန်ကျ ကျသွားတယ်။ အမှန်တော့ ကုန်သည် တွေ ဈေးကွက်အပေါ်ယုံကြည်မှုရှိလာအောင် အိန္ဒိယမှာလိုNCDEX ၊ MCX     စတဲ့ Commodity Exchange    တွေ ပေါ်ပေါက်သင့်ပါတယ်။ အဲဒါမှ ရောင်းသူ ဈေးကွက်ဖြစ်လာပြီး ကုန်သည်တွေလည်း ယုံကြည်မှုရှိရှိ လုပ်ကိုင်လာနိုင်မှာဖြစ်သလို တောင်သူတွေလဲ ထိုက်သင့်တဲ့ ဈေးရရှိနိုင်မှာပါ" လို့ဆိုပါတယ်။လက်ရှိဈေးကွက် အနေအထားအရဆို စိုက်ပျိုးရောင်းဝယ်ရေး ဗျူဟာ ပြောင်းလဲသင့်Yeo Brother  ကုမ္ပဏီမှ ဦးသောင်းဟန်ကလည်း "ကျွန်တော်တို့ခန့်မှန်းတာကတော့ မနှစ်က မိုးရွာလို့ မတ်ပဲအရည်အသွေးပျက်စီးမှုရှိပေမဲ့ ပဲအထွက်က ပုံမှန်ထက်ပိုပါတယ်။ ပုံမှန်တန်ချိန် ၇ သိန်းပတ် လည်ထွက်ရှိပြီးမနှစ်ကတန်ချိန် ၈ သိန်းလောက်ထိထွက်မယ်လို့ ထင်တယ်။ ဒါကြောင့်လဲ ဒီနှစ်အတွင်း မတ်ပဲ တင်ပို့မှုကောင်းပေမဲ့ လက်ကျန်တန် တစ်သိန်းအထက်ရှိမယ်လို့ မှန်းပါတယ်။ အရည်အသွေးညံ့လို့၊ အိန္ဒိယမဝယ်လို့ မတ်ပဲလက်ကျန်များတာ မဟုတ်ဘူးလို့ ယူဆပါတယ်။ ဒီမှာကို ပုံမှန်ထက်အထွက်များ တာကြောင့်ပဲဖြစ်ပါတယ်။ ပုံမှန်မတ်ပဲလက်ကျန်က တန်ချိန် ၆-၇ သောင်းလောက်ရှိပြီး လက်ကျန်နည်း တဲ့နှစ်ဆိုရင် တန်၂-၃ သောင်း လောက်သာ ရှိပါတယ်။ ဒီနှစ်မြန်မာမတ်ပဲအထွက်က ပုံမှန်ထက် ၂၀-၂၅ ရာခိုင်နှုန်းလောက် လျော့မယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်အနေအထားအနေနဲ့ လက်ရှိဈေး လည်း နိမ့်နေပေမဲ့ ဝယ်လိုအားက ပုံမှန်လိုမဟုတ်ဘဲ အားရစရာမရှိတာ တွေ့ရပါတယ်။ အိန္ဒိယက ဒီလိုဈေးနှုန်းနဲ့ဆိုရင် ဝယ်လိုအားတက်လာရမှာဖြစ်ပေမဲ့ သူတို့ဘက်မှာလည်း Stock    ရှိနေတော့ လက်ရှိ အချိန်မှာတော့ သိပ်မကောင်းတာ တွေ့ရပါတယ်။ ပြီးတော့ လက်ရှိဈေးကွက်မှာ အသစ်နဲ့ အဟောင်း ဈေးက တစ်တန်ဒေါ်လာ ၃၀ လောက်ကွာနေတယ်။ ပုံမှန်ဆိုရင်အဟောင်းနဲ့ အသစ်ဈေးက ၅ ဒေါ်လာ-၁၀ ဒေါ်လာပဲ ကွာခြားမှုရှိတော့ အဟောင်းရောအသစ်ပါအဝယ်ရှိခဲ့တယ်။ ဒီလိုဈေးကွက် အနေအထား အရဆိုရင်ကျွန်တော်တို့ စိုက်ပျိုးရောင်းဝယ်မှုမှာ ဗျူဟာပြောင်းလဲသင့်ပါတယ်။ မတ်ပဲဈေးကွက်က အိန္ဒိယ ကို ၇၀-၇၅ ရာခိုင်နှုန်းရှိပြီး အခြားနိုင်ငံတွေကို ၂၅ ရာခိုင်နှုန်း သာရှိပါတယ်။ အိန္ဒိယက အဝယ်နည်းရင် အခြားဈေးကွက်တွေကို ပိုမိုတင်ပို့နိုင်ဖို့ ဈေးကွက် ရှာနိုင်မလား၊ အဲဒီလို ဈေးကွက်မရှိရင် ဝယ်လိုအားနဲ့ ရောင်းလိုအားကိုချိန်ပြီး ထုတ်မလား စဉ်းစားသင့်ပါတယ်။ လာမယ့် အလားအလာ အနေနဲ့ ဇွန်၊ ဇူလိုင် လတွေမှာ ဖြစ်ပေါ်တတ်တဲ့ အိန္ဒိယရာသီပေါ်မှာ မူတည်ပြီးမှပဲ ခန့်မှန်းလို့ရပါမယ်" လို့ဆိုပါတယ်။ကမ္ဘာ့ မတ်ပဲထုတ်လုပ်မှုရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးကို အိန္ဒိယမှာ ထုတ်လုပ်    ပြည်တွင်းအခြေအနေပြီးတော့ ပြည်ပမတ်ပဲထုတ်လုပ်မှုကို လေ့လာကြည့်ပါမယ်။ တစ်ကမ္ဘာလုံးမှာ မတ်ပဲ ထုတ်လုပ်မှုတန်ချိန် ၈ ဒသမ ၅ သန်းဝန်းကျင်ရှိပြီး အဓိကမတ်ပဲစိုက်ပျိုးထုတ် လုပ်တဲ့ နိုင်ငံများကတော့ အိန္ဒိယ၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ဘဲဖြစ်ပါတယ်။ အဲဒီထဲမှာ အိန္ဒိယ  မတ်ပဲထုတ်လုပ်မှုက ကမ္ဘာ့စုစုပေါင်းထုတ်လုပ်မှုရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးရှိပြီး အဲဒီနောက်မှာ မြန်မာ နိုင်ငံက ဒုတိယအများဆုံး ဖြစ်ပြီး ထိုင်းနိုင်ငံကတော့ တတိယအများဆုံးထုတ်လုပ်ပါတယ်။ မတ်ပဲ အဓိကစားသုံးတင်သွင်းတဲ့ နိုင်ငံ တွေကတော့ အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်နဲ့ ဂျပန်တို့ဖြစ်ပါတယ်။တစ်နှစ် အိန္ဒိယမတ်ပဲတန်ချိန် ၁ ဒသမ ၄ သန်းကျော် ထုတ်လုပ်    မတ်ပဲအများဆုံးစိုက်ပျိုးထွက်ရှိသလို အများဆုံးစားသုံးတင်သွင်းတဲ့ အိန္ဒိယနဲ့ မတ်ပဲထုတ် လုပ်မှုကို လေ့လာကြည့်မယ်ဆိုရင် မတ်ပဲထုတ်လုပ်မှုက အိန္ဒိယပဲစုစုပေါင်းထုတ်လုပ်မှုရဲ့ ၁၀ ရာခိုင်နှုန်းခန့် ရှိပါတယ်။ မတ်ပဲ စိုက်ပျိုးမှုက ဟက်တာ ၃ ဒသမ ၂၄ သန်းခန့်ရှိပြီး အထွက်နှုန်း အနေနဲ့ တစ်ဟက်တာ ကို ပျမ်းမျှ ၄၆၉ ကီလို (တစ်ဧကကို   ၁၉၀  ကီလို)နှုန်းခန့် ထွက်ရှိပါတယ်။ ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း မတ်ပဲထွက်ရှိမှုတန်ချိန် ၁ ဒသမ ၈၂ သန်းရှိတဲ့အနက် မိုးရာသီမတ်ပဲက တန်ချိန် ၁ ဒသမ ၄ သန်းနဲ့ တစ်နှစ်လုံးထုတ်လုပ်မှုရဲ့ ၇၈ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး ဆောင်းရာသီမတ်ပဲက တန်ချိန် သုည ဒသမ ၄၂ သန်းခန့်ထုတ်လုပ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက်အတွင်း အိန္ဒိယရဲ့ မတ်ပဲပျမ်းမျှ ထုတ်လုပ်မှုမှာ တန်ချိန် ၁ ဒသမ ၄ သန်းဝန်းကျင်သာ ရှိခဲ့ပါတယ်။ အဓိကစိုက်ပျိုးတဲ့ပြည်နယ်တွေမှာ တစ်ဧက ကီလို ၃၀၀ ကျော်ထွက်ရှိ    အိန္ဒိယနိုင်ငံမှာ မတ်ပဲအဓိကထုတ်လုပ်တဲ့ ပြည်နယ်များမှာ အင်ဒရာပရာဒေ့ရှ်၊ မဟာရပ်ရှ တရာ၊ မဒ္ဒရာပရာဒေ့ရ်ှ၊ တမီးလ်နာဒူးနဲ့ ဥတ္တရာပရာဒေ့ရှ်တို့ဖြစ်ပြီး  အထွက်နှုန်းအများဆုံးအနေနဲ့ ဘီဟာမှာ တစ်ဟက်တာ ၈၀၀ ကီလိုနှုန်း(တစ်ဧက ၃၂၄ ကီလို) အတ္တရာဟန်းမှာ တစ်ဟက်တာ ၇၈၆ ကီလို(တဧက ၃၁၈ ကီလို) တစ်ဟက်တာ ၇၁၄ ကီလို(တစ်ဧက ၂၈၉ ကီလို) နှုန်းထွက် ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာလို တစ်ဧက အထွက်တင်းနဲ့ တွက်မယ်ဆိုရင် မတ်ပဲ တစ်တင်းကို၂၀ ပိဿာတစ်နည်း အားဖြင့် ၃၂ ဒသမ ၆၅ ကီလို ရှိလို့ အိန္ဒိယရဲ့ မတ်ပဲအထွက်နှုန်း ကလည်း အများဆုံး တစ်ဧက ကို ၁၀ တင်းခန့် ထွက်ရှိတာ တွေ့ရပါတယ်။၂၀၁၁-၂၀၁၂ မှာ မတ်ပဲ အထွက်ပိုတယ်လို့ ခန့်မှန်း    မတ်ပဲအဓိက ကုန်သွယ်မှုပြုတဲ့ ဈေးကွက်တွေကတော့ မွန်ဘိုင်း၊ ဂျယ်ဂွန်၊ ဒေလီ၊ ဂူတာ၊ ချန်နိုင်း၊ အာကိုလာ၊ ဂူဘာကာနဲ့ လတ္တာတို့ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ အများဆုံးစားသုံးတာဖြစ်လို့ ၂၀၀၉-၂၀၁၀ မှာ မတ်ပဲတန်ချိန် သုည ဒသမ ၇၅ သန်းခန့်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယက မတ်ပဲ တင်သွင်းမှုဟာ မြန်မာနိုင်ငံက ၈၅ ရာခိုင်နှုန်းနီးပါးတိုက်ရိုက်တင်သွင်းတာဖြစ်ပြီး ကျန်တဲ့ပမာဏကို စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့က တင်သွင်းတာဖြစ်ပါတယ်။၂၀၁၁-၂၀၁၂ အတွင်း ပဲမျိုးစုံ ထွက်ရှိမှုကို ဖေဖော် ဝါရီလ ၁၅ ရက်ကဒုတိယအကြိမ်ခန့်မှန်းရာမှာတန်ချိန် ၁၇ ဒသမ ၂၈သန်း ရှိမယ်လို့ဆိုပါတယ်။ ဒီပမာ ဏ ဟာ ၂၀၁၀-၂၀၁၁ မှာစံချိန်တင်ခဲ့တဲ့ တန်ချိန် ၁၈ ဒသမ ၀၉ သန်းထက် လျော့ကျပေမဲ့ ပုံမှန်နှစ်တွေ မှာထွက်ရှိတဲ့ တန်ချိန် ၁၇ သန်းရဲ့ အထက်မှာတော့ ရှိနေဆဲ ဖြစ်ပါတယ်။ ပဲတစ်မျိုးချင်းထွက်ရှိမှုပမာဏ ကိုခန့်မှန်းရာမှာတော့ ပဲစင်းငုံက တန်ချိန် ၂ ဒသမ ၇၂ သန်းနဲ့ အစောပိုင်းခန့်မှန်းပမာဏထက် လျော့ ကျပေမဲ့ မတ်ပဲကတန်ချိန် ၁ ဒသမ ၇၃ သန်း၊ ပဲတီစိမ်းက တန်ချိန် ၁ ဒသမ ၇၂ သန်းအထိရှိမယ်လို့ ပိုမိုခန့်မှန်းထားပါတယ်။ ဒီလိုအခြေအနေတွေအရ အိန္ဒိယမှာ ဒီနှစ်မတ်ပဲနဲ့ ပဲတီစိမ်းက မျှော်မှန်းထားတဲ့ ပမာဏထက်ပိုထွက်လို့ လက်ကျန်တော်တော်လေးရှိနေသေးတဲ့သဘော တွေ့ရပါတယ်။ လက်ရှိဈေးကွက်ပေါက်ဈေးများ အိန္ဒိယအစိုးရဲ့ အနိ့မ်ဆုံး ထောက်ပံ့ဈေးအောက် ရောက်နေ     နောက်ပြီး ၂၀၁၁-၂၀၁၂ ရာသီစိုက်၊ ၂၀၁၂-၂၀၁၃ ဈေးကွက်ရာသီထွက်မယ့်  ပျမ်းမျှအရည် အသွေးအသင့်အတင့်ကောင်းမွန်တဲ့  FAQ မတ်ပဲအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း (MSP)ကို ယခင် နှစ်က တစ်တန် ရူပီး ၂၉၀၀၀ (ကန်ဒေါ်လာ ၅၉၂) ရှိရာမှ ရူပီး ၃၃၀၀၀ (ကန်ဒေါ်လာ ၆၇၃) ကို ၁၃ ဒသမ ၇၉ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်မယ်လို့ အိန္ဒိယအစိုးရက ဖေဖော်ဝါရီလ ၁၇ ရက်မှာ ကြေညာ ခဲ့ပါတယ်။ ယခုရက်ပိုင်း မွန်ဘိုင်းဈေးကွက်မှာမြန်မာမတ်ပဲကတစ်တန် ရူပီး ၃၁၀၀၀(ကန်ဒေါ်လာ ၆၃၅) ရှိပြီးဒေလီမှာ အိန္ဒိယပြည်တွင်းထွက် ဒေစီမတ်ပဲက အရည်အသွေးပေါ်လိုက်ပြီး တစ်တန် ရူပီး ၂၅၅၀၀-၂၈၅၀၀ (ကန်ဒေါ်လာ ၅၂၂-၅၈၃) ကြားရှိနေပါတယ်။ လက်ရှိ ပြည်တွင်းမတ်ပဲပေါက်ဈေးက ယခင်နှစ် အစိုးရဝယ်ယူတဲ့ အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းအောက်မှာရှိနေတာ သတိထားမိပါတယ်။ ဒါကြောင့် လာ မယ့်ဈေးကွက်ရာသီမှာရော မတ်ပဲဈေးကွက်ပေါက်ဈေးက အနိမ့်ဆုံး ထောက်ပံ့ဈေးအောက်မှာ ရှိနေမ လား၊ အထက်ကို ရောက်နေမလားဆိုတာကိုလည်း စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ စားသုံးသူနိုင်ငံက ဝယ်ယူမှုလျော့ကျအောင်နဲ့ အချိုဆုံး ဈေးနဲ့ ဝယ်ယူနိုင်ဖို့ ပြင်ဆင်    မြန်မာနိုင်ငံရဲ့ အဓိကဖောက်သည်  အိန္ဒိယမှာ အဓိကစားသုံးတဲ့ ပဲအမျိုးအစားတွေ ပြည်တွင်း စားသုံးမှု ဖူလုံစေအောင်၊ စားသုံးသူတွေ ဝယ်ယူစားသုံးနိုင်တဲ့ဈေးဖြစ်အောင်နဲ့ ထုတ်လုပ်တဲ့ တောင်သူ တွေ အကျိုးအမြတ်ထိုက်သင့်တဲ့ဈေး ရရှိအောင်ဆိုပြီး မဟာဗျူဟာ နည်းဗျူဟာ တွေကို နှစ်စဉ်နှစ်တိုင်း ဆိုသလိုတိုးတက်လုပ်ဆောင်နေတာ တွေ့ရပါတယ်။ တစ်ဖက်က စားသုံးသူနိုင်ငံအနေနဲ့ကတော့ အတတ် နိုင်ဆုံး တင်သွင်းမှု လျှော့ချရအောင်နဲ့ တင်သွင်းရင်လည်း ဈေးအသက်သာဆုံးနဲ့ရအောင် ဆောင်ရွက်မှာ ပဲ ဖြစ်ပါတယ်။ရောင်းသူနိုင်ငံအနေနဲ့ ဈေးကွက်မပျက်ရေးနဲ့ ထိုက်သင့်တဲ့ဈေးရရှိဖို့ ဗျူဟာများ ပြင်ဆင်သင့်     အဲဒီတော့ တင်ပို့နေတဲ့ မြန်မာနိုင်ငံဘက်ကရော  ကိုယ့်ထုတ်ကုန်တွေ ထိုက်သင့်ဈေးရအောင်၊ ဈေးကွက်လျော့မသွားရအောင်အပြင် အခြားဈေးကွက်တွေ တိုးလာအောင်အတွက် လုပ်သင့်တာတွေ လုပ်ရမှာဖြစ်ပါတယ်။ အဓိကကတော့ မိမိတို့ကုန်ပစ္စည်းကို မလိုချင်တာမျိုးမဖြစ်ရအောင် ထိန်းသိမ်းရမှာက အရည်အသွေးပဲ ဖြစ်ပါတယ်။ နောက်ပြီး ထွက်ရှိမှုများချိန် ဈေးကျပြီး ထွက်ရှိမှု ကျချိန်မှာ ဈေးမတန်တဆ တက်တာမျိုး။ အဲဒီလို ဈေးအတက်အကျ မငြိမ်တာမျိုးတွေမဖြစ်ရအောင် ဝယ်လိုအားနဲ့ ထုတ်လုပ်မှုကို ချိန်ဆပြီး ထုတ်လုပ်ဖို့လဲလိုမှာဖြစ်ပါတယ်။နောက်ပြီး ကုန်သည်တွေဈေးကွက်ကို ယုံကြည်မှုရှိရေး ငွေကြေး လည်ပတ်မှုမှန်ကန်ရေး  လိုအပ်တာများ ဖြည့်ဆည်းရမှာဖြစ်သလို တစ်ဖက်မှာလည်း စည်းမျဉ်းများနဲ့ တည့်မှတ်ပေးရမှာပဲ မဟုတ်ပါလား။ အချုပ်ဆိုရရင်တော့ ရောင်းသူနိုင်ငံဘက်က ချမှတ် အကောင် အထည်ဖော်သင့်တဲ့ နည်းဗျူဟာများ၊ မဟာဗျူဟာများကိုလည်း စဉ်းစားဆောင်ရွက်ဖို့  လိုနေပြီဖြစ်ပါ ကြောင်း။