ပါကစ္စတန်နိုင်ငံ ကရာချိ လက်လီလက်ကားဈေးကွက်များမှာ လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ပဲမျိုးစုံဈေးနှုန်း ဆက်တိုက် မြင့်တက်နေတာကြောင့် စားသုံးသူများအတွက် ဈေးနှုန်းဖိစီးမှုဖြစ်ပေါ်နေပါတယ်။ ပါကစ္စတန်ငွေကြေး တန်ဖိုး ဆက်လက် ကျဆင်းခြင်းကြောင့် တင်သွင်းပဲဈေးက မြင့်တက်လာခဲ့ပါတယ်။ Jodia ဈေးမှာ တင်သွင်းပဲတွေရဲ့ ဈေးနှုန်းဟာ လွန်ခဲ့တဲ့ သီတင်းပတ်များအတွင်း အမြင့်ဆုံးရောက်ရှိလို့ သာမာန်ဝယ်ယူစားသုံးသူတွေရဲ့ ဝယ်ယူနိုင်စွမ်းကို ကျော်လွန်နေပြီလို့ သိရပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း ပဲဈေးသိသိသာသာကျဆင်းခဲ့စဉ်က စားသုံးသူတွေက လက်လီနဲ့ လက်ကား ဈေးကွက်တွေမှာ အမြောက်အမြား ဝယ်ယူခဲ့ကြပါတယ်။ ဒါပေမဲ့ ပြည်တွင်းအထွက်နည်းခြင်းနဲ့ လွန်ခဲ့တဲ့ ၁၅ ရက်အတွင်း အဓိကပဲ တွေရဲ့ နိုင်ငံတကာဈေးမြင့်တက်နေတဲ့အတွက် လက်လီ၊ လက်ကားဈေးကွက်တွေမှာ ဝယ်လိုအားသိသိသာသာ ကျဆင်း ခဲ့ပါတယ်။ပြည်တွင်းထွက်ရှိတဲ့ပဲတီစိမ်းခွဲခြမ်းလက်ကားဈေးက တစ်ကီလိုရူပီး ၁၀(ကန်ဒေါ်လာ သုညဒသမ ၁၁ ) တက်ပြီး၊ ရူပီး ၁၃၀ (ကန်ဒေါ်လာ ၁ ဒသမ ၄၃) ဖြစ်လာခဲ့ပါတယ်။ ပဲတီစိမ်း လက်လီဈေးဟာ အစောပိုင်းက တစ်ကီလိုကို ရူပီး ၁၂၀-၁၂၅ (ကန်ဒေါ်လာ ၁ ဒသမ ၃၂- ၁ ဒသမ ၃၈) ရှိခဲ့ရာမှ ယခုအခါ ရူပီး ၁၃၅-၁၄၀ (ကန်ဒေါ်လာ ၁ ဒသမ ၄၉-၁ ဒသမ ၅၄ ) ကို မြင့်တက်ခဲ့ပါတယ်။ ကုလားပဲ လက်ကားဈေးမှာလည်း အရင်က တစ်ကီလိုရူပီး ၈၄ (ကန်ဒေါ်လာ သုည ဒသမ ၉၂ ) ရှိရာမှ ယခုအခါ ရူပီး ၉၀ (ကန်ဒေါ်လာ သုည ဒသမ ၉၉ ) ဖြစ်ခဲ့ပါတယ်။ လက်လီဈေးနှုန်းမှာလည်း ရူပီး ၉၀-၉၄ (ကန်ဒေါ်လာ သုည ဒသမ ၉၉- ၁ ဒသမ ၀၃ )ရှိရာမှရူပီး ၁၀၀-၁၀၅(ကန်ဒေါ်လာ ၁ ဒသမ ၁- ၁ ဒသမ ၁၅) ဖြစ်လာပါတယ်။ အလားတူ မတ်ပဲ လက်ကားဈေးမှာလည်း ရူပီး ၆၅ (ကန်ဒေါ်လာ သုည ဒသမ ၇၁) ရှိရာမှ ရူပီး ၇၅ (ကန်ဒေါ်လာ သုည ဒသမ ၈၃) ကို မြင့်တက်ခဲ့ပါတယ်။ ပဲနီလေးနဲ့ပဲဝါလေးခွဲခြမ်းဈေးမှာယခင်ကရူပီး ၅၅ နဲ့၆၅ (ကန်ဒေါ်လာ သုည ဒသမ ၆၁- သုည ဒသမ ၇၁) ရှိရာမှ ယခုအခါ ရူပီး ၆၅ နဲ့ ၇၅ (ကန်ဒေါ်လာ သုည ဒသမ ၇၁- သုည ဒသမ ၈၃ ) ရှိခဲ့ပါတယ်။ ယခုလို ဈေးမြင့် တက်နေ ခြင်းက ဝယ်ယူနိုင်မှုကိုကျဆင်းစေတဲ့အတွက် လက်လီလက်ကားရောင်းချသူများရဲ့ တင်သွင်းပဲဝယ်လိုအားကလည်း ၁၅-၂၀ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ယခုလိုဈေးနှုန်းမြင့်တက်ရခြင်းဟာ ပြည်တွင်းငွေကြေးတန်ဖိုးကျဆင်းခြင်းကြောင့်လို့ ကရာချိလက်လီလက်ကား ရောင်းချသူများအသင်းဥက္ကဌ Anees Majeed မှ ပြောကြားပါတယ်။ ပဲအဓိကစိုက်ပျိုးတဲ့ ပန်ဂျပ်နဲ့ဆင်းပြည်နယ်မှာ ဆောင်းတာရှည်ခဲ့တာကြောင့် ပဲထွက်ရှိမှုနှုန်းဟာလည်း ကျဆင်း တယ်လို့ဆိုပါတယ်။ ယခင်နှစ်နဲ့ယှဉ်ရင် နှစ်စဉ်ထုတ်လုပ်မှုက ၅၀ ရာခိုင်နှုန်းခန့်ကို လျော့ကျခဲ့တယ်လို့ ဆိုပါတယ်။ယမင်းရွှေစင်၊Source: Business mirror.com
Background