Main menu

Background

ခရီးသည်

Tue, 08/31/2010 - 05:30 -- Anonymous (not verified)

   အိမ်အပြောင်းအရွှေ့ လုပ်ပြီးတဲ့နောက် နေ့တိုင်းအသွား နာရီဝက်၊ အပြန်နာရီဝက်လောက် ဘတ်စ်ကားစီးဖြစ်နေတော့ လူတွေ အကြောင်း၊ ခရီးသည်တွေအကြောင်း၊ ခရီးတွေအကြောင်း ပိုစဉ်းစားဖြစ်၊ ရေးဖြစ်နေတော့တာပါပဲ။  ဒီကနေ့ပဲ ဘတ်စ်ကားပေါ်က ယာဉ်မောင်းရဲ့ဘေးမှာ ယာဉ်မောင်းဝတ်စုံနဲ့ထိုင်နေတဲ့ လူတစ်ယောက်က စီးကရက်သောက်ပြီး လိုက်လာတာ၊ အသည်းယားလိုက်တာ၊ စိတ်ကျေနပ်အောင် ဓာတ်ပုံရိုက်ယူထားလိုက်ပါတယ်။ သူ့ရဲ့ထမင်းအိုးကို မခွဲချင်တာနဲ့ ယာဉ်အမှတ်တွေ၊ လူနာမည်တွေမှတ်မထားလိုက်ပါဘူး။ ဟိုနေ့ကအပြန်မှာတော့ ရှေ့နားကခုံတွေမှာ ဆရာတော်နှစ်ပါး ပါလာ တယ်။ ထုံးစံအတိုင်း ကားအချင်းချင်းအပြိုင်အဆိုင်မောင်းပြတော့ ယာဉ်မောင်းရဲ့နှုတ်ကဆဲလိုက်ဆိုလိုက်နဲ့။ ဆရာတော်တွေ ကတော့ တရားပြည့်နေသူတွေဆိုတော့ ဘာမျှမဖြစ်သလိုပဲ။ ကိုယ်ကသာ ကြားထဲကမျက်နှာပူလိုက်တာ။ လက်မှတ်ရောင်း တစ်ယောက်ခမျာ၊ တောက်လျှောက် မတ်တတ်ရပ်ရတာ ညောင်းရှာတယ်ထင်ပါရဲ့၊ ခရီးသည်ထိုင်တဲ့ ခုံလက်တန်းပေါ် လာထိုင်ရှာ တယ်။ ဘဝခရီးမဆိုနဲ့ဦး၊ ခေါက်တုံ့ခေါက်ပြန် ရန်ကုန်မှာပတ်နေတဲ့ ဘတ်စ်ကားခရီးမှာတောင်မှ နားချင်စရာရှားတယ်ထင်ပါရဲ့။ ကားစပယ်ရာ အချင်းချင်း၊ ယာဉ်မောင်းနဲ့စပယ်ရာ အပြန်အလှန်ပြောကြတာတွေကလဲ ဘေးလူမရှိဘူးသဘောထားပြီး ပွင့်ပွင့် လင်းလင်းကြီး ပြောကြရှာတယ်။ ဒီလိုပြောလိုက်မှလဲ သူတို့ရဲ့ဘဝအမောတွေပြေရှာတယ်ထင်ပါရဲ့။    ဒါမှမဟုတ် ဘေးဘီကိုဂရုမစိုက်၊ ဘဝခရီးတော့ မမောတန်ဘူးလို့တွက်နေကြတဲ့ ငယ်ရွယ်သူတွေရဲ့ ချစ်ကြည်နူးသံတွေ၊ ကားပေါ်မှ အားပါးတရ အော်ပြောနေတဲ့ တယ်လီဖုန်းစကားပြောသံတွေကိုလွှမ်းမိုးအောင်ကြိုးစားနေတာများလား။အိမ်ရှေ့အထွက် လိုင်းကားကိုပြေးအတက် ယာဉ်နောက်လိုက်နှယ် မဖော်ရွေတာ၊ လက်မှတ်ခလဲ လာမတောင်းဘဲနေတာ၊ ဘယ်လိုပါလိမ့်လို့ထင်၊ ထိုင်ခုံလေးတစ်နေရာရတာနဲ့ ဝင်ထိုင်လိုက်မှ ခရီးဆုံးထိမသွား၊ ဟံသာဝတီအထိပဲဆိုတာနဲ့ ဆင်းပြေးခဲ့ရပါေ ရာလား။ ဘဝခရီးကိုလဲ အဆုံးအထိရောက်မယ်မှန်းပြီး တက်လိုက်ပေမယ့် လမ်းခုလတ်က ဆင်းလိုက်ရတာတွေ ဘယ်နှစ်ခု တောင် ရှိပါလိမ့်။   အဖေတူထင်ရတဲ့ သမီးကလဲ ခရီးတိုလေးတစ်ခုသွားတာ ဘတ်စ်ကား သုံးစီးပြောင်းစီးရသတဲ့။ နောက်ဆုံးမှာလိုချင်တဲ့ခရီးကို ရောက်လို့တော်သေးတာပေါ့ သမီးရယ်။ အမေရိကန်ကလာတဲ့ သမီးတစ်ယောက်ကတော့ လေယာဉ်လွတ်သွားပေမယ့် ရောက်အောင်လာသွားသေးတယ်။ ပြန်ခါနီး နှုတ်ဆက်ဖို့ ဖုန်းလှမ်းဆက်တော့ မုန့်ဟင်းခါးသွားစားနေသတဲ့။ မြန်မာပြည်ကနေ ဘာတွေဝယ်သွားတယ်မသိ။ သူများနိုင်ငံအလည် တစ်ခေါက်ရောက်တုန်းကတော့ တစ်ယောက်ထဲမောင်းလာတဲ့ ကိုယ်ပိုင်ကားက အမြန်လမ်းက မသွားရဘူးတဲ့။ သွားချင်ရင် သုံးယောက်ပါမှတဲ့။ အဲသလို အမြန် လမ်းကသွားချင်လို့ လူကြုံတင်တာတွေလဲရှိသလို လူကြုံစောင့်စီးတာလည်း ရှိသတဲ့။ ကိုယ်ပိုင်ကားနဲ့ ဘတ်စ်ကားတွေ့ရင် ဘတ်စ်ကားကြီးတွေဟာ အများပြည်သူသုံးယာဉ်ဖြစ်လို့ ဦးစားပေးရသတဲ့။ ဒီမှာလို လက်ညှိုးတစ်ချောင်းထောင်စရာမလိုဘူးပေါ့။ အငှားယာဉ်ကျတော့လဲ အများပြည်သူသုံးယာဉ်မို့ ဦးစား ပေးရပြန်သတဲ့။ အဲဒါကြောင့် ''တော်ပြီကွာ တတ်နိုင်လို့များ မင်းတို့ဆီလာရင် ကိုယ်ပိုင်ကားဝယ်မစီးတော့ဘူး။ အများပြည်သူသုံး ယာဉ်ပဲ စီးတော့မယ်။ အများပြည်သူကတယ်ပြီးမျက်နှာကြီးသကိုး''လို့ ပြောလိုက်တယ်။    တစ်ခါတလေတော့ ခရီးသွားရာမှာပါရမယ့်ပစ္စည်းကမပါ၊ မပါဘဲချန်ခဲ့ရမယ့်ပစ္စည်းကပါလာတတ်တယ်။ တစ်ခါကတော့ မုတ်ဆိတ်ရိတ်ဓား အမှတ်မထင်ပါလာတာ ဂျပန်လေဆိပ်မှာ ပိုက်စိတ်တိုက်ကိုရှာယူကြတယ်။ ဟိုနေ့က တယ်လီဖုန်းကို အိမ်မှာ ချန်ခဲ့မိတာ အိမ်အပြန်ကျမှ ခေါ်ထားတာ တွေ တစ်ဒါဇင်ကျော်ကို တွေ့မိတယ်။ သမီးငယ်လေး(နွေးနွေး)မွေးနေ့မှာ ရိုက်ဖို့ချန်ခဲ့ ရမယ့် ကင်မရာကို မထားခဲ့မိတော့ သမီးတို့ မျောက်ရှုံးအောင် ဆော့တာတွေမှတ်တမ်းမတင်လိုက်ရဘဲဖြစ်သွားတယ်။    ဘဝခရီးမှာရော ယူစရာမယူမိ၊ မယူရမှာတွေ ဝန်အလေးခံ၊ ဒုက္ခခံပြီး ယူသွားမိလေရော့ သလား၊ ရေဘူးနဲ့ ဖိနပ်လို သဘောထား ရမယ့် ဒါန၊ သီလတွေပါအောင် ယူမိရဲ့လား။ ဒေါသတွေ၊ မောဟတွေ၊ မာနတွေကိုပဲ ခုရှုပ်နောင်လေး ရတက်မအေးရအောင် သယ်သွားမိနေလေရော့သလား။   တစ်ခါက ကျောက်ဆည်ရေကြီးနေစဉ် ဒုက္ခသည်တွေရဲ့ စခန်းလေးတွေကို ဖြတ်သွားတော့ ဓာတ်ပုံရိုက်မလို့ ကင်မရာကို အဆင်သင့်ပြင်ထားတယ်။ တကယ်တွေ့တဲ့အခါကျ သူတို့ ဒုက္ခ ရောက်နေတာကို ဓာတ်ပုံမရိုက်ချင်ဘဲ ကရုဏာစိတ်ပဲဖြစ် တော့တယ်။ ခရီးတိုဖြစ်ဖြစ်၊ ခရီးရှည်ဖြစ်ဖြစ် မေတ္တာတွေ၊ ကရုဏာတွေ၊ မုဒိတာတွေနဲ့ ဖြတ်သန်းနိုင်ဖို့ ကြိုးစားရပါဦးမယ်။ခင်မောင်ညို (ဘောဂဗေဒ)