လယ်ယာကဏ္ဍသည် မြန်မာနိုင်ငံ၏ အခြေခံ စီးပွားရေးကဏ္ဍဖြစ်သည်။ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် နိုင်ငံ၏ ပြည်ပပို့ကုန်တန်ဖိုး စုစုပေါင်း ပမာဏမှာ ၃၅၂၉၇ ကျပ်သန်းပေါင်းရှိသည်။ စိုက်ပျိုးရေး ပြည်ပ ပို့ကုန်များသည် ယင်းစုစုပေါင်း ပမာဏ၏ ၁၃ ရာခိုင်နှုန်းပါဝင်ပြီး ရေထွက်ပစ္စည်းများမှ ၅ ရာခိုင်နှုန်း၊ သစ်တောထွက် ပစ္စည်းများမှ ၈ ရာခိုင်နှုန်းနှင့် ဓာတ်ငွေ့ပို့ကုန်မှ ၃၉ ရာခိုင်နှုန်းပါဝင်ကြောင်း သိရှိရသည်။ ၂၀၀၇ ခုနှစ်တွင် နိုင်ငံ၏ လူဦးရေကို ၅၇.၅၀၄ သန်းရှိမည်ဟု ခန့်မှန်း ထားပြီး ယင်းစုစုပေါင်းလူဦးရေ၏ ၆၉ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များကို လုပ်ကိုင်ကြသည်ဟု သိရသည်။ဗဟိုစီးပွားရေးစနစ် (Centrally planned economic system) ကို ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ လက်ခံကျင့်သုံးခဲ့ပြီး နိုင်ငံ၏ ပြည်ပပို့ကုန်၊ ပြည်ပမှတင်သွင်းမှုများကို နိုင်ငံတော်ပိုင်း မှသာ ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ပုဂ္ဂလိကပိုင်းအနေဖြင့် ပြည်ပကုန်သွယ်မှုကို လုပ်ဆောင်ခွင့် မရှိခဲ့ပေ။ထို့နောက် ဈေးကွက်စီးပွားရေးစနစ်ကို ၁၉၈၈ ခုနှစ်တွင် စတင်လက်ခံ ကျင့်သုံးခဲ့သည်။ ဤသို့ ပြောင်းလဲဆောင်ရွက်မှုကြောင့် ပဲမျိုးစုံတင်ပို့ရောင်းချမှုကို ပုဂ္ဂလိကပိုင်းမှ လွတ်လပ်စွာ ပါဝင်ဆောင်ရွက် ခွင့်ပြုခဲ့သည်။ သို့သော် အခြေခံအစားအစာ (Basic Staple Food) ဖြစ်သော ဆန်စပါးကို ပြည်ပ တင်ပို့ရောင်းချမှုနှင့်ပတ်သက်၍ နိုင်ငံတော်ပိုင်းမှ ဆက်လက်ဆောင်ရွက်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ပုဂ္ဂလိက ကဏ္ဍမှ လွတ်လပ်စွာဆောင်ရွက်ရန် စတင်ခွင့်ပြုခဲ့သည်။ထို့ကြောင့် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှု (Pulses supply chain) တွင် ပါဝင်သူများ သည် ၁၉၈၈ ခုနှစ်မှ ၂၀၁၀ခုနှစ်ထိ လွတ်လပ်စွာ ဆောင်ရွက်ခွင်ဲ့ရရှိခဲ့ပြီးနှစ်ပေါင်းအားဖြင့် ၂၃ နှစ်တာ ကာလ ရှိလာပြီဖြစ်ပါသည်။ ယင်း ၂၃ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှုမှာ အောက်ပါအတိုင်း ပြောင်းလဲတိုးတက်လာခဲ့သည်။- နိုင်ငံ၏ ပဲမျိုးစုံ စိုက်ဧရိယာမှာ ၁၉၈၈-၁၉၈၉ ခုနှစ်တွင် ဧက ၁.၈ သန်းရှိခဲ့ရာမှ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် ဧက ၁၀.၆ သန်းထိ တိုးတက်စိုက်ပျိုးလာကြသည်။- ပဲမျိုးစုံ စုစုပေါင်းအထွက်မှာ ၁၉၈၈-၁၉၈၉ ခုနှစ်တွင် တန်ချိန် ဝ.၄ သန်းမှ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် တန်ချိန် ၅.၂ သန်းထိ ထွက်ရှိလာကြောင်း သိရသည်။- ပဲမျိုးစုံ ပြည်ပသို့ တင်ပို့ရောင်းချမှုမှာ ၁၉၈၈-၁၉၈၉ ခုနှစ်တွင် တန်ချိန် ဝ.၀၁၇ သန်း ရှိခဲ့ရာမှ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် ၁.၄၅၀ သန်းထိ တင်ပို့ရောင်းချခဲ့သည်။- ပဲမျိုးစုံ စားသုံးသောနိုင်ငံ၏ လူဦးရေမှာ ၁၉၈၈-၈၉ ခုနှစ်တွင် ၃၉.၂၉ သန်းရှိမည်ဟု ခန့်မှန်းခဲ့ သည်။ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် လူဦးရေ သန်းပေါင်း ၅၈.၃၈ သန်းရှိမည်ဟု ခန့်မှန်းကြ သည်။ နိုင်ငံ၏ လူဦးရေမှာ တိုးတက်လာသော်လည်း ပြည်ပတင်ပို့ရောင်းချမှု ပမာဏမှာ တိုးမြှင့် လာသဖြင့် နိုင်ငံ၏ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှုမှာလည်း တိုးမြှင့်လာခဲ့သည်။- ထို့ကြောင့် မြန်မာနိုင်ငံ၏ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှုမှာ သိသာစွာ တိုးမြှင့် လာသဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် မြန်မာနိုင်ငံ၏ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်း ချမှုနှင့်ပတ်သက်၍ ဦးဆောင်ဦးရွက် (Lead Country ) အဖြစ် ရပ်တည်လာခဲ့သည်။မြန်မာနိုင်ငံ၏ ပဲမျိုးစုံ စိုက်ပျိုးထွက်ရှိမှု ပြည်ပသို့ တင်ပို့ရောင်းချမှုနှင့် နိုင်ငံ၏လူဦးရေ(၁၉၈၈-၁၉၈၉ မှ ၂၀၀၈-၂၀၀၉ ခုနှစ်ထိ) မြန်မာနိုင်ငံ၏ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှု မည်သည့်အတွက်ကြောင့် သိသာစွာ ပြောင်းလဲတိုးတက်ရပါသနည်းဟု စိစစ်သုံးသပ်ချက်ကို အောက်တွင် ဖော်ပြထားပါသည်။- ပဲမျိုးစုံ စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချမှုကို ပုဂ္ဂလိကပိုင်းမှ လွတ်လပ်စွာ ပါဝင်ဆောင်ရွက်ခွင့် (Trade Liberalization) ပြုခြင်းသည် အဓိကကျသော (Main driven force) အချက်ဖြစ်ခြင်း၊- စိုက်ပျိုးသူ ရှုထောင့်မှကြည့်ရှုပါက ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုသည် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စရိတ်သက်သာပြီး ထိုက်သင့်သော အကျိုးအမြတ်ရရှိကြသဖြင့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု လုပ် ငန်းမှ စီးပွားရေးအရဆွဲဆောင်မှု ဖြစ်ပေါ်စေခြင်း၊- ပဲမျိုးစုံသည် ဆန်ကဲ့သို့ အစားအစာ (Basic Staple Food) မဟုတ်ခြင်း၊ ပဲမျိုးစုံ (vegetable protein) အဖြစ်သာ စားသုံးခြင်းကြောင့် ဆန်စပါးကဲ့သို့ ပြည်တွင်းဈေးကွက်တွင် ဈေးသိ သာစွာ မြင့်မားလာမှုမရှိစေရန် စားသုံးသူများအတွက် ကာကွယ်ပေးရန်(Consumer protection) မလိုအပ်ခြင်း၊- ၂၀၀၆ ခုနှစ်တွင် စစ်တမ်းများအရ လစဉ်အိမ်ထောင်စုများ၏ သုံးစွဲမှု (Monthly house hold expenditure)မှာ ၉၇၁၄၅.၆၇ ကျပ်ရှိပြီး အစားအစာ (food) အတွက် ၇၀.၆၃ ရာခိုင် နှုန်း၊ အစားအစာမဟုတ်သော ပစ္စည်း (Non-food) အတွက် ၂၉.၃၇ ရာခိုင်နှုန်း ပါဝင်ခြင်း၊ အစားအစာအတွက် သုံးစွဲမှုမှ ပဲမျိူးစုံအတွက်သုံးစွဲမှုမှာ ၁.၉၀ ရာခိုင်နှုန်း ပါဝင်ခြင်း၊- ပဲမျိုးစုံ ဖြစ်ပေါ်သော ဈေးသည် စိုက်ပျိုးထုတ်လုပ်မှု ရောင်းဝယ်သူများအတွက် စီးပွားရေး တွက်ချေကိုက်မှု ရှိ၊ မရှိဆိုသော အချက်ကိုသာ အလေးထားရခြင်း၊- မူဝါဒချမှတ်သူများအနေဖြင့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှု တိုးတက်ရေး အတွက် (public sector) နှင့် (private sector) ပူးပေါင်းဆောင်ရွက်ရေးကို အားပေးခဲ့ခြင်း များကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုမြန်မာနိုင်ငံအတွင်း ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်သော လေ့လာ ချက်ကို ဖော်ပြထားပါသည်။ မြန်မာနိုင်ငံကို မြန်မာနိုင်ငံ အောက်ပိုင်းနှင့် မြန်မာနိုင်ငံ အထက်ပိုင်းဟူ၍ ခွဲခြားနိုင်ပါသည်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွင် မြစ်ဝကျွန်း ပေါ်ဒေသ (Delta region) ပင်လယ်ကမ်းရိုးတန်းဒေသ (Coastal region) တို့ ပါဝင်ပြီး၊ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွင် အလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသ (Central dry zone region) နှင့် တောင်တန်းဒေသ (Hilly region) တို့ ပါဝင် ကြပါသည်။မြန်မာရေမြေသဘာဝ၏ ထူးခြားချက်မှာ သီးနှံတစ်မျိုးကို ရာသီကာလအမျိုး မျိုးတွင် စိုက်ပျိုးနိုင်ခြင်းပင် ဖြစ်ပါသည်။ ထင်ရှားသော ဥပမာအဖြစ် ပဲတီစိမ်းကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသတွင် မိုးရာသီကာလအတွင်း စိုက် ပျိုးကြပြီး မြန်မာနိုင်ငံအောက်ပိုင်းဒေသတွင် ဆောင်းရာသီ (cool season) ကာလ တွင် မိုးစပါးရိတ်သိမ်းအပြီး သီးထပ်အဖြစ် အများအပြား စိုက်ပျိုးကြသည်။- ကုလားပဲကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသတွင် ဆောင်း ရာသီ ကာလအတွင်းသာ အများအပြား စိုက်ပျိုးကြသည်။ တစ်နှစ် တစ်ကြိမ် သာ စိုက်ပျိုးထွက်ရှိသည်။- ပဲစင်းငုံကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသတွင် မိုးရာသီ ကာလတွင်သာ စိုက်ပျိုးသည်။ တစ်နှစ်တစ်ကြိမ်သာ စိုက်ပျိုးထွက်ရှိသည်။- မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း စသည့် သီးနှံများကို မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွင် ဆောင်းသီးနှံအဖြစ် အများအပြား စိုက်ပျိုးကြသည်။- မြစ်ဝကျွန်းပေါ်ဒေသတွင် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲလွမ်းဖြူကို မိုးစပါး ရိတ်သိမ်းပြီး သီးထပ်သီးနှံအဖြစ် စိုက်ပျိုးကြသည်။မြန်မာနိုင်ငံတွင် ပဲမျိုးစုံ စုစုပေါင်း စိုက်ဧက၏ ၃၅ ရာခိုင်နှုန်းကို မိုးရာသီတွင် စိုက်ပျိုးပြီး ၆၅ရာခိုင်နှုန်းကို ဆောင်းရာသီ (cool season or post monsoon) တွင် စိုက်ပျိုးကြသည်။ ဒေသအလိုက် ပဲမျိုးစုံစိုက်ပျိုးမှုကိုလေ့လာပါက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသည် တစ်နိုင်ငံလုံး ပဲမျိုးစုံစုစုပေါင်း စိုက်ဧရိယာ၏ ၅၄ ရာခိုင် နှုန်းကို စိုက်ပျိုးသည့် ဒေသဖြစ်ပြီး၊ တစ်နိုင်ငံလုံး ပဲမျိုးစုံစုစုပေါင်း စိုက်ဧရိယာ၏ ၃၉ ရာခိုင်နှုန်းကို မြစ်ဝကျွန်းပေါ်ဒေသတွင် စိုက်ပျိုးကြသည်။ ထို့ကြောင့် မြန်မာ နိုင်ငံ ပဲမျိုးစုံ စိုက်ပျိုးမှုကို လေ့လာပါက-- မိုးရာသီကာလ (Monsoon season) တွင် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသည် ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှုတွင် အရေးပါပြီး တောင်တန်းဒေသသည် လည်း မိုးရာသီတွင် ပဲမျိုးစုံစိုက်ပျိုးမှုနှင့် ပတ်သက်၍ အရေးပါသည်။- မြစ်ဝကျွန်းပေါ်ဒေသသည် ဆောင်းရာသီ (cool season or post monsoon)တွင် ပဲမျိုးစုံ စိုက်ပျိုးမှုနှင့်ပတ်သက်၍ အရေးပါသည်ကို တွေ့ရ သည်။မြန်မာနိုင်ငံတွင် ဒေသအလိုက် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု ဒေသ မိုးရာသီ ဆောင်း(မိုးနှောင်း)ရာသီ စုစုပေါင်း ----- ဧကထောင်ပေါင်း ------ ပင်လယ်ကမ်းရိုးတန်း ၄ ၁၈၆ ၁၉၀ တောင်တန်းဒေသ ၃၅၉ ၂၂၀ ၅၇၉ မြစ်ဝကျွန်းပေါ်ဒေသ ၇၃ ၄၀၆၂ ၄၁၃၅ အလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသ ၃၂၇၈ ၂၃၈၆ ၅၆၆၄ စုစုပေါင်း ၃၇၁၄ ၆၈၅၄ ၁၀၅၆၈ ရာခိုင်နှုန်း ၃၅ ၆၅ ၁၀၀ကျော်မြင့်
Background