Main menu

Background

သတင်းဇာတ်လမ်းနှင့် လူပို့(စ်)မော်ဒန်ဖြစ်လာ

Tue, 08/31/2010 - 06:06 -- Anonymous (not verified)

အိုင်ပေါ့နဲ့ ဆဲလ်ဖုန်း   ကြံကြံဖန်ဖန်ဖြစ်သော ကားတိုက်မှုတစ်ရပ် ကို ကြံကြံဖန်ဖန် အပြစ်ရှာလျှင် အကြောင်းအရာတစ်ရပ်ကို  ကြံကြံဖန်ဖန် သွားတွေ့ သည်။ ဤ အကြောင်းတရားမှာ  တက္ကနိုလိုဂျီတွေ အံ့မခန်းဖွံ့ဖြိုးတိုးတက်လာသည့်အတွက် လူတို့ရဲ့တစ်ချိန်တည်း တစ်ပြိုင်နက် တည်း အလုပ်နှစ်မျိုးထက်ပိုပြီး လုပ်နိုင်ရည်စွမ်းရှိလာခြင်းဖြစ်သည်။  တစ်ချိန် တည်း၊ တစ်ပြိုင်နက်တည်း နှစ်မျိုး၊ သုံးမျိုးခံစားလာ နိုင်သည်။   ထို့ကြောင့် ကားတိုက်မှုဖြစ်သည်။ ဤကားတိုက်မှုသည် သတင်းဖြစ်သည်။ ဤကားတိုက်မှုကို ကိုယ်တိုင်မြင်လိုက်ရသော ဂျာနယ်လစ်က သတင်း ဇာတ်လမ်းတစ်ပုဒ် ရေးလိုက်သည်။ ကြံကြံဖန်ဖန်ဖြစ်သော ကားတိုက်မှုဖြစ်၍ ဂျာနယ်လစ်က သူ၏ သတင်းဇာတ်လမ်းကို  မော်ဒန်လွန် (ပို့မော်ဒန်) ဇာတ်လမ်းလို့ ခေါင်းစီးတပ်လိုက်သည်။   သာမန်ရိုးရိုးသာဆိုလျှင်  လမ်းဖြတ်ကူးသူ တစ်ဦးက  အမျိုးသမီးတစ်ဦးမောင်းလာသော ကားကဝင်တိုက်မိခြင်းဖြစ်၍  ပို့စ် မော်ဒန်လို့ခေါ်စရာအကြောင်းမရှိ။ သို့သော် ယခုခေါ်ရပြီ။ လမ်းဖြတ်ကူးသူသည် မှန်မှန်နှင့် နှေးနှေးပြေး၍ ကာယ လေ့ကျင့်နေသူ ဖြစ်သည်။ ဂျော့ဂင်သက်သက်သာဆိုလျှင်ဘာမျှ ထူးဆန်းစရာမရှိ။  မော်ဒန်မလွန်ပေ။ သို့သော် ကားတိုက်ခံရသူက ဖြည်းဖြည်း ပြေးရင်း  အိုင်ပေါ့ကိုနားတပ်ပြီး သီချင်းနားထောင်သည်။ အိုင်ပေါ့သီချင်းနားထောင်ရင်း ဂျော့ဂင်လုပ်နေသူတစ်ဦးဖြစ်သည်။   လမ်းကူးရန်မီးပွိုင့်ရောက်သောအခါ သူက အိုင်ပေါ့နားထောင်လျက်နှင့် လမ်းကိုဂျော့ဂင်လုပ်ဖြတ်ကူးသည်။ သူက ပို့(စ်)မော်ဒန် ဖြစ်နေပြီး လမ်းလယ်အရောက်၌ ဆဲလ်ဖုန်းပြောရင်း ကားမောင်းလာသော အမျိုးသမီးတစ်ဦးက  အိုင်ပေါ့နားထောင်ရင်း ဂျော့ဂင် လုပ်လာသူကို အမှတ်မထင်တွေ့လိုက်၍ ဘရိတ်ကို တအားဆောင့်နင်းလိုက်သည်။ သို့သော် ကံမကောင်းတော့ အိုင်ပေါ့သမား ကို တိုက်မိသွားသည်။အာရုံတစ်စိတ်တစ်ပိုင်း   ဒီမြင်ကွင်းကို မြင်လိုက်သော ဂျာနယ်လစ် က သူ့လက်(ပ်)တော့ကိုထုတ်ပြီး ချက်ချင်းသတင်းရေးသည်။ သတင်းခေါင်းစဉ်ကို  ''အိုင်ပေါ့နား ထောင်ရင်း ဂျော့ဂင်လုပ်သူ ယောက်ျားတစ်ဦးကို ဆဲဖုန်းပြောရင်း ကားမောင်းလာသော အမျိုးသမီး တစ်ဦး၏ ကားက ဝင်တိုက်မိခြင်း'' ဟူ၍ တပ်လိုက်သည်။ ခေါင်းစဉ်ငယ်နှင့် ပို့စ်မော်ဒန် အခင်းဖြစ်ပွားမှုဟုရေးသည်။ ဂျော့ဂင်လုပ်သူ ကားတိုက် ခံရခြင်းဆိုသော ရိုးရိုးဖြစ်ရပ်တွင် အိုင်ပေါ့-ဆဲလ်ဖုန်း-လက်(ပ်)တော့တို့ ပါဝင်ကုန်၍အကုန်ရှုပ်ကုန်သည်။ ထို့ကြောင့်လည်း ပို့စ်မော်ဒန်သတင်းဇာတ်လမ်းဖြစ်သွားသည်။ ဇာတ်လမ်းလက္ခဏာပြောင်းသွားသည်။   ဒီအကြောင်းကို စာရေးသူကဖတ်ပြီး တစ်မျိုးဆင်ခြင်မိသည်။  ဂျော့ဂင်လုပ်သူကလည်း တစ်ချိန်တည်း အလုပ်တစ်ခုမလုပ်၊ နှစ်ခု လုပ်သည်။ ဖြည်းဖြည်းမှန်မှန် ပြေးသည်။ တစ်ချိန်တည်းမြူးဇစ်နားထောင်သည်။ ကားဒရိုင်ဘာအမျိုးသမီးကလည်း ကားမောင်းခြင်းအလုပ် တစ်ခု တည်း မလုပ်၊ ကားမောင်းသည်၊ ဆဲလ်ဖုန်းနှင့် စကားပြောသည်။ ဤသို့ တစ်ချိန်တည်း အလုပ် နှစ်မျိုးသုံးမျိုး  ပြိုင်တူလုပ်နိုင်သဖြင့်  အာရုံတွေ အကျဉ်းအကျပ် အလုပ်ရှုပ်ကုန်သည်ဟု စာရေးသူက တွေးမိသည်။   တစ်ပြိုင်နက်တည်း အလုပ် နှစ်မျိုးသုံးမျိုးလုပ်နိုင်သော တက္ကနိုလိုဂျီတို့ကို အပြစ်တင်ရမလား၊ သို့တည်းမဟုတ်  ဤတက္ကနိုလိုဂျီ တို့ကို အသုံးပြုသောလူတို့ကို အပြစ်တင်ရမလားဝေခွဲမရပေ။ တက္ကနိုလိုဂျီတို့ကိုတော့ အပြစ်မတင်ချင်ပေ။ တစ်ပြိုင်နက်တည်း အလုပ်နှစ်မျိုးသုံးမျိုး အသုံးပြုနိုင်သဖြင့်အာရုံကို တစ်ခုတည်း၌မတည်နိုင်။ နှစ်မျိုး၊ သုံးမျိုးဖြန့်သည်။ ထို့ကြောင့် အလုပ်တစ်ခု စီကရရှိသော အာရုံသည် တစ်ပိုင်းတစ်စိတ်သာဖြစ်တော့သည်။ အာရုံအပြည့်အ၀ မရနိုင်ပေ။ ဤ အချက်ကို တစ်ပိုင်းတစ်စိတ် အာရုံဟု ခေါ်သည်။   လူ့ဘဝတွင်  တစ်ချိန်တစ်ကာလ၌ အာရုံ တစ်ပါးတည်းကိုသာ စူးစိုက်ခြင်းကကောင်းသလား၊ သို့တည်းမဟုတ် မျှဝေခြင်းက ကောင်းသလားဆိုသော ပြဿနာသည် လူတစ်ဦးအလိုက် အကြိုက်ပြဿနာ ဖြစ်လိမ့်မည်ဟု ထင်သည်။စတိုရီနောက်မှနှင့် ဒက်ဒီကလပ်   အထက်တွင် ပို့စ်မော်ဒန် စတိုရီအကြောင်းကိုပြောပြခဲ့ပြီးဖြစ်သည်။ တရုတ်ပြည်မျိုးဆက်သစ်လူငယ်တို့ကမူ စတိုရီဇာတ်လမ်း ထက် စတိုရီတို့၏ နောက်ကလူတွေ the people behind stories အကြောင်းကို ပိုမိုစိတ်ဝင်စားနေသည်။ ဤအချက်ကို ထင်ဟပ်သောသာဓကမှ တရုတ်လူငယ်တွေ အင်တာနက်ဝက်(ဘ်)ဆိုက်တို့၌  ဘလောက် blogying တွေ အရေးများလာကြခြင်း ကို  ညွှန်းသည်။ ဝက်(ဘ်)ဆိုက်ဘလောက်တို့သည် စတို ရီတို့နောက်မှ လူတို့အကြောင်းတွေများသည်။   ဂျပန်ပြည်မှ အလုပ်သမား တို့ကမူ အဖေကလပ် daddy clubs တွေ ထောင်ခြင်းအားဖြင့် စရိုက်ကို အပြောင်းအလဲလုပ်နေ ကြသည်။ အဖေ ကလပ်ဆိုသည်မှာ ဇနီးနှင့်သားသမီးတို့ကို ဂရုစိုက်စောင့်ရှောက်သောအသင်းတွေဖြစ်ကြသည်။ သာယာချိုမြိန် သော အိမ် sweet home တို့ကို ထူ ထောင်ရန်ဖြစ်သည်။ မိမိအိမ်ဘက် ဦးလှည့်၊ ဇနီး နှင့်သားသမီးတို့ကို    ကြည့်ရှုစောင့်ရှောက် ရ ကောင်းမှန်း ဂျပန်အမျိုးသားတွေ သိရှိသည်မှာသိပ်မကြာသေးပေ။   ယခင်က အလုပ်ရုံကိုသာ တွယ်တာမြတ်နိုး သည်။ အလုပ်သိပ်ကြိုးစားသည်။ အလုပ်၌ဘဝကို လုံးဝမြှုပ်ထားလိုက်သည်။ ဇနီးမေ့၊ သားသမီးမေ့ဖြစ်သည်။ ည ၁၀ နာရီကျော် သန်းခေါင်လောက် မှ အလုပ်မှဆင်းသည်။ ဤမျှ အလုပ်နှင့်ကုမ္ပဏီကို ချစ်မြတ် နိုးသည်။ ဤသို့  ချစ်မြတ်နိုးရသည်မှာလည်း ကုမ္ပဏီတစ်ခုတည်း၌ ရာသက်ပန် အလုပ်လုပ်နိုင်သောကြောင့်နှင့် အလုပ်တစ်မျိုး တည်း၌ ရာသက်ပန် အလုပ်လုပ်နိုင်သောကြောင့်ဖြစ်သည်။   ယခု ဤသံယောဇဉ်ကြိုး အားပျော့သွားပြီ။ ကုမ္ပဏီတစ်ခုတည်း၌ ရာသက်ပန်အလုပ်မလုပ်နိုင်တော့။ အလုပ်တစ်ခုတည်း၌ ရာသက်ပန် အလုပ်မလုပ်နိုင်တော့။ အချိန်မရွေးအလုပ်ပြုတ်နိုင်သည်။ အချိန်မရွေး လစာလျှော့ဖြတ်ခံရနိုင်သည်။ ထို့ကြောင့် ကုမ္ပဏီနှင့် အလုပ်တို့အပေါ်ထားရှိသော သစ္စာနှင့် သံယောဇဉ်တို့သည်ပြိုပျက်ကုန်ပြီ။ အခုမှ အိမ်ကို မြတ်နိုးရမှန်း၊ ဇနီးနှင့် သားသမီးတို့ ကို သံယောဇဉ်တွယ်တာရမှန်းသိလာသည်။ပမာနှင့်အစစ်   အီရတ်၌ အမေရိကန်စစ်သားတို့၏ ရုပ်ပုံ လွှာကို ဂရုစိုက်ကြည့်မိသည်။ တစ်ကိုယ်လုံး ကိရိယာတွေ တပ်ဆင်ထားသည်မှာ နေရာလွတ်မရှိသလောက်ဖြစ်သည်။ စစ်သားသာမက သာမန်လူတို့လည်း အဲဒီလိုဖြစ်လာသည်။ အိမ်သုံးပစ္စည်း၊ လူ တစ်ကိုယ်သုံး ပစ္စည်းတို့ဖြင့် ပြည့်နှက်နေသည်။ ''စက်များပြီး လူနည်းသော လူ'' ဖြစ်နေပြီး တစ် ကိုယ်လုံး တစ်အိမ်လုံး ကိရိယာမျိုးစုံ တပ်ဆင် ထားပါပြီ။   လူသားအနှစ်သာရနည်းပြီး စက်များနေ သောလူသည်  ဉာဏ်ရည်အဆင့်၌  ဆိုက်ဘာအဆင့်ရှိရသည်။ ဆိုက်ဘာ ဉာဏ်ရည် Cyber Intelligence ဟုခေါ်သည်။  မြေပေါ်ဉာဏ်ရည်သာ မကပေ။ ကွန်ပျူတာ ဝက်(ဘ်)ဆိုက်တို့ဖြင့် ဉာဏ်ကစားနိုင်သူ ဖြစ်ရ မည်။ ထို့အတွက် လူသည် အီလက်ထရောနစ်ကိရိယာတို့ကို လက်ပတ်ရတနာသဏ္ဌာန် သေးသေးအရွယ်တွေဖန်တီးပြီး လူတို့အားတပ်ဆင်ပေးနိုင်မည်။ ဤ လက်ဝတ်ရတနာတို့ဖြင့် ဘယ်နေရာကိုမဆို၊ ဘယ်သူနှင့်မဆို လမ်းလျှောက်ရင်း အချိတ် အဆက်ပြုနိုင်မည်။   ရွှေငွေ လက်ဝတ်ရတနာများမဝယ်ဘဲဆိုခဲ့ပါ အီလက်ထရော နစ်ပစ္စည်းတို့ကို လက်ဝတ်ရတနာအဖြစ် ဝတ်ဆင်လာကြလျှင် တက္ကနိုလိုဂျီ မြေမျက်နှာပြင်သည် အကုန်ပြောင်းလဲသွားမည်။ လူသာ ပဓာနဆိုသောအယူအဆကို အနက်အဓိပ္ပာယ်အသစ်ဖြင့် ပြန်လည်ဖွင့်ဆိုရမည်။ လူသာ ပဓာနဆိုသော  အသိတရားအကြောင်းဟောလျက် လူအားတကယ်အစစ် real အကြောင်းကို ပညာပေးအပ်သည်။ လူသားသည် ပြဿနာတစ်ရပ်ကိုဖြေရှင်းချင်သည်။ အညွှန်း-ပညာအတွေးအမြင်များ