Main menu

Background

အီးယူ၏ P2P Programme အရ မဟာဗျူဟာမြောက် ကုန်စည်ကုန်သွယ်မှု ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Mon, 06/12/2017 - 10:21 -- journal_editor

       အီးယူ၏ P2P Programme နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် နှစ်မျိုးသုံး ကုန်စည်များ၏ ပို့ကုန်ထိန်းချုပ်ရေးဆိုင်ရာ ဥရောပသမဂ္ဂ (အီးယူ) ၏ ၂၀၁၅-၂၀၁၇ မိတ်ဖက်အစီ အစဉ် တစ်ခုဖြစ်သည့် မဟာဗျူဟာမြောက် ကုန်စည် ကုန်သွယ်မှု ထိန်းချုပ်ရေး ဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေး နွေးပွဲကို နေပြည်တော်၊  Hilton Hotel တွင် ဇွန် ၅ ရက် မှ ၇ ရက်အထိ ကျင်းပ ခဲ့ကြောင်း သိရပါသည်။
အဆိုပါ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်း အနားတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးရန်နိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံရှိ အီးယူ မစ်ရှင်မှ  ပထမအတွင်းရေးမှူး Mr. Andreas Magnusson က နှုတ်ခွန်း ဆက်စကားများ ပြောကြားကာ  မလေး ရှားနိုင်ငံမှ ဒေသဆိုင်ရာကျွမ်းကျင်သူ  Mr. Mohamed Shahabar က နှစ်မျိုးသုံး ကုန်စည် ထိန်းချုပ်မှုအကြောင်း မိတ် ဆက်ခြင်းနှင့် မြန်မာနိုင်ငံအတွက် အကျဉ်းချုပ် ရှင်းလင်းတင်ပြခဲ့ပါသည်။
       အဆိုပါ အခမ်းအနားသို့ ပညာ ရေးဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်မောင်လတ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယ ညွှန် ကြားရေးမှူးချုပ်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဝန်ကြီးဌာနအတွင်းမှ အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး သင်တန်းသားများအနေ ဖြင့် ဆက်စပ်ဌာနများဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ စက်မှုဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ် များ စုစုပေါင်း ၄၀ ကျော် တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် မဟာဗျူဟာမြောက် ကုန်စည်များဆိုင်ရာ ကျွမ်းကျင်သူများဖြစ်သည့် မလေးရှားနိုင်ငံမှ ဒေသ ဆိုင်ရာ ကျွမ်းကျင်သူ Mr. Mohamed Shahabar၊ အီတလီနိုင်ငံ ပို့ကုန်ထိန်း ချုပ်ရေး ယူနစ်မှ ခေါင်းဆောင်Mr. Massimo Cipolletti၊ မဟာဗျူဟာ မြောက် ကုန်စည်ဒေသဆိုင်ရာ ကျွမ်းကျင်သူ Mr. Junichi Takan ၊ လန်ဒန် မြို့Kings College မှSenior Research Analyst ဖြစ်သူ Mr. John Durce တို့က အသီးသီး ဆွေးနွေးခဲ့ကြသည်။
        အီးယူပရောဂျက် အစီအစဉ်အရ ပထမအကြိမ် Awareness Workshop နှင့် နှစ်မျိုးသုံး ကုန်စည်များ ပို့ကုန် ထိန်းချုပ်မှု ဆိုင်ရာသင်တန်းကို ၂၀၁၆ ခုနှစ်အတွင်းက ကျင်းပခဲ့ပြီး ယခု တတိယအကြိမ်အဖြစ် မဟာဗျူဟာ မြောက် ကုန်စည်ကုန်သွယ်မှု ထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်းသိရပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဓာတု၊ဇီဝ၊ဓာတ်ရောင်ခြည်နှင့် အဏုမြူဆိုင်ရာ ဘေးအန္တရာယ်များ လျော့ပါးလာစေ ရေးအတွက် နိုင်ငံ တကာ အဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်လျက် ရှိရာ ပညာရေးဝန်ကြီးဌာနမှ Focal Ministry အဖြစ် တာဝန်ယူပြီး ဇီဝလက်နက် တားဆီးပိတ်ပင်ရေး စာချုပ်ဆိုင်ရာ မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် အကောင်အထည်ဖော်  ဆောင်ရွက်မှုအဖွဲ့ (National Authority ) နှင့် ဓာတုလက်နက် တားဆီးပိတ်ပင်ရေး စာချုပ်ဆိုင်ရာ မြန်မာနိုင်ငံ၏ National Authority တို့ကို ဖွဲ့စည်းထားကာ စာချုပ်ပါအချကများ ကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ဓာတု၊ ဇီဝ၊ ဓာတ်ရောင် ခြည်နှင့် အဏုမြူဆိုင်ရာဘေးအန္တရာယ် လျော့ပါးစေရေး စီမံကိန်းများအနက် စီမံကိန်းအမှတ်စဉ် (၄၇) (Chemical Biological Radiological and Nuclear Risk Mitigation Centers of Excellence (CBRN – CoE) Project 47) ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်ဌာနအဖြစ် အကောင်အထည်ဖော် ဆောင်ရွ က်ခြင်း ဖြစ်ပါ သည်။
        နှစ်မျိုးသုံး ကုန်စည်ထိန်းချုပ်မှု၏ အဓိက ဦးတည်ချက်များအနေဖြင့် ဖျက်အားပြင်းလက်နက်များနှင့် ဖောက်ခွဲမှုများ ဖြစ်ပေါ်စေသော နှစ်မျိုးသုံး ကုန်စည်များနှင့် ထိတွေ့၍ မရသော နည်းပညာ၊ softwareများနှင့် ပတ်သက် သော ပစ္စည်းများတင်ပို့ခြင်း၊ တစ်ဆင့် ဖြတ်သန်းသယ်ယူခြင်း၊ တစ်ဆင့်ခံ သင်္ဘောတင်ပို့ခြင်း၊ ပွဲစားပြုလုပ်ခြင်း နှင့် အခြားနည်းပညာဆိုင်ရာ လွှဲပြောင်း ခြင်းများကို စနစ်တကျ ထိန်းချုပ်နိုင် စေရန်ဖြစ်ကြောင်း၊ ထိန်းချုပ်မှု စနစ် အနေဖြင့်ပါမစ်/လိုင်စင်ဖြင့် ထိန်း ကျောင်းနိုင်ရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်ထံတွင် လျှောက်ထားခြင်းကို နောက်ဆုံး အသုံးပြုသူနှင့် အသုံး ပြုမှုတို့ကို ဖော်ပြလျက် အခြားလိုအပ် သော အထောက်အထား၊ စာရွက်စာတမ်း များနှင့်တကွ တင်ပြရန်ဖြစ်ကြောင်း၊ အဆိုပါ တင်ပြချက်အပေါ် သတ်မှတ် ချက်များနှင့်အညီ စိစစ်၍လျှောက်ထားမှုအား ငြင်းပယ်နိုင်ခြင်း၊ ခွင့်ပြုနိုင်ခြင်း ပြုလုပ်နိုင်ကြောင်း၊ မလေးရှားနိုင်ငံတွင် ကျင့်သုံးမှုအနေဖြင့် ပါမစ် အမျိုးအ စားများကို ခွဲခြားထားကြောင်း၊ တစ်ခုတည်းသော ပစ္စည်းကို နိုင်ငံ/ခရီးဆုံး ဦးတည် ချက်အတွက် တစ်ကြိမ်သာ တင်ပို့ခွင့်/ ပြောင်းလဲခွင့် ပါမစ်ဖြစ်သော တစ်ကြိမ်သုံး ပါမစ်ကို သက်တမ်း ခြောက်လဖြင့် လည်းကောင်း၊ ခရီးဆုံး ဦးတည်ချက်အတွက် အကြိမ်ကြိမ်တင်ပို့ခွင့်ဖြစ်သည့် အသုတ်လိုက်ပါမစ်ကို သက်တမ်းနှစ် နှစ်ဖြင့်လည်းကောင်း၊ အဆုံးသတ် သုံးစွဲသူသည် ကန့်သတ်ထားသော အဆုံးသတ် သုံးစွဲသူဖြစ်နေသည့်တစ်ခုတည်း သော ခရီးဆုံးဦး တည်ချက်အတွက် တစ်ကြိမ်သာ တင်ပို့ ခွင့်ပြုသည့် အထူး ပါမစ်ကို ခွင့်ပြု သက်တမ်း တစ်နှစ်ဖြင့် လည်းကောင်း၊ မတူညီသော ခရီးဆုံး ဦးတည်ချက်များအတွက် အကြိမ်ကြိမ် တင်ပို့ခွင့်ပြုသည့် အကြိမ်ကြိမ်သုံး ပါမစ်ကို ခွင့်ပြု သက်တမ်း နှစ်နှစ်ဖြင့် လည်းကောင်း ခွင့်ပြုဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် UNSCR1540 သည် နျူကလီးယား၊ ဓာတု သို့မဟုတ် ဇီဝလက်နက်များနှင့် ၎င်းတို့အား သယ် ဆောင်ဖောက်ခွဲနိုင်သည့် နည်းလမ်းများ ပြန့်ပွားလာခြင်းကို တားဆီးရေးအတွက် ပြည်တွင်းအဆင့် ထိန်းချုပ်မှုများ ထူထောင်နိုင်ရန်အဖွဲ့ဝင်နိုင်ငံ အားလုံးက ထိရောက်သော လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည် ဖော်ရေး အတွက် ချမှတ်ခြင်းဖြစ်ကြောင်း၊ အဆိုပါပစ္စည်းများနှင့် ဆက်စပ် ပစ္စည်း များကိုလည်း ပြည်တွင်းပို့ကုန်၊ တစ်ဆင့် သယ်ယူတင်ပို့မှု၊ ပြောင်းလဲတင်ပို့မှုနှင့် ပြန်လည် တင်ပို့မှုများတွင် ထိန်းချုပ် နိုင်ရန်အတွက် လိုအပ်သော ဥပဒေ များ၊ နည်းဥပဒေများ ပြဋ္ဌာန်းခြင်း အပါ အဝင် ထိန်းချုပ်မှုများကို တည်ဆောက် ရန်အတွက် အဖွဲ့ဝင်နိုင်ငံများက လိုက်ပါ ဆောင်ရွက်ရန်လိုအပ်ကြောင်း သိရပါ သည်။
       လက်နက် ပြန့်ပွားမှုကြောင့် နိုင်ငံတကာနှင့် ဒေသတွင်းဖြစ်ပေါ်နေ သည့် ခြိမ်းခြောက်မှုများအနေဖြင့် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလတွင် အစွန်းရောက် အကြမ်းဖက်များ၏ တိုက်ခိုက် မှု၊ မြောက်ကိုရီးယားကဲ့သို့ လျှို့ဝှက် နျူ ကလီးယားလက်နက်ထုတ်လုပ်ခြင်း ဖြင့် ခြိမ်းခြောက်မှု၊ အီရတ်၊ ဆီရီးယားကဲ့သို့သော ဓာတုနှင့် ဇီဝလက်နက်များသုံးစွဲ၍ ပြည်တွင်း မငြိမ်မသက်ဖြစ်မှု၊ AQ Khan ကွန်ရက်ကဲ့သို့သော အစိုးရမဟုတ်သော လက်နက်ဖြန့်ဖြူး မှုများ နှင့် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံ တကာမှ အကြမ်းဖက်မှု အန္တရာယ်များ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် UNSCR 1540 သည် ယနေ့ကမ္ဘာကြီးတွင် အရေးကြီးလျက်ရှိကြောင်း သိရပါသည်။ ထို့အပြင် နိုင်ငံတကာတွင် နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှု များပြားလာခြင်းနှင့် စီးပွားရေး တိုးတက်မှုခိုင်မာလာခြင်းတို့ ကြောင့်ပို့ကုန်ရှေ့ရှု လုပ်ငန်းများတွင် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများ မြင့်တက် လာခြင်း၊ ဒေသတွင်းနှင့် အခြား မိတ်ဖက်နိုင်ငံများ အကြားတွင် လွတ် လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်များ တိုးတက်လာခြင်း၊ ကုန်သွယ်မှုတွင် တစ်ဆင့်ဖြတ်သန်းကုန်သွယ်ခြင်း(Transit )နှင့် တစ်ဆင့်ပြောင်းလဲ ပို့ဆောင် ခြင်း (Transhipment) တို့သည် အဓိကကုန်သွယ်မှု လမ်းကြော င်းများ ပေါ်တွင်တည်ရှိခြင်း တို့ကြောင့် နှစ်မျိုးသုံး ကုန်စည် ကုန်သွယ်မှုပမာဏ မြင့်မားလျက်ရှိနေကြောင်း၊ သို့ဖြစ်၍ နိုင်ငံအသီးသီးမှ မဟာဗျူဟာမြောက် ကုန်စည်များကို ဥပဒေ၊ စည်းမျဉ်းများနှင့် ထိန်း ကျောင်း ဆောင်ရွက်ရေး သည် အရေးပါလျက်ရှိကြောင်း သိရပါသည်။
          အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်နေသည့် တစ်ဆင့်ဖြတ်သန်း သယ်ယူပို့ ဆောင်မှု(Transit)၊ တစ်ဆင့်တင်ပို့မှု ဆိုင်ရာ(Transhipment) ထိန်းချုပ်မှု များ၊ တင်ပို့ခွင့် ပါမစ်/လိုင်စင်ခွင့်ပြုသည့် လုပ်ငန်းစဉ်တွင် ပါဝင်သောလိုင်စင်လျှောက်ထားမှုအား စစ်ဆေးခြင်း၊လျှောက်ထားလာသော ကုန်စည်နှင့် ထိန်းချုပ်စာရင်းတို့အား တိုက်ဆိုင်စိစစ်ခြင်း လိုင်စင်/ပါမစ်ခွင့်ပြုသင့် မသင့်တို့အား စိစစ်အကဲဖြတ်ခြင်းနှင့် ဆုံးဖြတ်ခြင်း ဟူသော လုပ်ငန်းစဉ် အဆင့်ဆင့်တွင် ဆောင်ရွက်မှု၊ ထိန်းချုပ်မှုစာရင်းတွင်မပါဝင်သော်လည်း အဆုံးသတ်သုံးစွဲမှုသည် လက်နက်ပြန့် ပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်သော ပစ္စည်းများကို ထိန်းချုပ်သည့် Catchall control၊ ကုန်သွယ်ရေးကြားခံ ပွဲစားများဖြစ်သည့် ဝယ်ယူသူနှင့် ရောင်းသူကို ကြားခံ ဆက်သွယ်ပေး သူများအား သတင်းရယူ စိစစ် ထိန်း ချုပ်မှု၊ ဖြစ်ပွားလေ့ရှိသည့် တရားမဝင် ကုန်သွယ်မှုနှင့် လမ်းကြောင်းများ၊ မဟာဗျူဟာ ကုန်စည်များကို ထိန်းချုပ် ရာတွင် အကောက်ခွန် ဦးစီးဌာန၏ အခန်းကဏ္ဍများနှင့် နိုင်ငံအသီးသီးမှ မဟာဗျူဟာမြောက် ကုန်စည်များကို ထိန်းချုပ်ရာတွင် အီးယူမှ နည်းပညာ အကူအညီပေး ဆောင်ရွက်မှုများ အစ ရှိသည်တို့ကို အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

 

ချိုသက်မူ