Main menu

Background

မြန်မာ့နှမ်း စိုက်ပျိုးထုတ်လုပ်ပုံ အဆင့်ဆင့်

Wed, 08/30/2023 - 15:44 -- journal_editor

မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံ အများအပြားရှိသည့်အနက် နှမ်းသီးနှံသည်လည်း အပါအဝင်ဖြစ်သည်။ နှမ်းသီးနှံ၏ မူရင်းဒေသမှာ အာရှတိုက်နှင့် အာဖရိကတိုက် အပူပိုင်းနှင့် အပူလျော့ပိုင်း ဒေသများတွင် စတင်စိုက်ပျိုးကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နှမ်းသီးနှံကို ရှေးမြန်မာမင်းများလက်ထက်  ပုဂံခေတ်နောက်ပိုင်းကာလများတွင် စတင်စိုက်ပျိုးကြောင်း သိရသည်။ နှမ်းဆီကို ဟင်းချက်ရာတွင် လည်းကောင်း၊ ဆေးအဖြစ်လည်းကောင်း၊ ဆီမီးပူဇော်ရန်အတွက် လည်းကောင်း၊ မုန့်မျိုးစုံပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုကြသည်။ နှမ်းနက်သည် ပြည်ပသို့တင်ပို့ရန်အတွက် အထောက်အကူပြုသည့် ကုန်ပစ္စည်းတစ်မျိုး ဖြစ်ပါသည်။
စတင်စိုက်ပျိုးရာဒေသ
နှမ်းကို အဓိကထားစိုက်ပျိုးသော နိုင်ငံမှာ တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ အင်ဒိုချိုင်းနား၊ ဂျပန်၊ တူရဂီ၊ ရုရှား၊ ဘရာဇီး၊ အာဂျင်တီးနား နိုင်ငံတို့ဖြစ်သည်။ မြန်မာနိုင်ငံတွင် နှမ်းကို  ဆီထွက်သီးနှံအဖြစ် စိုက်ပျိုးကြပြီး အထက်မြန်မာပြည်တွင် မကွေး၊ မြင်းခြံ၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ချင်းတွင်းအောက်ပိုင်းဒေသများတွင် အမြောက်အမြား စိုက်ပျိုးကြပြီး ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တွင်လည်း စိုက်ပျိုး ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် မိုးနှမ်းရာသီချိန်တွင် ပြည်ခရိုင်အနေ ဖြင့်  ၆၆၃၇၁ ဧကစိုက်ပျိုး၍ ပေါက်ခေါင်းမြို့နယ်တွင် အများဆုံး စိုက်ပျိုးကြောင်းသိရပြီး စိုက်ဧကမှာ  ၃၉၁၆၄ ဧက စိုက်ပျိုးသဖြင့် ပြည်ခရိုင် မိုးနှမ်းစိုက်ဧကများ၏  ထက်ဝက်ကျော်ခန့်မှာ ပေါက်ခေါင်း မြို့၏ စိုက်ဧကဖြစ်သည်။ စိုက်ပျိုးသည့် မျိုးအနေဖြင့် နှမ်းနက်မျိုးကို အများဆုံးစိုက်ပျိုးကြောင်း သိရသည်။
အမျိုးအစားနှင့်    အရွယ်အစား  သက်တမ်းကာလ
နှမ်း၏အရောင်မှာ မျိုးကိုလိုက်၍ အနက်၊ အဖြူ၊ အညို၊ အနီ နှင့် အဝါဟူ၍ ကွဲပြားသည်။ အနံ့မှာ ထူးခြားစွာ မွှေးကြိုင်ပြီး အရသာ မှာ အနည်းငယ် ခါးသက်သက်အရသာရှိသည်။ အစေ့မှာ သေးငယ်၍ ပြားပြီး ဘဲဥပုံသဏ္ဌာန်ရှိ၍ အချင်း ၁ ဒသမ ၅ စင်တီမီတာခန့်ရှိသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးသော နှမ်းကို စိုက်ပျိုးရာသီအရ မိုးနှမ်းကို နှမ်းလျှင်နှင့် ဆောင်းနှမ်းကို နှမ်းကြီးဟူ၍ နှစ်မျိုးရှိသည်။ နှမ်းပင်၏အမြင့်မှာ ၃သုံးပေခွဲမှ လေးပေခွဲအထိသာမြင့်ပြီး နှမ်းလျှင်မှာ နှမ်း ကြီးထက် အသက်ငယ်ပြီး နှမ်းလျှင်၏  အသက်မှာ ရက်ပေါင်း  ၇၀ မှ  ၁၀ဝ  အထိရှိပြီး နှမ်းကြီး၏ အသက်မှာ ၁၂၀ ကျော်ရှိသည်။ ပြည်ခရိုင်အနေ ဖြင့် နှမ်းနီနှင့်  နှမ်းနက် နှစ်မျိုးသာရှိပြီး နှမ်းနက်ကို အများဆုံး စိုက်ပျိုး ကြသည်။
စိုက်ပျိုးချိန်
နှမ်းစိုက်ပျိုးရာတွင် ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အပူချိန်  ၇၀ ဒီဂရီဖာရင်ဟိုက်ထက်  ကျော်လွန်ရန် လိုအပ်ပါသည်။ လိုအပ်သော မိုးရေချိန်မှာ  လက်မ ၂၀ အောက်မကျသော ဒေသများ တွင် စိုက်ပျိုးနိုင်ပြီး ရာသီဥတုပူလွန်းပြီး မိုးများလွန်းလျှင် ပျက်စီးလွယ် သည်။  နှမ်းလျှင်ကို နေရောင်ခြည်ရရှိချိန် ရှည်သော မိုးရာသီ မေလ နှင့် ဇွန်လတို့တွင် စိုက်ပျိုးပြီး နှမ်းကြီးကို နေရောင်ခြည်ရရှိချိန် တို သော ဆောင်းရာသီ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စိုက်ပျိုးကြ သည်။ ရှေးလူကြီးများကို နှမ်းစိုက်ပျိုးချိန်ကို မှတ်သားရလွယ်အောင် စာတိုလေးတစ်ခု  ထားရှိပြီး မိုးနှမ်းစိုက်ပျိုးချိန်ကို  ]]ဝါကဆုန် နှမ်း နယုန်}}ဟူ၍   လည်းကောင်း၊ ဆောင်းနှမ်းနှင့်ပတ်သက်၍ ]]ဖျောက် ဆိပ်ကြည်လွဲ နှမ်းကြီးကြဲ}}ဟူ၍လည်းကောင်း အဆိုရှိကြသည်။ နှမ်း ပင်သည် မိုးခေါင်ရေရှား  ရပ်ဝန်းတွင်  ဖြစ်ထွန်းသော သီးနှံဖြစ်ပြီး နှမ်းပင်စိုက်ပျိုးရန် အကောင်းဆုံးမြေသည် ပူရွ၍ ရေဆင်းကောင်းပြီး အာဟာရဓာတ်ပြည့်ဝသည့်   သဲနုန်းမြေတွင် ကောင်းစွာဖြစ်ထွန်း သည်။ စနယ်မြေများတွင် ကောင်းစွာဖြစ်ထွန်းမှုမရှိဘဲ မြေစေးတွင် စိုက်ပျိုးပါက ရေဝပ်တတ်သဖြင့် ရေထုတ်ပေးရသည်။ မြေပွ ရွနေ အောင် သဲနှင့်မြေဆွေး၊ နွားချေးဆွေး စသည်တို့ကို ထည့်သွင်းထွန် ယက်ပေးပြီး မြေအချဉ်ဓာတ် လွန်ကဲနေပါက ထုံးထည့်ပေးရန် လို အပ်သည်။
စ  ိုက်ပျိုးခြင်း
နှမ်းသီးနှံ စိုက်ပျိုးရန်အတွက် ထယ်ရေးတစ်စပ်  ဝင်ထားပြီး နောက် မိုးဦးကျလာသည်နှင့် မြေမှုန့်ညက်သည့်တိုင်အောင် ထွန်ရေး နက်နက်နှင့်   ညက်ညက်ပြုပြင်ပေးရသည်။  နှမ်းကို  စိုက်ပျိုးမည့် မြေတွင် သွင်းအားစုများနှင့် နွားချေးဆွေး ထည့်ပေးရသည်။ နှမ်း သီးနှံ စိုက်ပျိုးရာတွင် မျိုးစေ့ချသောနည်းမှာ စိုက်ကြောင်းဆွဲထားသော စိုက်ကြောင်းထဲသို့ မျိုးစေ့များချပြီး ကြမ်းတုံးရိုက်၍ မြေပြန်လည်ဖုံး ပေးရသည်။ နှမ်းပင်စိုက်ပျိုးရာတွင် အပင်ပေါက်ညီညာစေရန် နှမ်း စေ့များကို သဲခြောက်လေးဆ(သို့) ငါးဆနှင့် သမအောင် ရောနှော၍ လက်ကိုင်အရှည်တပ်  အပေါက်ဖောက်ထားသော ဘူး (သို့) ခွက်ထဲ သို့ထည့်ကာ ကြောင်းတစ်လျှောက်၌ မျိုးစေ့များ ချပေးနိုင်သည်။ နှမ်းတစ်ဧက စိုက်ပျိုးလျှင် မျိုးစေ့ နှစ်ပြည်(သို့)သုံးပြည်ခန့် လိုအပ်ပြီး နှမ်းပင်များစိုက်ပျိုးပြီး ခြောက်ရက်အကြာတွင် အပင်ငယ်များ ပေါက် လာကြသည်။  ၁၆ ရက်အကြာတွင် လေးသွားထွန်ကိုသုံး၍ ကန့်လန့် ဖြတ်တိုက်ဆွဲပြီး အပင်ငယ်များကို မှုန်းပေးရသည်။ အပင်များ မှုန်းပြီး ငါးရက် (သို့) ခြောက်ရက်အကြာတွင် ပေါင်းထိုး၊ မြေဆွခြင်းများ ပြုလုပ်ပေးရသည်။ နှမ်းပင်ထူထပ်သော နေရာများ၌ မသန်စွမ်းသော အပင်များကို နှုတ်ပေးရသည်။ သို့မှသာ နှမ်းပင်များ သန်စွမ်းလာမည် ဖြစ်ပြီး ကြားပေါင်း သုံး ကြိမ်ခန့် လိုက်ပေးသောအခါ ပေါင်းမြက်များ ကင်းစင်မည်ဖြစ်သည်။
ရိတ်သိမ်းခြင်းနှင့်    ကုန်ကျစရိတ်
နှမ်းပင်များရိတ်သိမ်းရာတွင် မိုးနှမ်းကို သြဂုတ်လမှ အောက် တိုဘာလ ကုန်လောက်တွင်လည်းကောင်း၊ ဆောင်းနှမ်းကို ဖေဖော် ဝါရီ လနှင့် မတ်လကုန်လောက်တွင်လည်းကောင်း နုတ်သိမ်းကြသည်။ နှမ်းပင်သည် တစ်လ(သို့မဟုတ်) ရက် ၄၀ ခန့်ရှိလျှင် ပန်းများစတင်ပွင့် ပြီး တစ်လခန့် ဆက်တိုက် နေ့စဉ်ပွင့်သည်။ အပွင့်ပွင့်တာရပ်ပြီး  ၁၅ ရက်မှ ရက် ၂၀ ရှိလျှင် အရွက်ရော ပင်စည်ပါဝါလာသဖြင့် ယခုလို အချိန်တွင် နှမ်းပင်ရိတ်သိမ်းရန် သင့်တော်သော အချိန်ဖြစ်ပြီး ရိတ် သိမ်းချိန်နောက်ကျပါက  နှမ်းစေ့များ  ပေါက်ကွဲပြီး အလေအလွင့် ပျက်စီးဆုံးရှုံးမှု များတတ်သည်။ နှမ်းသီးနှံသည် အခြားသီးနှံများကဲ့ သို့ အတိမ်းအစောင်းမခံဘဲ  ပျက်စီးဆုံးရှုံးလွယ်သော သီးနှံဖြစ်လျက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုး နေကြခြင်းမှာ နှမ်းဈေးများ ကောင်းခြင်း၊ နှမ်းဆီများ ဈေးကောင်းရ ခြင်း၊ လွယ်ကူစွာစိုက်ပျိုးနိုင်ခြင်း၊ ငွေရမြန်ခြင်း၊ သီးထက် သီးညှပ် အဖြစ် စိုက်ပျိုးရခြင်းတို့ကြောင့်ဖြစ်သည်။ ပြည်ခရိုင်အနေဖြင့် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင် နှမ်းတစ်ဧက စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ် မှာ ကျပ် ၃၈၀ဝ၀ဝ ခန့် ကုန်ကျပြီး တစ်ဧက အထွက်နှုန်းမှာ  ၁၀ တင်းကျော်ခန့် ထွက်ရှိကြောင်း သိရသည်။
စားသုံးခြင်းနှင့်    အသုံးပြုပုံ
နှမ်းသီးနှံကို သူ့ချည်းအတိုင်း မုန့်များထဲတွင် ထည့်၍စားသုံး ကြသလို လက်ဖက်သုပ်ကဲ့သို့  အသုပ်မျိုးစုံများ သုပ်ရာတွင်လည်း ထည့်သွင်း၍အသုံးပြုကြသည်။ နှမ်းဆီကို  နှစ်မျိုးခွဲထားပြီး အဆင့် အတန်းမြင့်သော နှမ်းဆီကို ဟင်းလျာများချက်ပြုတ်ခြင်းနှင့် နှမ်းဆီ အစစ်ကို တိုင်းရင်ဆေးများ ဖော်စပ်ရာတွင်လည်း အသုံးပြုကြသည်။ နှမ်း၏အရသာမှာ ခါးသက်သက်အရသာရှိ၍ နှမ်းဆီစစ်စစ်ဆိုလျှင် အနည်းငယ်ခါးသက်သော အရသာရှိသည်။ အဆင့်အတန်းနိမ့်သော နှမ်းဆီကို ဆပ်ပြာချက်ရာတွင် လည်းကောင်း၊ ခေါင်းလိမ်းဆီမွှေးနှင့် အိမ်သုတ်ဆေး အမျိုးမျိုးပြုလုပ်ရာတွင် လည်းကောင်း အသုံးပြုကြ သည်။ နှမ်းသီးနှံ  တစ်တင်းလျှင်  ၅၄ ပေါင်ရှိပြီး ဆီကြိတ်လျှင် ခြောက် ပိဿာခန့် ထွက်ရှိသည်။ နှမ်းစေ့ကို အခွံချွတ်၍ ဆီကြိတ်လျှင် ဆီ အရောင် ပိုကြည်၍ ခါးသက်သော အရသာ လျော့သွားသည်။ နှမ်းဆီ ကြိတ်ဖက်များကို တိရစ္ဆာန်အစားအစာဖြင့် လည်းကောင်း၊ သဘာဝ မြေသြဇာများအဖြစ်လည်းကောင်း အသုံးပြုကြသည်။ ပြည်ခရိုင် အနေဖြင့် နှမ်းဆီ  စားသုံးမှုနည်းသော်လည်း အခြားမုန့်ပဲသရေစာ များတွင် ထည့်သွင်း၍လည်း အသုံးပြုကြသည်။
သိုလှောင်ထိန်းသိမ်းခြင်း
နှမ်းသီးနှံအား သိုလှောင်ထိန်းသိမ်းရာတွင်  နှမ်းသီးနှံအား အခြောက်ခံ၍ တစ်တင်းခွဲ  ပီနန်အိတ်များတွင် ထည့်သွင်း၍ စုပုံ သိုလှောင်ကြသည်။ ထိုသို့ အိတ်များအတွင်းထည့်၍ သိုလှောင်ရာ တွင် ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရန် ပိုးသတ်ဆေးများ၊ ဆေး ပြားများထည့်၍သုံးစွဲပြီး  နေအိမ်၊ သိုလှောင်ရုံများတွင် သိုလှောင် ထိန်းသိမ်းတက်ကြသည်။ တောအရပ်ဒေသများတွင် စပါးကြည်များ၊ စပါးပုတ်များအတွင်းထည့်သွင်း၍ သိုလှောင်ကြသည်။
ဈေးနှုန်းဈေးကွက်အခြေအနေ
ပြည်ခရိုင်အတွင်းမှ ထွက်ရှိသော နှမ်းသီးနှံကို မြို့တွင်းစားသုံး သည့်အပြင် အညာဒေသများဖြစ်သော အောင်လံ၊ မကွေးနှင့် မန္တလေး သို့လည်း တင်ပို့ရောင်းချကြသည်။ ပြည်ဒေသရှိ ဈေးကွက်များ၊ ပွဲရုံများသို့လည်း ဧရာဝတီတိုင်းဖြစ်သော မြန်အောင်၊ ကြံခင်းနှင့် ကံမဘက်မှတင်သွင်းကြသည်။ နှမ်းသီးနှံအထွက်လှိုင်ချိန်တွင် တစ်နေ့ ကို အိတ်  ၁၀ဝ၀ ကျော်တင်ပို့ကြပြီး နှမ်းများရှားသွားချိန်တွင် နေ့စဉ် မဟုတ်ဘဲ ရက်ခြားတင်ပို့ပြီး တစ်ခါတင်ပို့လျှင် အိတ်  ၅၀ဝ လောက် သာ  တင်ပို့နိုင်ကြသည်။  နှမ်းဈေးများအနေဖြင့် ယခု သြဂုတ်လ တတိယပတ်တွင် နှမ်းနီ သုံးတင်းတစ်အိတ်လျှင် ကျပ် ၃၂၀ဝ၀ဝ၊ နှမ်းနက် သုံးတင်းတစ်အိတ်လျှင် ကျပ် ၃၂၀ဝ၀ဝ နှင့် စမုံနက်နှမ်း သုံးတင်းတစ်အိတ်လျှင် ကျပ် ၃၅၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိသည်။ ယခင် သြဂုတ်လ ပထမပတ်တွင် နှမ်းနီတစ်တင်းကို ကျပ် ၃၀ဝ၀ဝ၀ ဈေးရှိခဲ့သဖြင့် ယခုတစ်ပတ်တွင် ကျပ် ၂၀ဝ၀ဝ ခန့် ဈေးမြင့်တက်လာခဲ့သည်။ ပြည်ခရိုင်တွင် နှမ်းနီစိုက် ဧကနည်းပြီး အခြားတိုင်းများ ဝယ်ယူ၍ တစ်ဆင့်ပြန်လည်ရောင်းချရသဖြင့် ဈေး အနည်းငယ်မြင့်တက်ခဲ့သည်။ နှမ်းနက်နှင့် စမုံနက်နှမ်းဈေးမှာ ယခင် သြဂုတ်လ ပထမပတ်အတိုင်း ဈေးငြိမ်နေခဲ့သည်။
ပြည်ခရိုင်အနေဖြင့် နှမ်းသီးနှံကို ဒေသတွင်း ဆီဖူလှုံမှုရှိစေရန် စိုက်ပျိုးသည့်အပြင် ပိုလျှံပါက ပြည်ပသို့တင်ပို့နိုင်ရန် အရည်အသွေး ကောင်း၊ ဆီထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များအား ရွေးခြယ်၍  စိုက်ပျိုးနိုင်မည်ဆိုပါက  ပြည်ပဝင်ငွေများရရှိနိုင်မည် ဖြစ်ကြောင်း လေ့လာသုံးသပ် တင်ပြလိုက်ရပါသည်။

 

ဝေဝေမင်း (ပြည်)