Main menu

Background

အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးများမှသည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးဆီသို့

Mon, 09/25/2023 - 13:56 -- journal_editor

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ  နန်နင်းမြို့၌  အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့်  စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးများကို စက် တင်ဘာ ၁၆ ရက်မှ   ၁၉ ရက်အထိ    လေးရက်တာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။ 
အဆိုပါ အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့်  စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သည့်  မြန်မာကိုယ်စားလှယ်အဖွဲ့ လည်း    တက်ရောက်ခဲ့ပြီး   ပါဝင်ဆွေးနွေးမှုများကို ပြုလုပ်ခဲ့သည့်အပြင်  လုပ်ငန်းကဏ္ဍများအတွက် နား လည်မှုစာချွန်လွှာများကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ သည်။ ထို့ပြင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ မြှင့်တင်ဆောင်ရွက်နိုင်ရန် အခွင့်အလမ်း များစွာ ကိုလည်း ယင်းထိပ်သီးအစည်းအဝေးမှ ရရှိခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် "ရပ်ဝန်း နှင့်ပိုးလမ်းမ အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးလာစေရေး မြှင့်တင်ခြင်းနှင့် ကြီးထွားမှုဗဟိုချက်အသစ်ကို ပြုစုပျိုး ထောင်ပေးခြင်းတို့ဖြင့် အတူမျှဝေခံစားသည့် အနာ ဂတ်နှင့် ဟန်ချက်ညီမျှသည့် နေရာတစ်ခုဖြစ်လာစေ ရေးအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်ကြပါစို့" ဟူသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။
စီးပွားရေး အခွင့်အလမ်း
မြန်မာနိုင်ငံမှ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ကွမ်ရှီးကျွမ့် ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဖြစ်သူ Mr. Lan Tianli  နှင့် ထိပ်သီးအစည်းအဝေးများ မစတင်မီ စက်တင်ဘာ ၁၄ ရက် ညနေပိုင်းက နန်နင်းမြို့ လိယွမ်  နိုင်ငံတော် ဧည့်ဂေဟာ၌ တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ ကုန်သွယ်မှု မြှင့်တင် ရေးဆိုင်ရာကိစ္စရပ်များ၊ တရုတ်-အာဆီယံ ကုန်စည် ပြပွဲတွင် နှစ်စဉ်ပါဝင်ပြသခြင်းဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့်သာမက ဒေသတွင်း အာဆီယံနိုင်ငံများနှင့်ပါ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကွမ်ရှီး ကျွမ့်ဒေသတွင် ထူထောင်ထားရှိသည့် သစ်သီးဝလံ ဈေးကွက်သို့  မြန်မာနိုင်ငံမှ  သစ်သီးဝလံများ တင်ပို့ ရောင်းချနိုင်ရေး၊ မြန်မာနိုင်ငံနှင့် တိုင်းရင်းဆေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် အဆင့်မြင့်နည်းပညာ ဖြန့်ဝေပေးနိုင်ရေးနှင့်  ခရီးသွားကဏ္ဍတွင်လည်း  ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ခြင်းကလည်း မြန်မာနိုင်ငံ၏ စီးပွားရေး အခွင့်အလမ်းအတွက် ကောင်းသော အလားအလာ တစ်ရပ် ဖြစ်ခဲ့သည်။
သစ်သီးဝလံ ရောင်းဝယ်ရေးစင်တာ
တရုတ်နှင့်  ဗီယက်နမ် နယ်စပ်မြို့ဖြစ်သည့် ပင်းရှန်မြို့တွင် အာဆီယံ သစ်သီးဝလံ ရောင်းဝယ်ရေး စင်တာတစ်ခု  ဖွင့်လှစ်ထားရှိရာ ယင်းစင်တာမှတစ်ဆင့် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းလာသည့် သစ်သီးဝလံများကို တရုတ်နိုင်ငံသို့ တင်သွင်းပို့ဆောင် နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွက် အခွင့်အလမ်း တစ်ရပ်  ဖြစ်လာနိုင်သည့် အဆိုပါစင်တာသို့  မြန်မာ ကိုယ်စားလှယ်အဖွဲ့  စက်တင်ဘာ ၁၅ ရက်က သွား ရောက်လေ့လာခဲ့ကြသည်။ 
အလားအလာများစွာရှိ
ပင်းရှန်မြို့ရှိ အာဆီယံ သစ်သီးဝလံ ရောင်းဝယ် ရေးစင်တာမှတစ်ဆင့် တရုတ်နိုင်ငံ၏ မြို့ကြီးများသို့ ပြန်လည်ဖြန့်ချိခြင်း၊ တရုတ်နိုင်ငံမှ လယ်ယာစိုက်ပျိုး ရေးနှင့် သစ်သီးဝလံများကို အာဆီယံနိုင်ငံများသို့ ပြန် လည်ဖြန့်ချိခြင်းများကို ဆောင်ရွက်လျက်ရှိသည်ကို မြင်တွေ့ခဲ့ရသည်။ ယင်းစင်တာသည် အထူးသဖြင့် အာဆီယံနိုင်ငံများမှ ပိန္နဲသီး၊ နဂါးမောက်သီး၊ ငှက် ပျောသီး၊ ဖရဲသီး၊ သခွားမွှေး၊ ဒူးရင်းသီးနှင့် မင်းဂွတ် သီးများကို အဓိကထား တင်သွင်းပြီး တစ်ဖက်တွင် တရုတ်နိုင်ငံမှ   ထွက်ရှိသည့်   သစ်သီးဝလံများနှင့် ကောက်ပဲသီးနှံများကိုလည်း   ပြန်လည်တင်ပို့လျက် ရှိသည်ကို သိရှိခဲ့ရသည်။
ပင်းရှန်   သစ်သီးဝလံ  ရောင်းဝယ်ရေးစင်တာ သည် ၎င်းနှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ဗီယက်နမ် နိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများမှ သစ်သီးဝလံ များကို  ကုန်းလမ်းမှ ဖြတ်သန်းသယ်ဆောင်ကာ တရုတ်နိုင်ငံတွင်းသို့ တင်ပို့နေသည့် အဓိကကုန်းတွင်း ဝင်ပေါက်တစ်ခု   ဖြစ်ခြင်းကြောင့်  မြန်မာနိုင်ငံ၏ သစ်သီးဝလံကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများစွာရှိသော မြို့ဖြစ်ကြောင်းကိုလည်း မြန်မာကိုယ်စားလှယ်အဖွဲ့ ထဲထဲဝင်ဝင် လေ့လာသိရှိခဲ့ ရသည်။
နှစ်လိုဖွယ်ရာမြို့တော်(သို့) မန္တလေး
အလားတူ မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၆ ရက်   နံနက်ပိုင်းက  Nanning International Convention and Exhibition Center (NICEC)တွင် ပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာမှုမြှင့်တင် ရေးဖိုရမ်သို့ တက်ရောက်ခဲ့ကြသည်။ ယင်းဖိုရမ်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက မိန့်ခွန်းပြောကြားခဲ့သည်။ ပြည်ထောင်စု ဝန်ကြီးက မန္တလေးမြို့သည် မြန်မာ-တရုတ် အနာဂတ် ပူးပေါင်းဆောင်ရွက်မှု၌  အရေးပါသည့် တရုတ်-မြန်မာ မီးရထားလမ်းစီမံကိန်း၊   တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ  (CMEC)  စီမံကိန်း၊ မဟာမဲခေါင်ဒေသ ခွဲ (GMS)၏ အရှေ့အနောက်  စီးပွားရေးစင်္ကြံနှင့် တောင်မြောက် စီးပွားရေးစင်္ကြံများဖြင့် ချိတ်ဆက်နေ သည့် ကုန်သွယ်ရေးလမ်းကြောင်းများ၏ ဗဟိုချက်တွင် တည်ရှိသောကြောင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၌ နှစ်လိုဖွယ်ရာမြို့တော် (City of Charm)အဖြစ် ရွေး ချယ်ပြသခြင်းဖြစ်ကြောင်း၊ မန္တလေးမြို့သည် ဒေသ တွင်း ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် စီးပွား ရေးစင်္ကြံလမ်းကြောင်းများ၏  လမ်းဆုံတွင် တည်ရှိ ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် အလားအလာရှိသည့် စားသောက် ကုန်  ထုတ်လုပ်မှုလုပ်ငန်း၊  အထည်ချုပ်လုပ်ငန်း၊ ကျောက်မျက်ရတနာ အချောထည်လုပ်ငန်း၊ ပြည့်ဖြိုးမြဲ  စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်း၊ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို လာရောက် ရင်းနှီးမြှုပ်နှံ နိုင်ကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။

အခွင့်အလမ်းကောင်းများစွာ 
ထို့ပြင် ပိုးလမ်းမတစ်လျှောက် ဒေသများတွင် အီလက်ထရွန် နစ်စနစ်ဖြင့် ကူးသန်းရောင်းဝယ်မှုများ တိုးမြှင့်ဆောင်ရွက်ခြင်းသည် လွန်စွာအဓိပ္ပာယ်ရှိကြောင်း၊ ယနေ့ခေတ်တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းခိုင်မာစေရန် ဆောင်ရွက် ရာတွင်  e-Commerce  သည် အလွန်အရေးပါကြောင်း၊ ဒစ်ဂျစ်တယ် ခေတ်၌ ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်မှုများအပေါ် အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ မကြာ သေးမီနှစ်များအတွင်းက ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုများ သိသာ ထင်ရှားစွာ တိုးတက်ဖြစ်ထွန်းလာပြီဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်ဂေဟ စနစ် ခိုင်မာအားကောင်းစေရန် ဒစ်ဂျစ်တယ် အခြေခံအဆောက် အအုံများကို ခေတ်နှင့်လျော်ညီစေရန် ဘက်စုံ ဒစ်ဂျစ်တယ်လမ်းပြ မြေပုံအား ချမှတ် ဆောင်ရွက်နေကြောင်း၊ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ   (Digital Economy Development Committee - DEDC)    ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ယင်းကော်မတီ တွင် မိမိက ဥက္ကဋ္ဌအဖြစ် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင် ရွက်နေကြောင်း၊ မြန်မာနိုင်ငံအစိုးရက နည်းပညာဖွံ့ဖြိုးတိုးတက်လာ စေရန်အတွက် ရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်ရန်နှင့် ဒစ်ဂျစ်တယ် ကုန်သွယ်ရေးမြှင့်တင်ရန်  ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေ ကြောင်း၊ အားလုံးပါဝင်သည့် စီးပွားရေးဖွံ့ဖြိုးမှုကို  မောင်းနှင်ရန် ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဘဏ် လုပ်ငန်းနှင့် ပညာရေးကဏ္ဍများတွင် ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုး လာစေရန် အရှိန်မြှင့်တင်ကာ ဆောင်ရွက်နေကြောင်း၊ ပိုးလမ်းမတွင် အီလက်ထရွန်နစ်စနစ်ဖြင့် ကူးသန်းရောင်းဝယ်မှုများ ပိုမိုထွန်းကား လာစေရန် ပါဝင်သည့် နိုင်ငံများက ဒစ်ဂျစ်တယ် အခြေခံအဆောက် အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင် ရွက်မှုများပြုခြင်းနှင့် ဆန်းသစ်တီထွင်မှုများနှင့် စွန့်ဦးတီထွင်ဆောင် ရွက်မှုများ စသည်တို့အပေါ် အတူတကွ အကောင်အထည်ဖော်ဆောင် ရွက်သွားကြရန်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြော ကြားခဲ့သည်။
တရုတ်-အာဆီယံ ကုန်စည်ပြပွဲများနှင့် စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှု ထိပ်သီးအစည်းအဝေးများကို ၂၀ဝ၄ ခုနှစ်မှစပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံ  ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နန်နင်းမြို့တွင်    နှစ်စဉ်ကျင်းပလာခဲ့သည်မှာ   ယခုအကြိမ်သည် အကြိမ်(၂၀)မြောက်ပင် ရှိလာခဲ့ပြီဖြစ်သည်။ အဆိုပါ ထိပ်သီးအစည်း အဝေးများမှသည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အခွင့်အလမ်းကောင်း များစွာကို  ရရှိလာပြီး  အာဆီယံဒေသတွင်းနိုင်ငံများ၏ ကုန်စည် ကူးသန်းရောင်းဝယ်မှုများမှာ တိုးတက်လာလျက်ရှိနေသည်။
မြန်မာကုန်စည် ပြခန်းပေါင်း(၈၀)
ယခု  ကျင်းပခဲ့သည့် အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကုန် ပစ္စည်းများကို ပါဝင်ပြသခဲ့ရာ မြန်မာနိုင်ငံကလည်း ပြခန်းပေါင်း (၈၀)ကို  ပါဝင်ပြသခဲ့သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဦးဆောင်သည့်အဖွဲ့သည် မြန်မာလုပ်ငန်းရှင်များ ဖွင့်လှစ် ပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါ မြန်မာကုန်စည်ပြခန်းပေါင်း (၈၀)တွင်  ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရေထွက်ကုန်များ၊ ထောပတ်သီး၊ မြန်မာ့လက်မှုအနုပညာ ပစ္စည်းများ၊ အဝတ်အထည်များ၊ စားသောက်ကုန်များ၊ မြန်မာ့ ကျောက်မျက် လက်ဝတ်ရတနာပစ္စည်းများကို ခင်းကျင်းပြသရောင်း ချခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကုန်စည်ပြပွဲတွင် ပြပွဲဖွင့်သည့်ရက် စက် တင်ဘာ ၁၆ ရက်မှသည် ပြပွဲနောက်ဆုံးရက်ဖြစ်သည့် စက်တင်ဘာ ၁၉ ရက်အထိ မြန်မာနိုင်ငံမှ ပါဝင်ပြသသည့် ကုန်စည်ပြခန်းများ၌ မြန်မာ့ထုတ်ကုန်ပစ္စည်းများကို စိတ်ဝင်တစား လာရောက်လေ့လာ ကြည့်ရှုသူများ၊ ဝယ်ယူအားပေးကြသူများဖြင့် အထူးစည်ကားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည်  မြန်မာပြခန်းဆောင်တွင် နှစ်လို ဖွယ်ရာမြို့အဖြစ် ရွေးချယ်ထားသော မန္တလေးမြို့ ပတ်ဝန်းကျင် ဒေသ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စက်မှုဇုန်၊ ခရီးသွားဇုန်၊  အိမ်ရာတည်ဆောက်ရေး   စီမံကိန်းများကိုလည်း အားပေးကြည့်ရှုခဲ့သည်။
အကြိမ် (၂၀)မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် ဆက်စပ်ကျင်းပသော အဓိက အစီအစဉ်တစ်ခုဖြစ်သည့်  Institutional Opening - up For  New Ecnomic Growth  အစည်းအဝေးကိုလည်း ကျင်းပခဲ့ရာ ယင်းအစည်းအဝေးသို့ တရုတ်ကွန်မြူနစ်ပါတီ ကွမ်ရှီး ကျွမ့် ကော်မတီအတွင်းရေးမှူး၊ ကွမ်ရှီးကျွမ့် ပြည်နယ်အုပ်ချုပ်ရေးမှူး၊ တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများ၊  အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်၊ စင်ကာပူ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီးတို့နှင့်အတူ ပြည်ထောင်စု ဝန်ကြီးလည်း တက်ရောက်ခဲ့သည်။    
အဆိုပါ အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များ၏ အကြီးအကဲများ၊ သုတေသီများနှင့် ပညာရှင်များ၊ စီးပွားရေး ဦးဆောင်သူများက  ဒေသတွင်း  စီးပွားရေး အရှိန်အဟုန်သစ်ဖြင့် ဖွံ့ဖြိုးလာစေရန် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ၊ စီမံခန့်ခွဲမှုများ၊ စံချိန်စံညွှန်းများ၊ ကူးသန်းရောင်းဝယ်ရေးကိစ္စများနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ
ယင်းအပြင် မြန်မာကုန်စည်ပြခန်းဆောင်ရှိ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၏ စီးပွားရေးတွေ့ဆုံပွဲများ ကျင်းပသည့်နေရာ (Business Matching Area) တွင် မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်လိုသည့် တရုတ်လုပ်ငန်းရှင်များက လာရောက် တွေ့ဆုံ ပြီး မြန်မာ-တရုတ် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင် ရွက်နိုင်မည့် အခွင့်အလမ်းများကို မေးမြန်းဆွေးနွေးခဲ့ကြရာ မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။
အခွင့်အလမ်းပေါင်းများစွာ
ယခုဆိုလျှင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ  နန်နင်းမြို့၌  အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံ  ကုန်စည်ပြပွဲနှင့်  စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးများကို လေးရက်တာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီ ဖြစ်သည်။ ကုန်စည်ပြပွဲကာလအတွင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသရှိ အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် မြန်မာနိုင်ငံမှ ပါဝင် တက်ရောက်ခဲ့သည့် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များကြား တွင် နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အပြင် အခြားတစ်ဖက်တွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို  မြှင့်တင်ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများစွာကို ရရှိခဲ့သည်။ 
အောင်မြင်မှု ပြယုဂ်
ကွမ်ရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းများနှင့် မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်ခဲ့သည့် ဌာနဆိုင်ရာ များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား နားလည်မှု စာချွန်လွှာများ အဖြစ် (uangxi Economic and Trade Vocational School, Guangxi Nanning Orient Daytonz Import and Export Co.,Ltd. နှင့် စက်မှုဝန်ကြီးဌာန ရန်ကုန်သင်တန်းကျောင်းတို့အကြား ရေးထိုး ခဲ့သည့် Cooperation Agreement of Luban Workshop Operation in Myanmar၊ (၂) မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းနှင့် ကွမ်ရှီးပြည်နယ်ရှိ ကျန်းရှီးကုန် သည်ကြီးများအသင်းတို့အကြား ရေးထိုးခဲ့သော စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ (၃) ဂျိန်းဖောမြို့တော် ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်နှင့်  Guangxi Shengweida International Trade Co.,Ltd.   တို့အကြား လက်မှတ်ရေးထိုးခဲ့သည့်  နားလည်မှု စာချွန်လွှာ၊ (၄) လမင်းအောင် ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုကုမ္ပဏီ လီမိတက်နှင့် Bondex Logistics Co.,Ltd တို့အကြား လက်မှတ်ရေး ထိုးခဲ့သော ကုန်သွယ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ (၅)  Golden Myanmar Honey Co.,Ltd. Nanning ESihf  Yanghua Import and Export Trading Co.,Ltd  တို့အကြား လက်မှတ်ရေးထိုး ခဲ့သည့် ပျားရည် ရောင်းဝယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်နှင့် (၆) Nanning Yanghua Import and Export Trading Co.,Ltd.  နှင့် လမင်းအောင် ကုန်သွယ်မှုနှင့် ဝန်ဆောင်မှု ကုမ္ပဏီလီမိတက်တို့အကြား ကုန်သွယ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေး  ဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာတို့ကို   အောင်မြင်စွာ  ချုပ်ဆိုနိုင်ခဲ့ကြသည်။ ယင်းမှာ အကြိမ် (၂၀)မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့်  စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးများမှ ရရှိလာသည့် အောင် မြင်မှု ပြယုဂ်တစ်ခုလည်းဖြစ်သည်။
အချုပ်ဆိုသော် ပြပွဲကာလအတွင်း အိမ်ရှင် တရုတ်နိုင်ငံအပြင် အာဆီယံဒေသတွင်း  နိုင်ငံများနှင့် စိုက်ပျိုးရေးကဏ္ဍ၊ စိုက်ပျိုးရေး နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ အထည်ချုပ်ကဏ္ဍ၌ လူ့ စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ တိုင်းရင်းသားကဏ္ဍ၊ ကုန်စည် ထုတ်လုပ်ရေးကဏ္ဍ၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ ခရီးသွားလာမှုပူးပေါင်း ဆောင်ရွက်ရေးနှင့် သစ်သီးဝလံကဏ္ဍတို့အား ထည့်သွင်းဆွေးနွေးခွင့် ရရှိခဲ့ခြင်းကြောင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစွာ ရရှိခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို များစွာ အထောက်အကူ ဖြစ်လာစေမည်လည်းဖြစ်သည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာမှုမြှင့်တင်ရေး ဖိုရမ်တွင် အချက်အချာကျသည့် မန္တလေး တိုင်းဒေသကြီးသို့ တရုတ်နိုင်ငံမှ  စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ကျောက်မျက်ရတနာ အချောထည် လုပ်ငန်း၊ ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုလုပ်ငန်း၊ ကုန်စည်ပို့ဆောင် ရေး ဝန်ဆောင်မှုလုပ်ငန်းများတွင် လွတ်လပ်စွာ လာရောက်ရင်းနှီး မြှုပ်နှံနိုင်ကြောင်း မြန်မာနိုင်ငံမှ တာဝန်ရှိသူများက ဖိတ်ခေါ်နိုင်ခဲ့ခြင်း ကြောင့် ယင်းကလည်း မန္တလေးတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခွင့်အလမ်းကောင်းများကို များမကြာမီကာလအတွင်း ဖန်တီးပေးနိုင်လိမ့်မည်ဟု ယုံကြည်ရပါသည်။
ထို့ကြောင့် ယခုကျင်းပခဲ့သည့် အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံ  ကုန်စည်ပြပွဲနှင့်  စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးများသည် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအကျိုးရှိပြီး အာဆီယံ ဒေသတွင်းနိုင်ငံများအပြင် တရုတ်နိုင်ငံ နှင့်ပါ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြင်တွေ့လာရတော့ မည်လည်းဖြစ်သည်။