Main menu

Background

ဧရာဝတီတိုင်းဒေသကြီးမှ ပို့ကုန်ကဏ္ဍတိုးမြှင့်ရေး နှင့်ပြည်ပပို့ကုန်‌သိဟိုဋ္ဌ်ဈေးကွက်

Mon, 03/04/2024 - 11:45 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ   ဒေသထွက်ကုန်များတွင် ပြည်ပပို့ကုန် သီဟိုဠ်ဈေးကွက်မှာ ရာသီသီးနှံအဖြစ်  ဖေဖော်ဝါရီလ ကုန်နောက်ဆုံးပတ်မှစတင်၍ ဈေးကွက်သို့  ဝင်ရောက်လျက်ရှိပြီး မတ်လဆိုလျှင် သီဟိုဠ်လှိုင်လှိုင်ပေါ်သည့်အချိန်ဖြစ်ကြောင်း  သီဟိုဠ် ရာသီမှာ မိုးမရွာခင်အချိန်အထိ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်၍ မေ၊ ဇွန်လများတွင် မိုးဖြိုင်ဖြိုင် ရွာသွန်းပါက ဈေးကွက်တွင် အရောင်း အဝယ်မဖြစ်တော့ဘဲ သီဟိုဠ်ရာသီ ပြီးဆုံးသွားပြီဖြစ်သည်။
ယခင်နှစ်က သီဟိုဠ်ကုန်ကြမ်း  တစ်ပိဿာ ကျပ် ၄၂၀ဝ ဈေး ရှိပြီး ယခုနှစ်တွင် သီဟိုဠ် တစ်ပိဿာကို ကျပ် ၄၈၀ဝ/၅၀ဝ၀ ဈေးရရှိ သည့်အတွက် ယခင်နှစ်ထက် တစ်ပိဿာကို  ကျပ် ၆၀ဝ/၈၀ဝ ဈေး ပိုမိုရရှိပြီး သီဟိုဠ်တောင်သူများ  တွက်ခြေကိုက်လျက်ရှိကြောင်း  ပုသိမ်မြို့ သီဟိုဠ်အဝယ်ဒိုင်မှ သိရသည်၊
ဧရာဝတီတိုင်း ဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပဈေးကွက် ဝင် နှစ်ရှည် သီးနှံသီဟိုဠ်စိုက်ဧက ၆၅၉၃၃ ဧကရှိပြီး  ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်နှင့်  မြောင်းမြခရိုင်တို့တွင် အများဆုံးစိုက်ပျိုးသည့် အပြင် လပွတ္တာခရိုင်နှင့် ဖျာပုံခရိုင်တို့တွင်လည်း စိုက်ပျိုးမှုရှိကြောင်း သီဟိုဠ်သည် မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ပြီး ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီကမ်းရိုးတန်း၊ အနောက်ဘက်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ် နှင့် ပင်လယ်ပိုင်းဒေသများတွင်လည်း  အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်း သိရသည်၊
ပုသိမ်မြို့နယ်နှင့်သာပေါင်းမြို့နယ်ထွက် သီဟိုဠ်စေ့မှာ အစေ့ ကြီး၍ရေကြည်မြို့နယ်ထွက်သီဟိုဠ်မှာအလယ်အလတ်ရှိပြီး မြောင်းမြ မြို့နယ်ထွက် သီဟိုဠ်စေ့မှာ အစေ့သေးသော်လည်း အထွက်နှုန်းပို၍ ကောင်းမွန်ကြောင်း စတင်စိုက်ပျိုးချိန်မှ ခူးဆွတ်ရသည်အထိ ငါးနှစ် စိုက်ပျိုးရပြီး အပင်သက်တမ်း  နှစ်(၆၀)ရှိသဖြင့် ရေရှည်အကျိုး အမြတ်ရရှိသည့် နှစ်ရှည်သီးနှံအမျိုးအစားဖြစ်သည်။ သီဟိုဠ်ခူးဆွတ် ခြင်းကို ဖေဖော်ဝါရီလမှ စတင်ခူးဆွတ်၍ မေလ မိုးမရွာခင်အထိ ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်၍ မိုးထိလျှင် သီဟိုဠ်စေ့မှာ မူလ အရောင်ပျက်ကာ   မည်းသွားပြီး  ဈေးကွက်တွင်လည်း အရောင်း အဝယ် မဖြစ်တော့ကြောင်း သိရသည်။
သီဟိုဠ်ပေါ်ချိန် ပုသိမ်မြို့တွင် အဝယ်ဒိုင်ငါးဒိုင်၊ သာပေါင်းမြို့ ပေါ်တွင် သုံးဒိုင်ခန့်၊ မြောင်းမြမြို့ပေါ်တွင်  အဝယ်ဒိုင်  နှစ်ဒိုင်နှင့် ရေကြည်မြို့ပေါ်တွင် အဝယ်ဒိုင်နှစ်ဒိုင်ဖြင့် ဝယ်ယူလျက်ရှိပြီး ဝယ်ယူ ရရှိသော သီဟိုဠ် ကုန်ကြမ်းများကို ရန်ကုန်မြို့သို့ အဓိက တင်ပို့သည်။ ပုသိမ်မြို့နှင့် ရေကြည်မြို့တို့တွင် သီဟိုဠ်စေ့   ကုန်ချောပြုလုပ်၍ ပြည်တွင်းဈေးကွက်နှင့် နထစသမအ ဈေးကွက်အဖြစ် တရုတ်နိုင်ငံ၊ ကိုရီး ယားနိုင်ငံ၊   စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ ရန်ကုန်မှ တစ်ဆင့် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။  သီဟိုဠ်စေ့ကို တန်ဖိုးမြှင့် စားသောက်ကုန်အဖြစ်  ချောကလက်၊ ရေခဲမုန့်၊ ထိုးမုန့်၊ ကိတ်မုန့်အမျိုးမျိုး၊ မုန့်မျိုးစုံ ယိုစုံ၊ ဒန်ပေါက်နှင့်  ဟိုတယ်စာအဖြစ်နှင့် မုန့်အမျိုးမျိုးတို့တွင် ပါဝင်အသုံးပြုလျက်ရှိပြီး သီဟိုဠ်စေ့တွင် Vitamine-E  ပါဝင်သဖြင့် ပြည်ပနိုင်ငံများတွင်   ဆံပင်၊ အသားအရေလှပသည့် မိတ်ကပ်အကူပစ္စည်း ခေါင်းလိမ်းဆီ ထုတ်လုပ်ရာနှင့် အိန္ဒိယနိုင်ငံ တွင် သီဟိုဠ်စေ့အခွံကို သင်္ဘောဆေးလုပ်ငန်း တွင် ကုန်ကြမ်းအဖြစ် အသုံး ပြုလျက်ရှိကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန အစည်း အဝေးခန်းမတွင်လည်း ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁၀ါ်ဝ၀ နာရီ သီဟိုဠ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။ 
အဆိုပါ ဆွေးနွေးပွဲတွင် တက်ရောက်လာသော တိုင်းအဆင့် ဌာနဆိုင်ရာများမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေး၍ သီဟိုဠ် စိုက်ပျိုးထုတ်လုပ်သူများမှ တင်ပြလာသော  ဈေးကွက်အခြေအနေ နည်းပညာ၊ အရင်းအနှီး၊ ဈေးကွက်လိုအပ်ချက်  ကုန်စည်စီးဆင်းမှု အခြေအနေများအပေါ် ဆွေးနွေးခဲ့သည်။  
ဌာနဆိုင်ရာများမှ  ပြန်လည်ဆွေးနွေးခဲ့ရာတွင်  ဧရာဝတီတိုင်း ဒေသကြီးအတွင်း သီဟိုဠ်စိုက်ပျိုးသော ဧကများစွာရှိပြီး   ဆက်စပ် နေရာများတွင်စိုက်ပျိုးနိုင်ခြင်း၊မြေလွတ်မြေရိုင်းများရှိနေခြင်း၊နေရာ မရွေး စိုက်ပျိုးနိုင်ပြီး အထွက်နှုန်းသင့်တင့်ကောင်းမွန်၍  ပြည်တွင်း/ ပြည်ပဈေးကွက် ဝယ်လိုအားရှိသည့်အတွက်    ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြင့်ထုတ်ကုန်အဖြစ်  တိုးမြင့်ထုတ်လုပ်၍ ပုဂ္ဂလိကကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက် မှုမှ ပို့ကုန်ကဏ္ဍ တိုးမြှင့်တင်ပို့နိုင်ရန်အတွက် တိုင်းဒေသကြီး သီဟိုဠ် အသင်းကို သင်းဖွဲ့စည်းမျဉ်းများနှင့်အညီ ကျစ်လျစ်ခိုင်မာစွာ ဖွဲ့စည်း နိုင်ရေး ဧရာဝတီကုန်သည်များနှင့် စက်မှုအသင်းဌာနဆိုင်ရာများ သာမက နောက်ပိုင်းတွင်UMFCCI အသင်းကြီးနှင့်လည်း ချိတ်ဆက် ဆောင်ရွက်နိုင်ရန်နှင့် One Village One Product  ကဲ့သို့  ပို့ကုန်အမယ် သစ်အဖြစ် ပြည်ပဈေးကွက် ပိုမိုဖောက်နိုင်ရန် အားလုံးဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်၊

မင်းမင်းဦး (ပသ)