Main menu

Background

ပြည်ပဈေးကွက် ရှာဖွေနေသည့် တိုင်းဧရာထွက် ပီလောပီနံ

Mon, 12/01/2025 - 11:11 -- journal_editor

ပီလောပီနံမှာ မြန်မာအမည်ဖြစ်ပြီး အင်္ဂလိပ်အမည်မှာ Cassava (tapioca) ဖြစ်ပြီး ရုက္ခဗေဒအမည်မှာmanihot Esulenta ဖြစ်သည်။ ၎င်း၏ မျိုးရင်းအမည်မှာမူ Euphorbiaceae  ဖြစ်ကြောင်း လေ့လာသိရှိ ရသည်။
ပီလောပီနံပင်ကို တချို့ဒေသများတွင် ကလောပင်ဟုလည်း ခေါ်ကြသည်။ ပီလောပီနံပင်သည် နှစ်ရှည်ခံ ချုံပုတ်ပင် အမျိုးအစား ဖြစ်ကာ ၎င်းတွင်Hydrocyanic acid  ပါဝင်နေခြင်းကြောင့် ရှေးယခင် ကာလများက  အဆိပ်ရှိသော  သီးနှံအဖြစ်  သတ်မှတ်ခဲ့ကြသည်။ သို့သော် နောက်ပိုင်းကာလများတွင် တဖြည်းဖြည်းဖြင့် စားသုံးမှု  အများဆုံးသီးနှံများထဲတွင် ပါဝင်လာခဲ့သည်ကို တွေ့ရ သည်။ 
ပီလောပီနံ၏မူရင်းဒေသမှာ တောင်အမေရိကတိုက်မှ ဘရာဇီး နိုင်ငံဖြစ်သည်။   လူသားများသည် ၁၅ ရာစု မတိုင်မီကတည်းက ပီလောပီနံကို ရှာဖွေတွေ့ရှိခဲ့ကြသည်ဟုဆိုသည်။ ပီလောပီနံသည် မူရင်းဒေသဖြစ်သည့် တောင်အမေရိကတိုက်မှတစ်ဆင့် အာဖရိက တိုက်သို့ ပျံ့နှံ့ရောက်ရှိခဲ့သည်။ ၁၈ ရာစု  နှောင်းပိုင်းရောက်မှသာ မြန်မာနိုင်ငံ  တောင်ပိုင်းဒေသများသို့ ပေါ်တူဂီတို့နှင့်အတူ ရောက် ရှိလာခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ သို့သော် ၁၉၈၀ ပြည့်နှစ်က မလေးရှားနိုင်ငံ ပီနန်ကျွန်းမှတစ်ဆင့်  မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ သည်ဟုလည်း တချို့မှတ်တမ်းများတွင် ဖော်ပြထားကြပြန်သည်။
လက်ရှိအချိန်တွင် ပီလောပီနံ စိုက်ပျိုးသည့် နိုင်ငံပေါင်း ၁၀ဝ ကျော်အထိပင် ရှိလာခဲ့ပြီဖြစ်ပြီး ပြည်ပသို့ တင်ပို့နိုင်သည်အထိလည်း ပီလောပီနံဈေးကွက်က ကျယ်ပြန့်လာနေပြီဖြစ်သည်။ လတ်တလော ကာလတွင် ပီလောပီနံကို တောင်အမေရိကတိုက်၊ အာဖရိကတိုက်နှင့် အာရှတိုက်တို့တွင်  အဓိကစိုက်ပျိုးနေကြသည်။ အာရှတိုက်တွင် ပီလောပီနံ စိုက်ပျိုးမှုမှာ တစ်ကမ္ဘာလုံး၏ ၃၀ ရာခိုင်နှုန်းရှိလာခဲ့ပြီး ထိုင်းနိုင်ငံသည်  ကမ္ဘာပေါ်တွင် ပီလောပီနံထွက်ရှိမှု အများဆုံးနှင့် နိုင်ငံခြားတင်ပို့မှု အများဆုံးနိုင်ငံလည်း ဖြစ်သည်။ 
ပီလောပီနံပင် စိုက်ပျိုးပြီး ရှစ်လခန့်တွင် ဥများကို စတင်တူး ဖော်နိုင်ပြီဖြစ်သည်။ ပီလောပီနံဥကို ရေဖြင့်ပြုတ်၍ တိုက်ရိုက်စားသုံး နိုင်သလို စားသောက်ကုန်ပစ္စည်းများအဖြစ် အချိုမှုန့်၊ နို့မှုန့်၊ ကော် မှုန့်၊ ခေါက်ဆွဲ၊ ကြာဆံ စသည်တို့အပြင် မုန့်အမျိုးမျိုးလည်း ပြုလုပ် နိုင်သည်။ ထို့ပြင် အဖျော်ယမကာများ၊အိမ်သုံးဆေးဝါးများ၊ တိရစ္ဆာန် အစားအစာများတွင်လည်း ထည့်သွင်းအသုံးပြုလျက်ရှိသည်။
ပီလောပီနံရွက် အနုများကို  အသားဟင်းထဲတွင် ထည့်ချက်၍ ရသကဲ့သို့ အရွက်ကို ကြော်စားခြင်း၊ ဟင်းချိုချက်သောက်ခြင်းနှင့် ပြုတ်တို့ခြင်းများ ပြုလုပ်နိုင်သည်။ ပီလောပီနံရွက်သည်   အစာခြေ စနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း၊ ခေါင်းကိုက် ခြင်း၊ အအေးမိခြင်း၊ အဆစ်ရောင်နာနှင့် ခံတွင်းအနာများကို သက် သာစေနိုင်သည့် အာနိသင်ရှိသည်။ သံဓာတ်၊ ဖောလိတ်နှင့်   ဗီတာ မင်စီဓာတ်များ ြွကယ်ဝစွာ ပါဝင်မှုကြောင့် အမျိုးသမီးများ ကိုယ်ဝန် ဆောင်ချိန်တွင် သွေးအားနည်းခြင်း မဖြစ်စေရန်နှင့် ကိုယ်ခံအား ကောင်းစေရန် စားပေးသင့်သည်။ သို့သော် ပီလောပီနံသည် ကျန်းမာ ရေးကောင်းကျိုးများစွာရှိသော်လည်း အလွန်အကျွံ စားသုံးပါက ဆိုး ကျိုးများလည်းရှိသည်။
ပီလောပီနံမှာ စိုက်ပျိုးရလွယ်ကူပြီး သီးထပ်သီးညှပ်အဖြစ် ပီလောပီနံ စိုက်ခင်းများထဲတွင် သက်တမ်းတို ဟင်းသီးဟင်းရွက်များ၊ ပြောင်းနှင့် နေကြာတို့ကိုလည်း ကြားသီးနှံအဖြစ် စိုက်ပျိုးနိုင်မည်ဖြစ် သည်။ 
ပီလောပီနံပင်သည် ရောဂါနှင့် ပိုးမွှားဒဏ်ကို အသင့်အတင့် ခံနိုင်ရည်ရှိပြီး ဓာတုဆေးဝါးသုံးစွဲမှု အနည်းငယ်ဖြင့် အဆင်ပြေမည် ဖြစ်ကာ စိုက်ပျိုးသူ လုပ်သားများ၊ စားသုံးသူများနှင့် သဘာဝပတ် ဝန်းကျင်ထိခိုက်မှုကိုလည်း နည်းပါးစေသည်။
မြန်မာနိုင်ငံတွင် ပီလောပီနံပင်ကို ကချင်ပြည်နယ်နှင့် ဧရာ ဝတီတိုင်းဒေသကြီးတို့တွင် ကနဦး စိုက်ပျိုးခဲ့ရာမှာ ယခုအချိန်တွင် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့်  ရန်ကုန်တိုင်းဒေသကြီးတို့တွင်ပါ ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးနေကြပြီဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ကျုံပျော်၊ ရေကြည်၊ ငါးသိုင်း ချောင်း၊ ကျောင်းကုန်းနှင့် သာပေါင်းမြို့နယ်များတွင် ပီလောပီနံပင်ကို အဓိက စိုက်ပျိုးလျက်ရှိကြသည်။ ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံး အတိုင်းအတာဖြင့် ကြည့်မည်ဆိုလျှင် ပီလောပီနံ စိုက်ဧရိယာ သုံး သောင်းကျော်ရှိပြီး တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ ပိဿာ ၃၅၀ဝ ခန့် ထွက်ရှိကြောင်း သိရသည်။
ယခင်က ပီလောပီနံပင်ကို မိရိုးဖလာ မြေပုံစနစ်ဖြင့်သာ စိုက် ပျိုးခဲ့ရာမှ  ယခုအချိန်တွင် ခေတ်မီနည်းစနစ်များကို အသုံးပြုကာ စိုက်ဘောင်စနစ်ဖြင့် ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းလည်း တိုးလာသည်။
တရုတ်နိုင်ငံနှင့်  အိန္ဒိယနိုင်ငံတို့သည် ပီလောပီနံမှုန့် ဝယ်လို အားများသည့် နိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံမှာ ယင်းနိုင်ငံတို့နှင့် နီး စပ်မှု ရှိနေခြင်းကြောင့် အရည်အသွေးမီ ပီလောပီနံများ ထွက်ရှိပါက ဈေးကွက်ရရှိရန် ခက်ခဲမည်မဟုတ်ပေ။
မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းဒေသကြီးသည် ပီလောပီနံ အများဆုံး စိုက်ပျိုးလျက်ရှိသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး နှစ်စဉ် စိုက်ဧက ၃၀ဝ၀ဝ ကျော်စိုက်ပျိုးလျက်ရှိရာ ကျုံပျော်ခရိုင်နှင့် ဟင်္သာတ ခရိုင်တို့တွင် ပီလောပီနံ အဓိကစိုက်ပျိုးလျက်ရှိကာ ကျုံပျော်ခရိုင် သည် ပီလောပီနံ စိုက်ပျိုးရာတွင် ရေခံမြေခံ ကောင်းမွန်၍ နှစ်စဉ် စိုက်ဧက ၂၀ဝ၀ဝ ဝန်းကျင်ခန့် အများဆုံး စိုက်ပျိုးလျက်ရှိသည်။
ဒေသမျိုးများမှာ အထွက်နှုန်း တစ်ဧကလျှင် ပိဿာ ၂၅၀ဝ ခန့် မှ ၄၅၀ဝ ခန့်သာရှိပြီး အထွက်ကောင်းမျိုးများမှာ ပိဿာ ၄၀ဝ၀ မှ ၁၀ဝ၀ဝ အထိ သွင်းအားစုပေါ် မူတည်၍ အထွက်ရရှိနိုင်သည်။ ကျုံပျော်ခရိုင်မှ  ထွက်ရှိလာသော ပီလောပီနံများကို ပီလောပီနံ အချောမှုန့်၊  ကော်မှုန့်များ ပြုလုပ်၍ ပြည်တွင်းဈေးကွက်အဖြစ် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်း စသည့် မြို့ကြီးများမှ အဓိကဝယ်ယူ လျက်ရှိပြီး ပီလောပီနံအမှုန့်ကို ငါးမုန့်၊ သာဂူစေ့၊ ဝေဖာ၊  အချိုရည်၊ ကြာဆံ၊ ငရုတ်ဆီ၊ မုန့်လုပ်ငန်းမျိုးစုံ၊ အရက်ချက်စက်ရုံနှင့် စက္ကူစက်ရုံ စသည့် ထုတ်ကုန်အမျိုးမျိုးတွင် သုံးစွဲလျက်ရှိသည်။ 
    ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများရှိ City Mart  များတွင် လည်း ပီလောပီနံအမှုန့်ထုတ်ကုန်နှင့် ပီလောပီနံဖြင့် ပြုလုပ်ထားသည့် စား သောက်ကုန်များကိုလည်း ရောင်းချလျက်ရှိပြီး ပီလောပီနံမှုန့် တစ်ပိဿာလျှင် ကျပ် ၂၈၀ဝ ဖြင့် ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ ပီလောပီနံ စွန့်ပစ်ပစ္စည်းများကိုလည်း တိရစ္ဆာန် အစာအဖြစ် အသုံးပြုလျက်ရှိကြောင်း သိရသည်။ 
]]အမှုန့်က အခုလက်ရှိ ဖောက်သည်ဈေး တစ်ပိဿာကို ၃၀ဝ၀ ဝန်းကျင်ရှိတယ်။ သူကတက်လည်းမတက်ဘူး၊ ကျလည်းမကျဘူး။ အခုက အတောင့်လိုင်းကပြီးသွားပြီ။ အချောအမှုန့်လိုင်းပေါ့။  ပီလောပီနံမှုန့်ပေါ့။ သူကတော့ အစုံလုပ်လို့ရတယ်။ ဂျူံအစားထိုး လုပ်လိုရတယ်။ သာဂူစေ့ လုပ်လို့ရတယ်။ တောင်သူကတော့ တက်ဖို့ မျှော်လင့်တာပဲ။ အရင်ကာလတွေတုန်းကတော့ တစ်ပိဿာကို ကျပ် ၂၈၀ဝ-၃၀ဝ၀ ပေါ့။ တရုတ်ဘက် ဝယ်ကြတာများတယ်။ သူတို့က တော့ အမှုန့်ဝယ်ပြီး ကုန်ချောထုတ်ကြတယ်။  တောင်သူကတော့ ဒါမှပဲ အဆင်ပြေကြတာပေါ့}}ဟု ကျုံပျော်မှ ပီလောပီနံစိုက်လုပ်ငန်း ရှင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။
လက်ရှိအချိန်တွင် ကျုံပျော်မြို့နယ်မှ စက်မှုကုန်ကြမ်း ပီလော ပီနံကွင်းခြောက်များကို မလေးရှားနှင့် ကိုရီးယားနိုင်ငံများသို့ တင်ပို့ လျက်ရှိပြီး ၎င်းနိုင်ငံများရှိ စားသောက်ကုန်များတွင် တွင်ကျယ်စွာ သုံးစွဲလျက်ရှိကြောင်း၊ ပီလောပီနံကွင်းခြောက်များကို ပင်လယ်ရေ ကြောင်းခရီးဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၀ဝ ဝန်းကျင်ခန့်ဖြင့် စုစုပေါင်း ၂၉၇ တန် တင်ပို့နိုင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့လည်း မြန်မာ့ ပီလောပီနံ တင်ပို့ရန် ဆွေးနွေးလျက်ရှိကြောင်း ပီလောပီနံစိုက်ပျိုး  ထုတ်လုပ် တင်ပို့ရောင်းချနေသော လုပ်ငန်းရှင်ထံမှ သိရသည်။ 
ထိုကဲ့သို့ ပြည်ပဈေးကွက် ရှာဖွေနေသည့် ဧရာဝတီတိုင်းဒေသ ကြီးထွက် ပီလောပီနံမှာ မကြာမီကာလများတွင် ပြည်ပဈေးကွက်သို့ ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက် ဝင်ရောက်လာနိုင်မည်ဟု မျှော်လင့် ရပါသည်။
 Source; doa.gov.mm, gov.mm, wikipedia

 

DOCA (ဧရာဝတီ)