Main menu

Background

အိုင်စီတီကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့် မြန်မာ့စီးပွားရေး

Mon, 03/22/2010 - 08:45 -- Anonymous (not verified)

   မျက်မှောက်ခေတ်၌ အခြေခံစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှသည် အဆင့်မြင့်သိပ္ပံနည်းပညာနှင့် အနုပညာနယ်ပယ်များ အထိ ICT (Information and Communication Technology) ကင်းလွတ်သည့်နေရာဟူ၍မရှိ။  စိုက်ပျိုးရေးသမား၊ မွေးမြူရေး သမားမှအစ အနုပညာလုပ်ငန်းများအဆုံး ICT သုံး၍ မိမိတို့အတွက် လိုအပ်သော သတင်းအချက်အလက်များနှင့် နည်းပညာ ဗဟုသုတတို့ကို အချိန်နှင့်အမျှ ရယူသုံးစွဲနေကြ ရ၏။ ယုတ်စွအဆုံး လူသူမရောက် နိုင်သည့် ဟိုးအဝေး တောင်တန်းကြီး များ ပေါ်တွင် နက်နက်ရှိုင်းရှိုင်း လျှို့ဝှက်စွာဖြင့် လူမြင်မခံ ရှင်သန်ရပ်တည်နေ ကြသူများပင်လျှင် ICT ကို လက်ကိုင်ပြု အားထားကြရ သည်သာ။ ဘယ်ကိုသွားသွား၊ ဘယ်နေရာကြည့်ကြည့် အိုင်စီတီကင်းသည့်နေရာမရှိဟုပင်ဆိုရပေမည်။   အိုင်စီတီကြောင့် မိမိတို့လုပ်ငန်းများတွင် ကုန်ကျစရိတ်များသက်သာခြင်း၊ လုပ်ငန်းများလုပ်ဆောင်ရာတွင် ပိုမိုလျင်မြန်လွယ်ကူ လာခြင်း၊ ယှဉ်ပြိုင်ကြိုးစားမှုများတိုးပွားလာခြင်း၊ လုပ်ငန်း ထိန်းချုပ်ကွပ်ကဲမှု ကောင်းမွန်လာခြင်း၊ ဈေးကွက်ချဲ့ထွင်မှုအားကောင်း လာခြင်း၊ မိမိနှင့် ဆက်ဆံလုပ်ကိုင်နေသော ဖောက်သည်များကို စိတ်ကျေနပ်မှုပေးစွမ်းနိုင်ခြင်း၊ တန်ဖိုးသစ်များဖန်တီးနိုင်ခြင်း စသည့် အကျိုးတရားများ ဖြစ်ထွန်းလာသည်ဟု ပညာရှင်များကလေ့လာသုံးသပ်ကြသည်။   သို့ဖြင့် အိုင်စီတီသည် ခေတ်ကာလစီးပွားရေးတွင် အရေးပါသော လုပ်ငန်းကဏ္ဍတစ်ခုဖြစ်လာခဲ့သည်။ လူ့အဖွဲ့အစည်း၊ လူ့ အသိုင်းအဝိုင်းတစ်ရပ်၏ အိုင်စီတီဖွံ့ဖြိုးမှု အနေအထားသည် ထိုအဖွဲ့အစည်း၏ စီးပွားရေးအဆောက်အအုံအပေါ် အနည်းနှင့် အများရိုက်ခတ်လျက်ရှိနေမည်သ ဖြစ်သည်။ တရုတ်နိုင်ငံမှ ပညာရှင် Q Meng က အိုင်စီတီနှင့် GDP အချိတ်အဆက်ကို အောက်တွင်ပြထားသော ပုံစံဖြင့်ဖော်ပြထားသည်။   အထက်ပါဇယားရှိ အောက်ဆုံးမှ ရလဒ်သုံးခုသည် ကူးသန်းရောင်းဝယ်မှုတိုးတက်ရေးအတွက် အရေးပါသော အခြေခံအချက် များဖြစ်သည်။   သို့ဖြစ်၍ ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် အိုင်စီတီမူဝါဒများကိုချမှတ်ကြ၍ အိုင်စီတီဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲ အကောင် အထည် ဖော်လာကြတော့သည်။ ဒေသတွင်းနိုင်ငံများ၏ အိုင်စီတီဦးတည်မှုကို ကြည့်လျှင် ထိုင်းနိုင်ငံသည် ဟာ့(ဒ်)ဝဲဒီဇိုင်းနှင့် ထုတ်လုပ်မှုကို အဓိကဦးတည်၍ လည်းကောင်း၊ ဗီယက်နမ်နိုင်ငံသည် လူထုဆက်သွယ်ရေးလုပ်ငန်းကို အဓိကထား၍ လည်း ကောင်း၊ အိန္ဒိယနိုင်ငံသည် ဆော့(ဖ်)ဝဲနည်းပညာ အခြေခံကုန်ထုတ်လုပ်မှုကို ဇောင်းပေး၍ လည်းကောင်း လုပ်ကိုင်နေကြသည်ကို တွေ့ရသည်။ထွန်းသစ်စစီးပွားရေးနှစ်ခု၏ အိုင်စီတီ   တရုတ်နိုင်ငံ၏ ICT သုံးစွဲမှုမှာ ၂၀၀၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၉၉ ဘီလျံကျော်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ထိုနှစ်အတွင်း ICT သုံးစွဲမှုမှာ ဒေါ်လာ ၃၅ ဘီလျံကျော် ရှိခဲ့သည်။ တရုတ်နိုင်ငံ လူဦးရေ၏ ဆယ်ပုံတစ်ပုံပင်မရှိသော ဖွံ့ဖြိုးပြီး ဂျပန်နိုင်ငံ၏ ၂၀၀၅ ခုနှစ် ICT သုံးစွဲမှုမှာ ၂၉၂ ဘီလျံကျော်ရှိခဲ့သည်။ တရုတ်နိုင်ငံသည် ထိုမှနောက် ငါးနှစ်အကြာတွင် ၎င်း၏ စက်မှုကုန်ထုတ် လုပ်မှုကို ကမ္ဘာ့အဆင့်သို့မောင်းနှင်နိုင်ရန်ရည်ရွယ်၍ လူထုဆက်သွယ်ရေး အခြေခံအဆောက်အအုံကို ဆက်လက်မြှင့်တင်ခဲ့ရာ ပြည်တွင်းအိုင် စီတီလုပ်ငန်း အရှိန်အဟုန်ကောင်းလာခဲ့သည်။   တရုတ်နိုင်ငံရှိ လုပ်ငန်းများ၏ အိုင်စီတီသုံးစွဲမှုမှာ ငါးနှစ်တွင် နှစ်စဉ်ပျှမ်းမျှ ၆ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး ၂၀၀၉ ခုနှစ် တွင် ဒေါ်လာ ၈၅ဘီလျံသို့ရောက်လာခဲ့သည်။ အိန္ဒိယနိုင်ငံရှိ လုပ်ငန်း များ၏ အိုင်စီတီသုံးစွဲမှုမှာ ငါးနှစ်အတွင်း ၁၄ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ခန့်မှန်းထားပြီး ၂၀၀၉ ခုနှစ်တွင် ဒေါ်လာ ၆၃ ဘီလျံကျော်ရှိခဲ့သည်။မြန်မာ့ ICT တစေ့တစောင်းလူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် အိုင်စီတီသင်တန်းများ    လက်ရှိပြည်တွင်း ICT နယ်ပယ်တွင် သင်တန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် (Human Resource) ပိုင်း၌ အားရ စရာအကောင်းဆုံးဖြစ်၏။ သင်တန်းပိုင်းဟုဆိုရာတွင် အစိုးရသင်တန်းကျောင်းများနှင့် ပုဂ္ဂလိက (Private)  ပိုင်းတွင်ပါ နှစ်ဖက် စလုံးကအားကောင်းနေကြသည်။ အစိုးရသင်တန်းကျောင်းများဆိုလျှင် လက်ရှိတွင် တစ်နိုင်ငံလုံး၌ဖွင့်လှစ်ပေးသော အစိုးရ တက္ကသိုလ်ပေါင်း ၂၆ ခုအထိရှိနေ၏။ ထိုအရေအတွက်သည် အချို့သော အရှေ့တောင်အာရှ နိုင်ငံများထက် ပိုမိုများပြားနေ သေး ၏။ ထု့ိပြင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ဦးဆောင်၍ ဂျပန်၊ အိန္ဒိယ စသည့်နိုင်ငံများနှင့် ဆက်သွယ်ပြီး နည်းပညာဖလှယ်ရေး အထူးသင်တန်း (Technology Transfer Tranining) များဖွင့်လှစ်ပို့ချလျက်ရှိသည်။   ပုဂ္ဂလိက၌လည်း သာမန် Internet/e-mail အသုံးပြုသင်တန်းလေးများမှစပြီး နိုင်ငံတကာတက္ကသိုလ်များမှ ဘွဲ့ဒီဂရီ တိုက်ရိုက် ရနိုင်သည့် သင်တန်းများအထိ ပြည်တွင်း၌ နိုင်ငံခြားငွေကုန်ကျမှုသက်သာစွာဖြင့် တက်ရောက်နိုင်၏။ ယခု ၂၀၁၀ နှစ်ဦးပိုင်းတွင် Myanmar Computer Company (MCC) သည် MCC Institute အဖြစ် ရတနာပုံတယ်လီပို့တွင်ဖွင့်လှစ်ခဲ့ကာ နိုင်ငံတကာအသိ အမှတ်ပြု အိုင်စီတီဘွဲ့ဖြစ်သည့် BSc (Hons:)BIT (Greenwich University,UK) များကိုစတင်သင်ကြားနိုင်ခဲ့သည်။ ဆက်၍ လည်း နိုင်ငံတကာအသိအမှတ်ပြု အင်ဂျင်နီယာအဖွဲ့များအား ပြည်တွင်းမှ မြန်မာကျောင်းသားများအတွက် International Campus Life   များအတိုင်းသင်ကြားပေးနိုင်တော့မည်ဟု သိရပါသည်။ ပြည်တွင်း၌ ICT သင်တန်းနှင့် အဆင့်မြင့်သင်တန်း များသည် ရန်ကုန်၊ မန္တလေးစသောမြို့ကြီးများ၌သာ တက်ရောက်နိုင်ပြီး အချို့သောနယ်မြို့များရှိ မြို့ခံ ကျောင်းသား၊ ကျောင်းသူ များအတွက် လိုအပ်နေဆဲဖြစ်နေ၏။ ထို့ကြောင့် ပုဂ္ဂလိကသင်တန်းကျောင်းများအနေဖြင့် နယ်စပ်ဒေသ (Remote Areas) များရှိ လူငယ်များအတွက် ICT သင်တန်းများ ပိုမိုဖွင့်လှစ်သင်ကြားပေးနိုင်လျှင် ICT အရှိန်အဟုန် ပိုမိုရုပ်လုံးကြွလာမည်ဟု ယူဆမိသည်။   ICT သင်တန်းများနှင့် ပတ်သက်၍ နိုင်ငံတကာဈေးကွက် (International Market) အနေဖြင့်ကြည့်လျှင် အခွင့်အလမ်း ကောင်း များစွာရှိနေပါ၏။ အထူးသဖြင့် ASEAN ဒေသတွင်းရှိ စင်ကာပူနိုင်ငံသည် ပညာရေးလုပ်ငန်း(Education Industry) ကို အားပြု၍ တိုးတက်ထွန်းကားလာသော နိုင်ငံတစ်ခုဟု ဆိုနိုင်သည်။ သို့သော် ယခုနှစ်ပိုင်းများအတွင်း စင်ကာပူနိုင်ငံသည် ကမ္ဘာ့စီးပွားရေး အကျပ်အတည်း (World Financial Crisis) ဂယက် ရိုက်ခတ်မှု အပြင် ၎င်းတို့၏ မြေနေရာအနေအထား (Space Limitation) ကြောင့် တက္ကသိုလ်ကြီးများ၊ Institute  ကြီးများ ထပ်မံမတည်ဆောက် နိုင်တော့ဟုဆိုသည်။   မြန်မာနိုင်ငံ၌ ပြင်ဦးလွင်၊ တောင်ကြီးစသော ဒေသများသည် တည်နေရာ (Location) အရ၊ ရာသီဥတုအခြေအနေ (Climate Condition) အရ ပြည်ပမှလာရောက်သင်ယူလိုသူ ကျောင်းသားများ အတွက် နိုင်ငံတကာအဆင့် ဈေးကွက်ဝင် တက္ကသိုလ် ကောလိပ်ကြီး များဖွင့်လှစ်ရန် သင့်လျော်လျက်ရှိ၏။ ပြည်တွင်း ICT ဆက်စပ် Media လုပ်ငန်းများ   ICTဆက်စပ် Media လုပ်ငန်းများကတော့ ယနေ့ခေတ်မှာ အားကောင်းထွန်းကားလာတဲ့ New ICT Business Sector လို့ ဆိုနိုင်ပါသည်။ အထူးသဖြင့် လက်ရှိ ပြည်တွင်းအင်တာနက်သုံးစွဲသူ စုစုပေါင်းဟာ ၂ သိန်းဝန်းကျင်လောက်သာ ရှိသေးပေမယ့် ဒီဘက် နှစ်ပိုင်းများမှာ နိုင်ငံအနှံ့ Internet Cafe များ၊ Public Access Center  (PAC) များ တိုးတက်ဖွင့်လှစ်လာပြီး အင်တာ နက် သုံးစွဲမှု နှုန်းမှာလည်း များစွာတိုးတက်လျက်ရှိနေ၏။ လက်ရှိပြည်တွင်း၌ ရှိသည့် ICT နှင့် Banking Infrastructure အနေအထားများအရ ပြည်တွင်း၌ အီလက်ထရောနစ်သုံးရောင်းဝယ်မှု (E-Commerc) ကို လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း Internet   သုံးစွဲမှုမြင့်မားလာသည်နှင့်အမျှ Internet Advertising, e-market place ကို ပြည်သူလူထုနဲ့ လုပ်ငန်းရှင်များမှ စိတ်ဝင်စားမှုရှိလာကြ ပြီး ကုမ္ပဏီများအနေဖြင့်လည်း E-commerce Transactions များ မပါဝင်သည့်တိုင် Advertising, Information Website များကို အင်တာနက်တွင် အသီးသီးလွှင့်တင်လာကြပြီဖြစ်သည်။   အွန်လိုင်း ဂျာနယ်နှင့် မဂ္ဂဇင်းများအနေနှင့်လည်း 7 Day News,  Myanmar Times,  Shweamyutay.com, Commerce.com စသည့် ဂျာနယ်မဂ္ဂဇင်းများမှ အခပေး ကြည့်ရှုရသည့် Paid Site များမဟုတ်သည့်တိုင် Free Online Journal Magazine များအဖြစ် အင်တာနက်သို့ လွှင့်တင်ထားပြီးဖြစ်သဖြင့် အတန်အသင့် ဖွံ့ဖြိုးနေပြီဟုဆိုနိုင်ပါသည်။ ရှေ့ဆက်၍ စီးပွားဖြစ် လုပ်ငန်းများအဖြစ် ဖွံ့ဖြိုးလာအောင် မြှင့်တင်ဆောင်ရွက်သွားကြ ရန်သာ လိုပါသည်။   လက်ရှိတွင်လည်း ပြန်ကြားရေးဝန်ကြီးဌာနက MRTV - 3 ရုပ်သံလိုင်းအား Myanmar International အမည်ဖြင့် နိုင်ငံတကာ သို့ ၂၄နာရီထုတ်လွှင့်နိုင်ရန်ပြင်ဆင်လျက်ရှိပြီး များမကြာမီ Internet ပေါ်တွင် ကြည့်ရှုလာနိုင်မည်ဖြစ်သည်။ မြန်မာ့ Online နှင့် Digital Media လောကအတွက် တစ်ခေတ်ဆန်းသည့် သင်္ကေတများပင် ဖြစ်သည်။ သို့သော် နိုင်ငံတကာသို့ ထုတ်လွှင့်ပြသကြမည်ဆိုပါက တင်ပြမှုပုံစံ (Presentation Format) များ၊ ပရိသတ်ကို ဆွဲဆောင်နိုင်သည့် ရိုက်ကွင်းရိုက်ကွက် Program များ မြှင့်တင်တင်ဆက်ကြရန်လိုသည်ဟုမြင်မိပါသည်။    လက်ရှိအင်တာနက်သို့ လွှင့်တင်ထားသည့် ပြည်တွင်းအခမဲ့ ဝက်ဘ်ဆိုက်များအနေဖြင့် အခပေး (Paid Site) အွန်လိုင်းဂျာနယ်၊ မဂ္ဂဇင်းများအဖြစ်သို့ ပြောင်းလဲကြမည်ဆိုပါက ရှေးဦးစွာ ၎င်းတို့ ကိုယ်တိုင်က  နိုင်ငံတကာမီဒီယာများမှ  မှီငြမ်းကူးယူထားသည့် သတင်းများကို ပြုပြင်ဆောင်ရွက်ကြရန် လိုအပ်သလို သတင်းဓါတ်ပုံ (News Photos) များ ထည့်သွင်းဖော်ပြကြရာ၌ မူပိုင်ခွင့် (Copyright) များနှင့်အညီ ကျင့်သုံးဆောင်ရွက်နိုင်ကြရန် ကြိုးစားဖို့လိုပါသည်။   ထို့အတူ နိုင်ငံတကာ သတင်းမီဒီယာများနှင့် သတင်းထောက်များ၊ ဌာနေကိုယ်စားလှယ်များ အပြန်အလှန် ထားရှိကြရေး၊ နိုင်ငံတကာ Online Media ဈေးကွက်သို့ ထိုးဖောက်နိုင်ကြရေးတို့အတွက် အဆင့်ဆင့်အကောင်အထည်ဖော် ဆောင်ရွက်သွား ကြရန်လိုအပ်ပါသည်။   အခပေး Online Media များအဖြစ်ပြောင်းလဲကြမည်၊ နိုင်ငံတကာအဆင့်မီ Media များအဖြစ် ပြောင်းလဲသွားကြမည်ဆိုပါ က နိုင်ငံတကာ ပရိသတ်များ ရရှိရန်မှာ အဓိက အရေးပါပါသည်။ သို့ဖြစ်၍ မိမိတို့အမျိုးသားယဉ်ကျေးမှု (National Cuture) ကို လည်း သိမ်မွေ့စွာမျှဝေရင်းဖြင့် နိုင်ငံတကာအဆင့်မီတင်ပြမှုပုံစံများဖြင့် ဆွဲဆောင်မှုရှိရှိ၊ ယုံကြည်မှုအပြည့်ဖြင့် တင်ဆက်လုပ်ကိုင် သွားကြ မည်ဆိုပါက မြန်မာ့ Online Media လောကမှာ နိုင်ငံတကာအဆင့်သို့ မြန်မြန်ဆန်ဆန်ပင် တိုးဝင်လာနိုင်ပေသည်။ ထို့ပြင် ပြည်တွင်း၌ ICT လုပ်ငန်းများ တစ်စထက်တစ်စ ဖွံ့ဖြိုးမှုအရှိန်ရလာနေသဖြင့် ICT သတင်းနှင့် ပညာဗဟုသုတပေး စာစောင်များမှာ လစဉ်ထုတ် လေးစောင်နှင့် အပတ်စဉ်ထုတ် လေးစောင်အထိရှိလာခဲ့ပြီဖြစ်သည့်အပြင် စာဖတ်ပရိသတ် လက်ခံ သည့် အဆင့်တစ်ဆင့်သို့ရောက်ရှိလာခဲ့ကြပြီဖြစ်သည်။ PC ဈေးကွက်  ၁၉၉၀ ပြည့်လွန်နှစ်များက စတင်လည်ပတ်လာခဲ့သည့် မြန်မာ့ကွန်ပျူတာဈေးကွက်က ယနေ့အချိန်မှာ အခြေအနေတစ်ရပ်အထိ ဖွံ့ဖြိုးလာပြီဟု ဆိုနိုင်ပါသည်။ အထူးသဖြင့် ၂၀၁၀ ခုနှစ် မတိုင်မီက ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းဈေးကွက်၌ ကွန်ပျူတာသုံးစွဲမှု နည်းပါးခဲ့သော်လည်း ၂၀၀၁ ခုနှစ် မေလတွင် ပြည်တွင်း အင်တာနက်သုံးစွဲမှုကို  စတင်ခွင့်ပြုခဲ့ပြီးသည့်နောက် ပြည်တွင်း ကွန်ပျူတာသုံးစွဲမှုသည် များစွာမြင့်တက်လာခဲ့၏။ ထို့အတူ ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် မြန်မာ ICT Park (ယခု မြန်မာ Info-Tech) ကို ဖွင့်လှစ်ခဲ့ခြင်းနှင့်အတူ အဆိုပါနှစ်၌ပင် မြန်မာနိုင်ငံ ၏ ပထမဆုံးအိုင်တီဈေးရောင်းပွဲတော် (IT Expo) ကို ပြည်တွင်း ပြည်ပမှ အိုင်စီတီကုမ္ပဏီ ၃၄ ခုဖြင့် စတင်ကျင်းပခဲ့ပြီးနောက် မြန်မာ့ ကွန်ပျူတာဈေးကွက်သည် ယနေ့အထိ တစ်စတစ်စ ကြီးထွားလာ ခဲ့၏။    ယခုအခါ ပြည်တွင်းအိုင်စီတီဈေးကွက်သို့ ပစ္စည်းအသစ်ဝင် ရောက်မှုတွင် စင်ကာပူ၊ အင်္ဂလန်တို့၌ ပစ္စည်းအသစ်တစ်ခုထွက်ပြီး၍ နောက်တစ်ရက် နှစ်ရက်အတွင်း မြန်မာပြည်တွင်းဈေးကွက်၌ ဝယ်ယူ ၍ရသည်အထိ အခြေအနေတိုးတက်လာခဲ့၏။ သို့သော် ကမ္ဘာ့အဆင့် Brand ကြီးများ၏ တရားဝင်ကိုယ်စားလှယ်  နည်းပါးသေးသည့်အတွက် ဈေးနှုန်းကွာဟချက် များလျက်ရှိနေဆဲ ဖြစ်၏။ ယခုနှစ်ထဲတွင် ICT Product များအတွက် အမြတ်ခွန်ရာခိုင်နှုန်းလျှော့ချပေးရန် စီစဉ်ထားပြီးဖြစ်သည့်အတွက် ပြည်တွင်း ဈေးကွက်နှင့် နိုင်ငံ တကာဈေးကွက်အကြား ဈေးနှုန်းကွာဟချက် ကျဉ်းမြောင်းလာနိုင်သည်။   အထူးသဖြင့် ၂၀၀၈ကမ္ဘာ့စီးပွားရေး အကျပ်အတည်း (World Finanical Crisis) ကြောင့် ICT နှင့် ဆက်စပ်ပစ္စည်းများ၏ ဈေး များ များစွာကျဆင်းသွားခြင်းကလည်း ပြည်တွင်းကွန်ပျူတာဈေးကွက် အရောင်းအဝယ်နှင့် ပြည်တွင်းကွန်ပျူတာသုံးစွဲမှုကို မြင့်တက်စေခဲ့သည်။ အထူးသဖြင့် Desktop PC များထက် Lap Top  ကွန်ပျူတာများ၏ ဈေးနှုန်းသည် တစ်နှစ်တာအတွင်း သိသိသာသာ ကျဆင်းခဲ့ပါတယ်။ ယခင် ၁၀ သိန်းဝန်းကျင်ဈေးရှိ Lap Top တစ်လုံးသည် ၅ သိန်းဝန်းကျင်လောက်ထိ ကျဆင်း သွားခဲ့သည့် အတွက် ပြည်တွင်း၌ Lap Top သုံးစွဲမှု များစွာမြင့်တက်ခဲ့၏။ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် Notebook နှင့် Desktop ရောင်းအားမှာ ၅၀း၅၀ ရှိနေရာမှ ၂၀၁၀ နှစ်ဆန်းပိုင်းတွင် ၆၀း၄၀ သို့ပြောင်းလဲလာပြီး notebook  များ ရောင်းအားတက်လာခဲ့ကြောင်း ကွန်ပျူ တာနှင့် ဆက်စပ်ပစ္စည်းများ လက်လီလက်ကား ရောင်းချနေသည့် KMD Centre မှ Product မန်နေဂျာ ကိုစိုးငွေရက ပြောကြား သည်။   ယနေ့ ပြည်တွင်းဈေးကွက်၌ Lenovo, MSI, Suzuki, Toshiba စသည့် Brand ၏ တရားဝင်ကိုယ်စားလှယ် (Country Representative) များလည်း ရှိလာပြီဖြစ်သည်။ ယင်းကဲ့သို့ ကိုယ်စားလှယ်များ ရှိလာခြင်းကလည်း ICT Product များကို မူရင်း ကုမ္ပဏီများ၏ ဈေးအတိုင်း ပြည်တွင်းဈေးကွက်၌ ဝယ်ယူရရှိလာနိုင်စေသည်။ လက်ရှိ ပြည်တွင်းဈေးကွက်၌ Business PC Set တစ်စုံလျှင် ငွေကျပ် နှစ်သိန်းဝန်းကျင်လောက်ဖြင့် ဝယ်ယူနိုင်ပြီး Branded PC တစ်စုံ၏ဈေးနှုန်းများမှာ ကျပ် ၈ သိန်းမှ ၁၀ သိန်း ဝန်းကျင်လောက်အထိရှိသည်။ Lap Top ဈေးကွက်မှာလည်း Used Lap Topများကို ငွေကျပ် ၁ သိန်းဝန်းကျင်လောက်မှစ၍ ရနိုင်ပြီး Brand New Laptop များမှာ ကျပ် ၅ သိန်းမှ ၁၅ သိန်းလောက် အထိ ရှိသည်။ ယခုအခါ ပြည်တွင်းဈေးကွက်အတွင်းသို့ OEM (Originally Equipped Mannfactured) ဟုခေါ်သည့် တံဆိပ်တပ်ထားသော  လက်တော့အသစ်များ  ဝင်ရောက်လျက် ရှိပြီး တစ်ပတ်ရစ် လက်တော့များထက် ပိုမိုအဝယ်လိုက်လာကြောင်း ကွန်ပျူတာဈေးကွက်အတွင်းမှ အရောင်းမန်နေဂျာတစ်ဦး၏ ပြောကြားချက်အရသိရပါသည်။ ခြုံငုံကြည့်လျှင်မူ နိုင်ငံတကာဈေး ကွက်တွင် Hardware ပစ္စည်း၏ဈေးသည် များစွာချိုသာ သော်လည်း Software များ၏ လိုင်စင်ကြေးမှာ အလွန်မြင့်မားနေ၏။ ယနေ့ ပြည်တွင်းဈေးကွက်၌ WIPO Agreement ကြောင့် Software လိုင်စင်ကြေးများ မပေးဆောင်ရသေးသည့်အတွက် Software/ Hardware နှစ်ရပ်ပေါင်း နိုင်ငံတကာဈေးကွက်ထက် ဈေးသက်သာ နေ၏။   အနာဂတ်တွင် AFTA ကြောင့် နိုင်ငံတကာ ICT Brand မျိုးစုံ ပြည်တွင်းဈေးကွက်သို့ ထပ်မံဝင်ရောက်လာနိုင်ပြီး ICT Product  များ၏ ဈေးနှုန်းများလည်း ထပ်မံကျဆင်းလာနိုင်ကာ ပြည်တွင်း ကွန်ပျူတာဈေးကွက်မှာလည်း ယခုထပ်ပို၍ ကျယ်ပြန့် လာနိုင်သည်။Software ဈေးကွက်   လက်ရှိ မြန်မာ့ကွန်ပျူတာဈေးကွက်အနေဖြင့် Hardware Product ပိုင်းတွင် များစွာဖွံ့ဖြိုးမှုရှိပြီး နိုင်ငံတကာ အဆင့်မီ ဖြန့်ချိမှု စနစ်များ၊ Service များဖြင့် လည်ပတ်နေသော်လည်း Software Industry ပိုင်းမှာမူ များစွာအားနည်း နေသေးသည်။ ကုမ္ပဏီတစ်ခုချင်းအနေဖြင့် ပြည်ပသို့ Software တင်ပို့မှုများ၊ Outsourcing Project များရှိသော်လည်း နိုင်ငံ့အတိုင်းအတာ အနေဖြင့် Software Export, Software Industry မှ GDP မည်မျှရပါသည်ဟု မယ်မယ်ရရ ပြောဆိုင်နိုင်ခြင်း မရှိသေးပေ။   Software Industry ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတစ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးပါသဖြင့် မြန်မာ့ Software Industry အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာရေး အတွက် အသိပညာရှင်၊ အတတ်ပညာရှင်များက အဘက်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်ကြရမည်။ အထူးသဖြင့် Software လုပ်ငန်းစနစ်တကျလည်ပတ်နိုင်ရေးအတွက် Cyber Law, Copyright Law  များလည်းလိုအပ်သည်။ ဥပမာအားဖြင့် ပြည်တွင်းမှ Software တစ်ခုရေးပြီး နိုင်ငံတကာသို့ တင်ပို့ရောင်းချမည်ဆိုပါစို့။ မိမိတို့ ကိုယ်တိုင်မှ Microsoft Operating မျိုးကို လိုင်စင် Version နှင့် ဝယ်ယူသုံးစွဲကြဖို့ လိုအပ်လာမည်။ သည့်အပြင် Data Protection, Data လုံခြုံမှုများအတွက် Privacy Protect Act ကဲ့သို့သော ဥပဒေများ လိုအပ်လာမည်ဖြစ်သည်။ သို့မှသာလျှင် ပြည်ပမှ အလုပ်အပ်မည့်သူများမှ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ယုံကြည်စိတ်ချစွာပေးပို့နိုင်ကြမည်ဖြစ် သည်။   တစ်ဖက်တွင်လည်း ပြည်တွင်း IT ဖွံ့ဖြိုးလာဖို့လိုသည်။ အထူး သဖြင့် ICTလုပ်ငန်းနှင့် Software Inducstry များ ပိုမိုဖွံ့ဖြိုး လာရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံ (Infrastructures)  ပိုင်းတွင် လျှပ်စစ်စွမ်းအင်များ ယခုထက်ပိုမိုရရှိလာ ရေး၊ ဆက်သွယ်မှုကွန်ရက် (Communication Network) များ အဆင့်အတန်းပိုမြင့်မားရေး၊ အီလထရောနစ် ကူးသန်းရောင်းဝယ် မှုများ ဖွံ့ဖြိုးရေးတို့သည် မိမိတို့ ဆက်လက်ကြိုးစားကြရမည့် အချက်များဖြစ်၏။   လက်ရှိတွင်လည်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်အပါအဝင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာဝါသနာရှင်အသင်းများဖွဲ့စည်းကာ မြန်မာ  ICT လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာရေးအတွက် အရှိန်အဟုန်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် သည် ICT Industry နှင့် အစိုးရတာဝန်ရှိသူများအကြား ပေါင်းကူးသဖွယ် ဆောင်ရွက်ပေးလျက်ရှိသည်။ အသင်းချုပ်အနေဖြင့် Software Industry ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပြည်တွင်း ICT Standard များသတ်မှတ်ရေး၊ Cyber Law  များ Virus Protection Act များ ပြဋ္ဌာန်းနိုင်ရေး၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက် နိုင်ရေးတို့အတွက် ကြိုးပမ်းလျက်ရှိသည်။   ပြည်တွင်း ICT ကုမ္ပဏီများမှလည်း Software Industry ဖွံ့ဖြိုးလာရေးအတွက် ရနိုင်သည့်အရင်းအမြစ် (Resources) များဖြင့် ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် ပြည်တွင်းဈေးကွက်အတွက် ဦးတည်၍ ဆော့(ဖ်)ဝဲများကိုလည်း ထုတ်လုပ်ရောင်းချ လျက်ရှိသည်။ မိုဘိုင်းဖုန်း Application Software များ၊ မြန်မာ SMS စာတိုပို့စနစ်၊ Mobile Phone Dictionary များ၊ Touch screen phone/ SMART phone များအတွက် မြန်မာစာလက် ကွက် စနစ်များမှာ ထင်ရှားသည့် ဆော့(ဖ်)ဝဲများဖြစ်သည်။ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင်လည်း Alpha ကွန်ပျူတာမှ Window mobile 6.1 ကိုသုံးပြီး ပိဋကတ်သုံးပုံ ကျန်းဂန်များပါဝင်သည့် အိတ် ဆောင် ဒစ်ဂျစ်တယ်တိပိဋကစက်ကို Mandalay ICT Expo 2009 တွင် ဈေးကွက်အတွင်းသို့ စတင်ရောင်းချနိုင်ခဲ့သဖြင့် Myanmar Software Industry မှာ တစ်စထက်တစ်စ ဖွံ့ဖြိုးမှုအရှိန်ရလာပြီဟု ဆိုနိုင်သည်။ သို့ရာတွင် လာမည့်နှစ်အနည်းငယ် အတွင်း မြန်မာ့ Software Industry မှာအခြားသော အာဆီယံဒေသတွင်းနိုင်ငံများ နည်းတူဖွံ့ဖြိုးလာရန် အရှိန်မြှင့်ကြိုးစားရ မည်ဖြစ်သည်။ လူထုဆက်သွယ်ရေးကဏ္ဍ   မြန်မာ့အိုင်စီတီကဏ္ဍတွင် လူထုဆက်သွယ်ရေး အပိုင်းသည် ဖွံ့ဖြိုးမှု အားအကောင်းဆုံးဖြစ်သည်။ လိုင်းဖုန်းများသည် နိုင်ငံအနှံ့ မြို့နယ်အားလုံးသို့ ရောက်ရှိခဲ့ပြီး မိုဘိုင်းဖုန်းများလည်း မြို့ကြီးများစွာတွင် အသုံးပြုနိုင်ကြပြီဖြစ်သည့်အပြင် CDMA ကမ်းရိုးတန်း ဖုန်းများကိုလည်း မြို့ကြီးများတွင် အရေအတွက်များစွာ ရောင်းချပေးလျက်ရှိရုံသာမက အချို့သော ကျေးရွာများထိ သုံးစွဲလာ နိုင်ကြပြီ ဖြစ်သည်။   မိုဘိုင်းဖုန်းများ၏ ဖန်ရှင်များ တိုးတက်သုံးစွဲလာနိုင်ခြင်းနှင့်အတူ ပြည်တွင်းမိုဘိုင်းဖုန်းဈေးကွက်မှာလည်း ဖွံ့ဖြိုးမှု အားကောင်း နေ၏။ မိုင်ဘိုင်းဖုန်းဈေးကွက်တွင် ဟန်းဆက်ဈေးများမှာ ကျပ် ငါးသောင်းဝန်းကျင်မှ ကျပ် ၁၅ သိန်းဝန်းကျင်အထိ ဈေးအမျိုးမျိုးနှင့် အမျိုးအစားစုံလင်စွာ ဝင်ရောက်နေကြသော်လည်း i phone နှင့် blackberry ကဲ့သို့သော တန်ဖိုးမြင့်ဟန်းဆက်များမှာ ဝယ်ယူ သုံးစွဲသူ နည်းကြောင်း Do Co Mo မိုဘိုင်းဖုန်းဆိုင်မှာ မန်နေဂျာ ဦးနေလင်းထွန်းက ပြာကြားပါသည်။ i phoneနှင့် blackberry တို့ကဲ့သို့သော ဟန်းဆက်များမှာ ဝယ်ယူသုံးစွဲသူနည်းသဖြင့် မဆိုသလောက် အရေအတွက်သာ ဆိုင်ပေါ်တင်၍ရောင်းချပြီး မှာယူသူရှိမှသာ ရောင်းချသည်ဟု ၎င်းကပြောကြား၏။ တန်ဖိုးမြင့်ဟန်းဆက်များမှာ အရောင်းအေးသဖြင့် ဆိုင်ပေါ်တွင်ကြာကြာ မိနေပါက ဈေးပြုတ်ကျချိန်နှင့် ကြုံပြီး အရှုံးပေါ်သွားနိုင်သဖြင့် များများစားစားတင်၍ မရောင်းခြင်းဖြစ်ကြောင်း ဦးနေလင်းထွန်းက ပြောကြားသည်။ ဟန်းဆက်ဈေး ကွက်တွင် တရုတ်နိုင်ငံလုပ် ဈေးချိုသည့်နာမည်ကြီး brand များမှာ အရောင်းအသွက်ဆုံးဖြစ်နေ သည်။   မိုဘိုင်းဖုန်းဈေးကွက်အတွင်း prepaid ဖုန်းများ ဝင်ရောက်လာခြင်းသည်လည်း လူထုဆက်သွယ်ရေးကဏ္ဍအတွင်း ဈေးကွက် ဖွံ့ဖြိုးမှုတစ်ခုဖြစ်နေခဲ့သည်။   အင်တာနက်များသုံးစွဲမှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုကျယ်ပြန့်လာနေပြီး အင်တာနက်ဆိုင်များသည် ဆင်ခြေဖုန်းမြို့နယ်များ၏ လမ်းမကြီးများပေါ်တွင်သာမကဘဲ လမ်းသွယ်များအထိပင် ထိုးဖောက်ဝင်ရောက်လာကြပြီဖြစ်သည်။ အချို့သော ဆူပါမားကက် ကြီးများနှင့် စားသောက်ဆိုင်ကြီးများ၌ Wi Fi များ အခမဲ့သုံးဆွဲခွင့်ပေးထားရာ ထိုဆိုင်ကြီးများအတွင်း မိမိတို့၏ လက်တော့လေး များ ယူဆောင်လာကြပြီး စားရင်းသောက်ရင်း အင်တာနက်ကြည့်ကြသည်မှာ စတိုင်တစ်ခုဖြစ်လာပေပြီ။ အင်တာနက်သုံးစွဲမှုများ လာသည်နှင့်အမျှ အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီများလည်း တိုးတက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများတိုးချဲ့လာနိုင်ကြ ၏။ဟာ့(ဒ်)ဝဲများထုတ်လုပ်ရန် ချင့်ချိန်ရမည့်အချက်များ   လူသုံးများသည့် ဟာ့(ဒ်)ဝဲပစ္စည်းများ ပြည်တွင်း၌ထုတ်လုပ်ရန် အလားအလာနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်း ရှင် များအသင်း ဥက္ကဋ္ဌ ဒေါ်ဝါဝါထွန်းက ''လူသုံးများ IT ပစ္စည်းတွေ ပြည်တွင်းမှာထုတ်လုပ်ဖို့ဆိုရာမှာနှစ်မျိုးရှိပါတယ်။ နာမည် ရပြီးသား brand ဥပမာအားဖြင့် Epson, Dell တို့ပေါ့။ အဲဒီလိုကုမ္ပဏီတွေက ပြည်တွင်းမှာစက်ရုံလာတည်ပြီး ထုတ်လုပ်တာမျိုးပါ။ ဗီယက်နမ်တို့ မလေးရှားတို့မှာ ဒီလိုလာရောက်ရင်းနှီးမြှပ်နှံမှုတွေ စန်းပွင့်ပြီး တိုင်းပြည်စီးပွားရေးတက်နေတယ်။ လူတွေအများကြီး အလုပ်အကိုင်တွေရကြတယ်။ နောက်တစ်မျိုးဖြစ်တဲ့ ပြည်တွင်းမှာ ကိုယ်ပိုင်အရင်းအနှီးနဲ့ ကွန်ပျူတာပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်ရုံ  (ဥပမာ Casing, Motherboard, Monitor) တွေတည်ဖို့ကတော့ သေ သေချာချာ စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။ အချက် ငါးချက်ကြောင့်ပါ။ နံပါတ်တစ်ကဈေးကွက်ပါ။    ပြည်တွင်းဈေးကွက်ရဲ့ ဝယ်လိုအားကနည်းနေသေးတယ်။ မြန်မာ့အိုင်စီတီလောကဟာ ကွန်ပျူတာသုံးစွဲတဲ့ ဧရိယာ၊ လုပ်ငန်း၊ ပုဂ္ဂိုလ်တွေ ပိုများလာအောင် စည်းရုံးနေရဆဲအဆင့်ပါ။ လူဦးရေ အချိုးနှုန်းနဲ့တွက်ရင် လက်ရှိမှာ IT သုံးစွဲမှု နည်းနေပါသေးတယ်။ နာမည်မရသေးတဲ့ ပြည်တွင်းထုတ် brand ကို ပြည်ပပို့ဖို့ဆိုရင် တရုတ်နိုင်ငံလုပ်  ဈေးနိမ့်ပစ္စည်းတွေနဲ့ ယှဉ်ပြိုင်ဖို့ခက်ခဲမယ်။ နံပါတ်နှစ်က AFTA အသက်ဝင်လာတဲ့အခါမှာ ပြည်တွင်းထုတ် ဟာ့(ဒ်)ဝဲအများစုဟာ အပြင်ကသွင်းလာတဲ့ ပစ္စည်းတွေထက် ဈေးများနေနိုင်တယ်။ နံပါတ်သုံးကတော့ နည်းပညာတိုးတက်ပြောင်းလဲမှုနှုန်းကသိပ်မြန်တယ်။ ကိုယ့်ပြည်တွင်းကထုတ်လုပ် ထားတဲ့ပစ္စည်းတွေ ဈေးကွက်ထဲမပြန့်ခင်မှာဘဲ ပိုကောင်းတဲ့ ပိုမြင့်တဲ့ IT ထုတ်ကုန်တွေက အပြင်ကနေ ဈေးချိုချိုနဲ့ ဝင်လာရင် အရှုံးပေါ်သွားနိုင်တယ်။ နည်းပညာထုတ်ကုန်ဆိုတာ ''ငါး''ထက်ဆိုးတယ်။ ငါးကမှ မလတ်ရင် ဆားသိပ်ပြီး ငါးပိလုပ်လို့ရသေး တယ်။ ICT ပစ္စည်းတွေကတော့လွှင့်ပစ်ရဖို့တောင် အခက်အခဲရှိနိုင်တယ်လေ။ နံပါတ်လေးက အဆင့်မြင့်နည်းပညာ ပစ္စည်းတွေ ဟာ ရိုဘော့နဲ့လုပ်ရတာ။ High Tech လဲလိုတယ်။ ပါဝါအတိမ်းအစောင်းလဲ မခံဘူး။ နံ ပါတ် ငါးက အဆင့်မြင့်အိုင်တီပစ္စည်း (ဥပမာ Chip)စက်ရုံတွေ တည်ထောင်မယ်ဆိုရင် လူ့စွမ်းအားအရင်းအမြစ်တွေမလုံလောက်သေးဘူး။ ဒီမှာက လုပ်အားခ ဈေးမများပေမယ့် Skill  ကလိုသေးတယ်။ ဒါ့ကြောင့် လွယ်လွယ်တွေးရင် ပြည်တွင်းမှာ ဟာ့(ဒ်)ဝဲတွေ ထုတ်လုပ် သုံးစွဲသူတွေ အတွက် ဈေးသက်သာမယ်ထင်ရပေမယ့် စောစောက ပြောတဲ့ အချက်ငါးချက်ကြောင့် အသေအချာစဉ်းစားရမယ် ထင်ပါ တယ်'' ဟု ၎င်းရဲ့ထင်မြင်ချက်ကို ထုတ်ဖော်ပြောကြားပါတယ်။       တရုတ်နိုင်ငံ ကုမ္ပဏီကြီးတစ်ခုမှ စီးပွားရေးပညာရှင်တစ်ဦးက ၂၁ ရာစုတွင် အိုင်စီတီသည် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အားကောင်းသောမောင်းနှင်အားများဖြစ်လာမည်ဟု သုံးသပ်ထားရာ မိမိနိုင်ငံ၏ အိုင်တီကဏ္ဍဖွံ့ဖြိုးမှုကို မျက်ခြေပြတ်ခံ၍မဖြစ်ပေ။ မြန်မာနိုင်ငံအနေဖြင့် အိုင်တီကဏ္ဍတွင် လူထုဆက်သွယ် ရေးအပိုင်း၌ ဖွံ့ဖြိုးမှု အရှိန်ကောင်းရနေသော် လည်း ကွန်ပျူတာအပိုင်းတွင် တိုးတက်မှုအရှိန်မြှင့်တင်ရန် လိုနေသေးသည်ဟု အိုင်စီတီနယ်ပယ်မှ ပညာရှင်များက လေ့လာ သုံးသပ်ကြသည်။ အထူးသဖြင့် ဆော့(ဖ်)ဝဲအပိုင်းတွင် နိုင်ငံတကာနှင့် အမီဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရန် များစွာကျန်ရှိနေ သေးရာ နိုင်ငံသားများက မိမိတို့ကဏ္ဍအလိုက် တစ်ထောင့်တစ်နေရာမှာ ဝိုင်းဝန်းကြိုးပမ်းကြမည်ဆိုလျှင် ခေတ်မီဖွံ့ဖြိုး တိုးတက် သော နိုင်ငံတော်သစ်တည်ဆောက်ရေး ရည်မှန်းချက်မှာမဝေးသော အနာဂတ်ကာလတွင် ပီပီပြင်ပြင်ဖြစ်လာမည်ဟု ယုံကြည်မိ ပါတော့သည်။