ကမ္ဘာမှာ သကြားတင်ပို့မှု ဒုတိယအများဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ သကြား ထုတ်လုပ်မှုဟာ နိုဝင်ဘာလမှာစမယ့် ယခုရာသီမှာ တတိယမြောက်နှစ်အဖြစ် စံချိန်တင်ဦးမယ်လို့ သိရပါတယ်။ သကြားစက်များက မြင့်တက်နေတဲ့ဒေသတွင်း ဝယ်လိုအားဖြည့်ဆည်းဖို့ ၎င်းတို့ရဲ့ စက်စွမ်းအားများ မြှင့်တင်ခဲ့တာကြောင့်လို့ ထိုင်းသကြားလုပ်ငန်းရှင်များ ကော်ပိုရေးရှင်း အမှုဆောင်ဥက္ကဋ္ဌ Vibul Panitvong ကဆိုပါတယ်။ ကြံရိတ်သိမ်းမှုက စုစု ပေါင်း တန်ချိန် ၁၀၃ သန်းမှ ၁၀၅ သန်းရှိနိုင်လို့ သကြားထုတ်လုပ်မှုအနေနဲ့ တန်ချိန် ၁၀ ဒသမ ၅ သန်းမှ ၁၀ ဒသမ ၇ သန်းခန့် အထိ ရှိနိုင်တယ်လို့ဆိုပါတယ်။ ထိုင်းသကြားစက် လုပ်ငန်းရှင်များ ကော်ပိုရေးရှင်းကို နိုင်ငံရဲ့သကြားစက် ၄၇ ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ လာမယ့်နှစ်မှာ သကြားတန်ချိန် ၈ သန်း ကျော်အထိ တင်ပို့နိုင်လိမ့်မယ်လို့လည်း ၎င်းကဆိုပါတယ်။ သကြားထွက်ရှိမှု တိုး တက်ခြင်းက ဝယ်လိုအား ဆက်ပြီးကောင်းနေတဲ့အာရှကို ရောင်းချမှုမြှင့်တင်နိုင် လိမ့်မယ်လို့ Vibul ကဆိုပါတယ်။ စီးပွားရေးတိုးတက်မှုက သကြားဝယ်လိုအားကို ကြီးမားစေတာကြောင့် ဒေသတွင်းဟာ ရေရှည်မှာသကြားမလုံလောက်မှုနဲ့ ရင်ဆိုင် နိုင်ရတယ်လို့ဆိုပါတယ်။ ကြံဈေးနှုန်းက တောင်သူတွေကို ဆွဲဆောင်နိုင်တဲ့ဈေး ဖြစ်နေတဲ့အပြင် လာမယ့်နှစ်မှာ သကြားစက်အသစ် ၅ လုံး တပ်ဆင်မှာဖြစ်လို့ သကြားထုတ်လုပ် မှုရော၊ တင်ပို့မှုမှာပါ စံချိန်သစ်ချိုးလိမ့်မယ်လို့ Vibul ကဆိုပါတယ်။ လာမယ့် ၃ နှစ်မှ ၅ နှစ်အတွင်း ကြံထုတ်လုပ်မှုက ထပ်မံတိုးတက်ပြီး တန်ချိန် ၁၃၀ သန်းအထိ ရောက်ရှိလိမ့်မယ်လို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု ICE ကြိုပွိုင့်ဈေး ကွက်မှာ သကြားကြမ်းဈေးဟာ လွန်ခဲ့တဲ့ ၁၂ လကျော်မှာ ၁၈ ရာခိုင်နှုန်း ကျ ဆင်းခဲ့ပါတယ်။ စင်ကာပူမှာ ဇူလိုင်လ တင်ပို့ရမယ့် စာချုပ်ဈေးဟာ တစ်ပေါင် ကန်ဒေါ်လာ ၁၉ ဒသမ ၉၈ဆင့် (တစ်တန်ကန် ဒေါ်လာ ၄၄၀)နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ Vibul ရဲ့ ကြံထွက်ရှိမှု ခန့်မှန်းချက်နဲ့နှိုင်းယှဉ်ပြီး အစိုးရ ကြံနဲ့ သကြားဘုတ်အဖွဲ့ရုံးရဲ့ ခန့်မှန်းမှုအလားအလာအရ နောက် ရာသီမှာ ကြံတန်ချိန် သန်း ၁၀၀ မှ သကြားတန်ချိန် ၁၀ ဒသမ ၄ သန်း ထွက်မယ်လို့ အထွေထွေ အတွင်းရေးမှူးကဆိုပါတယ်။ အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ကလည်း ယခုရာသီမှာ သကြားတန်ချိန် ၁၀ ဒသမ ၄၂ သန်းထွက်ရာမှ ၂၀၁၂-၁၃ မှာ တန် ချိန် ၁၀ ဒသမ ၈၅ သန်း ထွက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပြန်ပါတယ်။ ထိုင်းသကြားစက်လုပ်ငန်းရှင်များဟာ ပြိုင်ဘက်ဘရာဇီးရဲ့ထုတ်လုပ်မှုကို အမီ လိုက်နိုင်ဖို့ ၎င်းင်းတို့ရဲ့ သကြားအရည်အသွေးများ တိုးမြှင့်ဖို့နဲ့ အာရှနဲ့အရှေ့ အလယ်ပိုင်းနိုင်ငံတွေကို တိုးမြှင့်တင်ပို့ဖို့ အစီအစဉ်များချမှတ်ဆောင်ရွက်နေ တယ်လို့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ Vibul က ဆိုပါတယ်။ ဘရာဇီးနိုင်ငံဟာ ကမ္ဘာ့သကြားအများဆုံး တင်ပို့သူဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ အာရှနိုင်ငံတွေကို အများဆုံးရောင်းချတဲ့အပေါ် အကျိုးရရှိနေတယ်လို့ဆိုပါတယ်။ ယမင်းခင်၊Source: businessweek.com
Background