Main menu

Background

အိန္ဒိယ မုတ်သုံမိုးနဲ့ လတ်တလောပဲစိုက်ပျိုးမှု

Sun, 06/24/2012 - 04:40 -- Anonymous (not verified)

        အိန္ဒိယနိုင်ငံမှာ စိုက်ပျိုးမြေရဲ့ ၅၅ရာခိုင်နှုန်းဟာ မိုးရေအပေါ်လုံးဝအားထားနေရတာဖြစ်လို့ မုတ်သုံမိုးဟာ အိန္ဒိယအတွက် အလွန်ပဲ အရေးပါလှပါတယ်။ စိုက်ပျိုးရေးကဏ္ဍကနေ နိုင်ငံစီးပွားရေးရဲ့ ၁၅ ရာခိုင်နှုန်းကိုသာ ဝင်ငွေ တိုးစေတာမှန်ပေမယ့် ကျေးရွာနေ ပြည်သူသန်းပေါင်းများစွာကို စိုက်ပျိုးရေးကဏ္ဍက သက်ရောက်စေပြီး၊ မိုးရွာသွန်းမှုနည်းရင် စားသောက်ကုန် ဈေးနှုန်းမြင့်တက်စေကာ တစ်နိုင်ငံလုံးရဲ့ ငွေကြေးဖောင်းပွမှုကိုလည်း ကြီးမားစေတာကြောင့် မုတ်သုံမိုးက ကျယ်ကျယ် ပြန့်ပြန့်ကို ထိခိုက်စေတာဖြစ်ပါတယ်။    ၂၀၁၂ ရဲ့ မုတ်သုံရာသီအစကို လေ့လာကြည့်ရင် ဇွန်အတွင်းမှာ မိုးရွာသွန်းမှုက ပုံမှန်အောက် ၄၀ ရာခိုင်နှုန်းသာရှိပြီး၊ မုတ်သုံအဝင်ကလည်း အချို့ကမ်းရိုးတန်းကို  ၆ ရက်ခန့် နောက်ကျခဲ့တယ်လို့ သိရပါတယ်။ ဂျပန်မိုးလေဝသပညာရှင်များရဲ့ ခန့်မှန်းချက်အရယခုနှစ်အိန္ဒိယနိုင်ငံဒေသအများစုမှာ မိုးရွာသွန်းမှုက ပုံမှန်အောက် ရောက်မယ်လို့ ခန့်မှန်းထားပြီး၊ မိုးခေါင် ခြောက်သွေ့မှုက ဒေသတွင်း တောင်သူတွေကို ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ အိန္ဒိယမိုးလေဝသဌာနမှ ဖော်ပြတာကတော့ မုတ်သုံမိုးက ပုံမှန်ပဲလို့ ဆိုပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေ အရ မိုးအဝင်နောက်ကျလို့ အချို့ဒေသတွေမှာ စိုက်ပျိုးမှု စတင်ဖို့ နှောင့်နှေးတယ်လို့ သိရပါတယ်။    မုတ်သုံမိုးက နောက်ရက်တွေမှာ ပြန်ကောင်းလာဖွယ်ရှိတယ်လို့ အချို့က မျှော်မှန်းလျက်ရှိကြပေမယ့် စိုက်ပျိုးရေး ပညာရှင်အချိုကတော့ ယခုရာသီအစပိုင်းမှာ သီးနှံများအတွက် မိုးရေများများ လိုနေတဲ့အချိန် ခြောက် သွေ့မှုကို စိုးရိမ်သလို အယ်နီညို ရာသီဖြစ်စဉ်ဖြစ်လာဖွယ်ရှိတာကြောင့် လာမယ့်လတွေမှာ ဖြစ်လာနိုင်တဲ့ ရာသီဥတုခြောက်သွေ့မှုအပေါ်ကိုလည်း စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် အိန္ဒိယမိုးလေဝသဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်LS  Rathorc  ကတော့ မိုးရွာသွန်းမှုအားနည်းခြင်းကို စိုးရိမ်ဖို့အတွက် အလွန်ကိုစောပါသေးတယ်လို့ ဆိုပါတယ်။ ယခုအချိန်က မုတ်သုံရဲ့ ကနဦး အခြေအနေပဲ ဖြစ်ပါတယ်။ ဒီအချိန်က နွေသီးနှံအတွက် စိုးရိမ်စရာလဲမရှိပါဘူး။ ဒီနိုင်ငံမှာ သီးနှံရာသီချိန်က အလွန်ကျယ်ပြန့် တဲ့အတွက် စိုက်ပျိုးဖို့ အချိန်တွေအများကြီးရှိသေးတယ်လို့ ၎င်းက ဆိုပါတယ်။    စိုက်ပျိုးရေးဆိုင်ရာ မူဝါဒနဲ့ သုတေသနစင်တာမှ ဝါရင့်သိပ္ပံပညာရှင်  RS  Sharma  လို သီးနှံကျွမ်းကျင်သူတွေ ပြောကြား တာကတော့ အယ်နီညိုဖွံ့ဖြိုးမှု ရိုက်ခတ်ချက်ရှိလို့ အစောပိုင်းမိုးက အလွန်အရေးပါပါတယ်လို့ ဆိုပါတယ်။ ဩဂုတ်- စက်တင် ဘာ မှာ အယ်နီညိုဝင်လာနိုင်တဲ့ အခွင့်အရေးရှိလို့ မိုးအချိန်မှန်ဝင်ရောက်မှုက အရေးပါဆုံး အချက်ဖြစ်ပါတယ်။ အကယ်လို့ စိုက်ပျိုးမှု နောက်ကျရင် အဓိကသီးနှံတွေကို ထိခိုက်မှုရှိသလိုဆောင်းသီးနှံအတွက်လည်း အစိုဓာတ်များနေလို့ ဆောင်းသီးနှံ စိုက်ပျိုးမှုပါ နောက်ကျနိုင်တယ်လို့ ဆိုပါတယ်။ မိုးရွာသွန်းမှု သီတင်းနှစ်ပတ်ကျော်နောက်ကျရင် ဆီထွက်သီးနှံ၊ စပါးနဲ့ လူးဆတ် တို့ရဲ့ အထွက်နှုန်းကို ထိခိုက်စေပေမယ့် ပဲမျိုးစုံအတွက် တော့ စိုက်ပျိုးမှုနောက်ကျရင် အသီးဆုံးရှုံးမှု နည်းစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ မိုးနောက်ကျရင်  အဓိကသီးနှံစိုက်ဧကကိုလျှောြ့ပီး၊ စောစောထွက်မယ့်သီးနှံနဲ့ ပဲမျိုးစုံကို အစားထိုးစိုက်ခြင်းဖြင့် ဆုံးရှုံးမှုနည်းစေမယ် လို့လည်း ၎င်းတို့က အကြံပြုထားပါတယ်။    ပဲဈေးကွက်မှာတော့ အိန္ဒိယတောင်ပိုင်းပြည်နယ်တွေမှာ မိုးနောက်ကျနေပြီး၊ ဆက်လက်ပြီးလည်း မိုးနှောင့်နှေးမှာဖြစ်လို့ ပဲစိုက်ပျိုးမှုကို ထိခိုက်နိုင်တဲ့အပေါ် စိုးရိမ်မှုတွေရှိတယ်လို့ လယ်ယာသုတေသနခေါင်းဆောင်  Ajifesh  Mulllick မှ ဆိုပါ တယ်။ ဒါပေမယ့်လည်းလာမယ့်သီတင်းပတ်တွေမှာ မိုးပြန်ရွာလာရင်တော့ စိုးရိမ်မှုကနေ သက်သာရာရနိုင်တယ်လို့ ဆိုပါတယ်။    အိန္ဒိယနိုင်ငံမှာ မိုးပဲကို ပျမ်းမျှဟက်တာ သိန်း ၁၀ဝ ကျော်ဝန်းကျင်စိုက်ပျိုးလေ့ရှိပြီး၊ မိုးပဲမျိုးစုံတန်ချိန် ၅ သန်းမှ ၇ သန်းဝန်းကျင်ထုတ်လုပ်ပါတယ်။ မိုးပဲစိုက်ပျိုးမှု စာရင်းအတွက် ပထမအကြိမ်ခန့်မှန်းချက်ကို အစိုးရက ဇူလိုင်လ ပထမပတ် လောက်မှာ ထုတ်ပြန်လေ့ရှိပါတယ်။ လက်ရှိစိုက်ပျိုးမှုအနေနဲ့ အချို့ဒေသတွေမှာ မိုးပါးနေသေးတဲ့အတွက် စိုက်ပျိုးမှုနည်း နေသေးပေမယ့် အချို့ဒေသတွေမှာတော့ စိုက်ပျိုးမှု အရှိန်ရနေပြီလို့ သိရပါတယ်။    အင်ဒရာပရာဒေ့ရှ်ပြည်နယ်မှ အစိုးရမှ ထုတ်ပြန်ချက်အရ ၂၀၁၂ ဇွန် ၆ ရက်အထိ ပဲဟက်တာ သုည ဒသမ ဝ၁၁ သိန်း စိုက်ပျိုးပြီဖြစ်လို့ ယခင်နှစ် ကာလတူ စိုက်ပျိုးမှုဟက်တာ သုည ဒသမ ဝ၉ သိန်းထက် လျော့နည်းကြောင်း သိရပါတယ်။    ကာနာတာကာမှာ မိုးအကြိုရွာသွန်းမှုကြောင့် စိုက်ပျိုးမှု ၂၀ ရာခိုင်နှုန်းကျော်ပြီးစီးပြီလို့ သိရပါတယ်။ ဒါ့အပြင် ယခင်နှစ်က မိုးခေါင်ခြောက်သွေ့တဲ့ Kadur  taluk  မှာ ယခုနှစ်မိုးရေများစွာရရှိခဲ့လို့ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲပိစပ်တို့ စတင်စိုက်ပျိုးနေပြီလို့ သိရပါတယ်။ ကာနာတာကာပြည်နယ်ရဲ့ Hosadurga  မှာ ပဲတီစိမ်းဟက်တာ ၇၀၂၀ နဲ့ ပဲစင်းငုံ ၁၁၄ ဟက်တာ စိုက်ပျိုးပြီးကြောင်းသိရပါတယ်။ လတ်တလောမှာ အပင်ပေါက်အရွယ်ရှိပြီလို့ သိရပါတယ်။        ယမင်းရွှေစင်၊Source: economic times.business  times