Main menu

Background

ပြည်တွင်းသကြားဈေးတည်ငြိမ်ပြီး ပြည်ပသကြားထက်ဈေးနည်း၍ ပြည်ပမှ သကြားအဝင်မရှိသလောက်နည်း

Mon, 07/02/2012 - 07:26 -- Anonymous (not verified)

    ယခုနှစ် ပြည်တွင်းသကြားဈေးနှုန်းမှာ ဈေးနည်းပြီးဈေးနှုန်းငြိမ်နေခြင်းကြောင့် ပြည်ပမှသကြားများနယ်စပ်မြို့ အချို့ တွင်သာ အဝင်ရှိပြီး၊ ပြည်တွင်းကို အဝင်မရှိသလောက်နည်းကြောင်း သကြားစက်ပိုင်အချို့ထံမှ သိရပါတယ်။    သကြားစက်လုပ်ငန်းရှင်တစ်ဦးက '' ပြည်တွင်းသကြားဈေးနှုန်းကဈေးပေါတယ်။ ဈေးပေါပေမယ့် တောင်သူ တွက်ခြေကိုက် တဲ့ဈေးမို့ အမြတ်မများတာဘဲရှိပါတယ်။ မတ်လပိုင်းမှာ ပွက်သားပေါ်စက တစ်ပိဿာကို ကျပ် ၄၀၀ အောက် ကျသွားခဲ့တယ်။  အများပိုင်ကုမ္ပဏီဖွဲ့ပြီး တောင်သူအရှုံးမရှိအောင် ဈေးဆွဲတင်ပြီး ဝယ်ပေးခဲ့တယ်။ ကျပ် ၄၄၀ နဲ့ဝယ်ယူပြီး ပွက်ရည်ဈေး ထိန်းညှိ ပေးခဲ့တယ်။ ဝယ်ထားတဲ့ပွက်သားတွေကို ပေါင်းစက်ငှားပြီး လည်ပေးခဲ့တယ်။ ဒါကြောင့် တောင်သူအရှုံးနဲ့ ရင်မဆိုင်ရတာ။ ကသာမှာ သကြားစက်တည်ပြီးရင်လည်း ဒီပြဿနာတွေမရှိ နိုင်တော့ဘူး။ ပွက်သားဈေးသာ ၄၀၀ ကျပ် အောက်ဆင်း ရင် တောင်သူက အရှုံးပေါ်ပြီးလာမယ့်နှစ်မှာလည်း အခြားသီးနှံပြောင်းပြီး စိုက်ပျိုးနိုင်တယ်။ ဈေးတည်တံ့ရင် ကြံစိုက်များမယ်။ ဒီနှစ်ဆို ဈေးကျပေမယ့် ဈေးတည်ငြိမ်နေတော့ ယိုးဒယား၊ အိန္ဒိယ၊ ဘရာဇီးသကြားတွေ မဝင်နိုင်တော့ စက်ပိုင်တွေ အတွက်လည်း အဆင်ပြေတယ်။ ဒီနှစ်မှာ တရုတ်နိုင်ငံဘက်ကို တန် ၅၀၀၀-၇၀၀၀ ကြားဝန်းကျင် တင်ပို့ရောင်းချမှုရှိခဲ့တယ်။ တရုတ်နိုင်ငံဘက်ကို ဒီဘက်က တရားဝင်ရောင်းချခွင့်ရပေမယ့် တရုတ်နိုင်ငံဘက်က တရားဝင်တင်သွင်းခွင့်မပြုတော့ ရေရှည် ခန့်မှန်းရခက် ပါတယ်။ နှစ်နိုင်ငံကုန်သွယ်ရေးဌာနချင်း ညှိနှိုင်းဖြေရှင်းပေးမယ်ဆို ပြည်ပဈေးကွက် ဆက်ကောင်းနိုင်မယ်" လို့ ပြောပါတယ်။    ယခုအခါမှာ ဈေးကွက်ထဲမှာ ကုန်ကြမ်းရှားနေပြီး လှောင်ကုန်များ ထုတ်ရောင်းတဲ့အချိန် ဖြစ်ပါတယ်။ ဈေးနှုန်း အတက်အကျမများဘဲတည်ငြိမ်နေခြင်းကြောင့် ပြည်တွင်းမှ ပြည်တွင်းသကြားသုံးစွဲမှုများကြောင်း၊ ယခုနှစ်မှာ ကြံထွက်နှုန်း ကောင်း ခဲ့ကြောင်း သိရပါတယ်။ တောင်သူများ ကြံထွက်ကောင်းတဲ့ မျိုးများရရှိဖို့ စံပြစိုက်ကွက် များစိုက်ပြီး၊ ဖြန့်ဝေပေးသွားမှာ ဖြစ်ကြောင်း၊ စံပြစိုက်ကွက်စီမံကိန်းအား ဆောင်းရာသီစိုက်ပျိုးမှုအမီ အကောင် အထည် ဖော်မှာဖြစ်ကြောင်း သိရပါတယ်။    ဇွန် ၂၇ ရက်က ပေါင်းသကြား စီမံကိန်းတစ်ပိဿာ ၉၁၀ ကျပ်၊ (B) အဆင့် ၈၉၀ ကျပ်၊ (C) အဆင့် ၈၈၅ ကျပ်ဈေးရှိပြီး၊ တင်လဲရည် ၂၆၀ ကျပ်- ၂၆၅ ကျပ်၊ ပွက်သား ၅၂၀ - ၅၅၀ ကျပ်၊ ခါသကြား ၆၂၀ ကျပ် - ၆၃၀ ကျပ်၊ ခါစက်ကျရည် ၂၇၀ ကျပ် - ၂၇၅ ကျပ်ဈေးရှိကြောင်း သိရပါတယ်။                                                        ဇူးဇူး