Main menu

Background

ရာရှင်ဆိုင်များမှ ပဲလျှော့ဈေးနဲ့ ရောင်းချမှုကို အိန္ဒိယအစိုးရ ပြန်လည်စတင်နိုင်

Sun, 07/22/2012 - 05:34 -- Anonymous (not verified)

    ယခုနှစ်မုတ်သုံမိုးနည်းတာကြောင့် ပဲမျိုးစုံ ထုတ်လုပ်မှု လျော့ကျနိုင်တဲ့အပေါ် စိုးရိမ်မှုတွေအရ အိန္ဒိယအစိုးရက သာမန်ပြည်သူများ ဈေးကြီးပေးဝယ်ရမှု သက်သာရာရစေဖို့ အတွက် ရာရှင်ဆိုင်များမှတစ်ဆင့် ပဲလျှော့ဈေးနဲ့ ရောင်း ချမယ့် အစီအစဉ်ကို ပြန်လည်စတင်ဖို့ စဉ်းစားနေပါတယ်။ ပဲမျိုးစုံထုတ်လုပ်မှု ကျဆင်းမှာဖြစ်တဲ့အတွက် အချို့သော ဆောင်ရွက်မှုတွေ တင်ပြထားတယ်လို့ စားနပ်ရိက္ခာဝန်ကြီး ကေဗွီသောမတ်စ်မှ ပြောကြားပါတယ်။    လျှော့ဈေးနှုန်းနဲ့ အများပြည်သူဖြန့်ဝေရေးစနစ် (PDS)  မှ တစ်ဆင့် တင်သွင်းပဲများ ဖြန့်ဖြူးရေးအစီအစဉ် ပြန်စတင် မှုနဲ့ ပတ်သက်လို့ စားနပ်ရိက္ခာဝန်ကြီးနဲ့ စိုက်ပျိုးရေးဝန်ကြီးတို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဆင်းရဲမှု လိုင်းအထက် (APL)နဲ့ ဆင်းရဲမှုလိုင်းအောက် (BPL)ရှိတဲ့ မိသားစုများကို PDS  မှတစ်ဆင့် တစ်ကီလို ရူပီး ၁၀(ကန်ဒေါ်လာ သုည ဒသမ ၁၈) လျှော့ဈေးနဲ့ ပဲမျိုးစုံထောက်ပံ့မှုကို ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ အထိ ပဲမျိုးစုံ ဖြန့်ဝေရေး အစီအစဉ် ရှိပေမယ့် ယခင်နှစ် အဲဒီအစီ အစဉ်မှာ ဝယ်ယူမှု နည်းတဲ့အတွက် ပြည်နယ်များက အဲဒီ အစီအစဉ်ကို ရပ်တန့်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒါ ကြောင့် ပိုမိုကောင်းမွန်တဲ့ အစီအစဉ်နဲ့ ဒီအစီအစဉ်ကို ပြန် လည်စတင်ရေး စဉ်းစားဖို့ စိုက်ပျိုးရေးဝန်ကြီးနဲ့ ဆွေးနွေးရခြင်း ဖြစ်တယ်လို့ သောမတ်စ်မှ ဆိုပါတယ်။    အဲဒီအစီအစဉ်အောင်မြင်စွာ အကောင်အထည်ဖော်ဖို့ ထောက်ပံ့မှု ၁ကီလို ရူပီး ၁၀ ထက်ပိုတိုးမြှင့်ဖို့လည်း ၎င်းတို့ ဝန်ကြီးဌာနမှစဉ်းစားလျက်ရှိပြီး၊ ဘဏ္ဍာရေးနဲ့ စိုက်ပျိုးရေး ဝန်ကြီးများနဲ့လည်း ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ လျှော့ ဈေးနှုန်းပိုမိုတဲ့ ပဲဖြန့်ဝေရေး အစီအစဉ်သစ်အတွက် ပြင်ဆင် လျက်ရှိကြောင်း၊ သို့မှသာဈေးနှုန်း ထိန်းချုပ်နိုင်မှာ ဖြစ် ကြောင်း ၎င်းက ထပ်လောင်းပြောကြားပါတယ်။    ပဲမျိုးစုံထုတ်လုပ်မှုက ၂၀၁၀-၁၁ မှာ တန်ချိန် ၁၈ ဒသမ ၂၄ သန်းအထိ စံချိန်တင်ခဲ့ရာမှ ၂၀၁၁-၁၂ မှာ တန်ချိန် ၁၇ ဒသမ ၂၁ သန်းကို လျော့ကျခဲ့ပါတယ်။ ယခုနှစ် မိုးရွာသွန်းမှုက ၂၀ ရာခိုင်နှုန်းခန့် လျှော့နည်းနေဆဲ ဖြစ်လို့ စပါး၊ ပဲမျိုးစုံ၊ နှံစားသီးနှံနဲ့ ဆီထွက်သီးနှံစိုက်ပျိုးမှုကို ထိခိုက်လျက်ရှိပါတယ်။ ယခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ အထိ ပဲစိုက်ပျိုးမှုက ဟက်တာ ၂၀ ဒသမ ၅၄ သိန်းရှိလို့ ယခင်နှစ် ကာလတူ စိုက်ပျိုးမှု ဟက်တာ ၃၂ ဒသမ ၈၃ သိန်းနဲ့ယှဉ်ရင် ၃၇ ရာခိုင်နှုန်းလျော့တယ်လို့ သိရပါတယ်။    အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ပဲမျိုးစုံအများဆုံး ထုတ်လုပ်သူ ဖြစ်သလို၊ အများဆုံး စားသုံးသူလည်း ဖြစ်တဲ့အတွက် ၂၀၁၁-၂၀၁၂ မှာ ပဲမျိုးစုံ တန်ချိန် ၂ ဒသမ ၈ သန်းတင်သွင်းခဲ့ရပြီး၊ ၂၀၁၀-၂၀၁၁ မှာတန်ချိန် ၂ ဒသမ ၆၉ သန်း တင်သွင်းခဲ့ ပါတယ်။ ပြည်တွင်းဝယ်လိုအားမှာ တန်ချိန် ၁၈ ဒသမ ၈၄ သန်း ဝန်းကျင်ရှိပါတယ်။                  ယမင်းခင်၊ PTI