ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ရန်ကုန် ဝယ်လက်ပါးသွားပြီး၊ ဒေသတွင်းစက်သမားနဲ့ လက်လီအဝယ်သာ ရှိခဲ့ကာ ဈေးအနည်းငယ်အေးသွားခဲ့တာ တွေ့ရပါတယ်။
ယခုတစ် ပတ် ကုလားပဲမျိုးစုံပေါက်ဈေးအနေနဲ့ ယခင်အပတ်ကထက် တစ် တင်း ၂၀၀၀ ကျပ်နီးပါး ဈေးကျသွားခဲ့ကာ ထိုင်ဝမ်တစ်တင်း ၂၁၈၀၀ ကျပ်၊ V2 တစ်တင်း ၂၂၅၀၀ ကျပ်နဲ့ 929 တစ်တင်း ၂၂၀၀၀ ကျပ်နဲ့ အသီးသီး အနိမ့်ဆုံးဖြစ်ပေါ်ခဲ့ပါတယ်။ အရောင်းအဝယ်အားဖြင့် တစ်ပတ်အတွင်း ကုလားပဲမျိုးစုံတင်း ၈၀၀၀ မှ ၁၀၀၀၀ ကြားသာ ဖြစ်ခဲ့ပြီး ရန်ကုန်လက်ကတော့ ဈေးအဖွင့်နိမ့်တဲ့ရက်မျိုးမှပဲ အဝယ် အနည်းငယ်ရှိခဲ့တယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။ ယခုရက် ပတ်အတွင်း မုံရွာကနေရန်ကုန်ကို ရေယာဉ်နဲ့ 929 အိတ် ၂၀၀၀ ခန့်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီကလည်း တစ်ပတ်အတွင်း အရောင်းအဝယ်သွက်ခဲ့ ပြီး ဈေးကတော့ ယခင်အပတ်ကထက် တစ်တင်း ၁၈၀၀ ကျပ်ထိ ကျဆင်းခဲ့တာ တွေ့ရပါတယ်။ ဝယ်လက်အနေနဲ့ ရန်ကုန်အိတ်စပိုတာအတွက် အဝယ်တော် တွေ လှုပ်ရှားခဲ့ကြပြီး ရောင်းလက်အနေနဲ့ ယခင်တစ်တင်း ၁၄၀၀၀ ကျပ်ဝန်းကျင်က ဝယ်ထားသူတွေအမြတ်ရလို့ ထုတ်ရောင်းကြတာ ဖြစ်တယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က သိရပါတယ်။ တချို့ကုန်သည် တွေကတော့ ယခင်ကဝယ်ဈေးမြင့်ခဲ့ကာ ဆေးအုပ်ခ၊ ဂိုဒေါင်ခနဲ့ အလေအလွင့် စရိတ်တွေမြင့်ခဲ့လို့ တက်ဈေးမျှော်ရင်း ဆက်လက် သိုလှောင်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအပတ်ထဲမှာ တစ်တင်း ၂၀၃၀၀ ကျပ်၊ အမြင့်ဆုံးပေါက်ခဲ့ပြီး အနိမ့်ဆုံး တစ်တင်း ၁၉၇၀၀ ကျပ်အထိ ဈေးအေးခဲ့ပါတယ်။ အရောင်းအဝယ်အားဖြင့် ယခုတစ် ပတ်အတွင်း တင်း ၃၀၀၀၀ မှ ၄၀၀၀၀ ကြားဖြစ်ခဲ့ပြီး မုံရွာကနေ ရန်ကုန်ကို ရေကြောင်းလမ်းကနေ တင်း ၄၀၀၀၀ ကျော် တင်ပို့နိုင် ခဲ့တယ်လို့ ရေယာဉ်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။ ယခုတစ်ပတ် စိမ်းကြီးဈေးကွက်ကတော့ အရောင်းအေး အဝယ်ပါးခဲ့ပြီး နယ်ကပစ္စည်းဝင်ရောက်မှု မရှိသလောက်နည်းခဲ့တယ် လို့ဆိုပါတယ်။ ကုန်သည်လက်ဝယ်မှာလဲ ပစ္စည်းလက်ကျန်နည်းလို့ မန်းလက်အဝယ်ရှိတဲ့နေ့မှာ တစ်တင်း ၂၀၅၀၀ ကျပ်ထိဈေးရခဲ့ပြီး၊ အရောင်းအဝယ်အားဖြင့် တစ်ပတ်အတွင်း တင်း ၁၅၀၀ ခန့်သာ ရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။မုံရွာပဲကြီးဈေးကွက်အနေနဲ့ လက်လီအဝယ်အရောင်းသာ ရှိခဲ့ပြီး၊ ယခုအပတ်ထဲမှာ တစ်တင်း ၅၀၀ ကျပ်ကျသွားကာ ၂၅၀၀၀ ကျပ်ဈေးပေါက်ခဲ့ပေမဲ့ အရောင်းအဝယ် ပမာဏအနေနဲ့ တက် မလာဘဲ တစ်ပတ်အတွင်း တင်း ၂၀၀၀ ခန့်သာရှိခဲ့တယ်လို့ ပွဲရုံရပ် ကွက်က ကြားသိရပါတယ်။ထွန်းလှိုင်