Main menu

Background

မုံရွာကုန်စည်ဒိုင် စက်တင်ဘာ ပထမပတ် ပဲဈေးကွက်

Sun, 09/09/2012 - 05:54 -- Anonymous (not verified)

ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင်ပဲဈေးကွက်မှာ ကုလားပဲ မျိုးစုံ အရောင်းအဝယ်အေးပြီးဈေးလည်း အနည်းငယ်ကျခဲ့ တာ တွေ့ရပါတယ်။ မန္တလေး၊ ရန်ကုန်ဝယ်လိုအားလျော့ခြင်း၊ စက်တင်ဘာ မိုးပြောင်း ပဲခွဲစက်၊ အမှုန်ကြိတ်စက်နဲ့ ကြာဇံ စက်လိုင်းသမားတွေ အဝယ်အေးလို အခုလို အရောင်းအဝယ် လေးခဲ့ခြင်း ဖြစ်တယ်လို့ ကုန်သည်ရပ်ကွက်က ဆိုပါတယ်။ စက်တင်ဘာလ ပထမပတ်ထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဈေး ကွက်အနေနဲ့ V2 ကုလားပဲမှာ တစ်တင်း ၂၀၃၀၀ ကျပ်ထိ ကျဈေးဖြစ်ခဲ့ကာ တစ်ရက်ကို အိတ် ၃၀၀ မှ ၅၀၀ ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ထိုင်ဝမ်ကုလားပဲကတော့ တစ်တင်း ၂၀၈၀၀ ကျပ်ထိ အနိမ့်ဆုံးဖြစ်ခဲ့ကာ တစ်ရက်အိတ် ၃၀၀ ဝန်းကျင် အရောင်းအဝယ်ရှိခဲ့ပြီး၊ 929 ကုလားပဲအနေနဲ့ မုံရွာကုန်စည်ဒိုင်မှာ တစ်တင်း ၂၁၀၀၀ ကျပ်အနိမ့်ဆုံး ဈေး ဖြစ်ခဲ့ကာ တစ်ရက်ကို အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ ကုန်သည်နဲ့ ပွဲစားလောကမှာ ကြားသိရပါတယ်။ စီးဆင်းမှုအနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ရန်ကုန်ကို ရေကြောင်းနဲ့ အိတ် ၅၀၀၀ ခန့် မန္တလေးကို အိတ် ၁၀၀၀၀ ခန့် တင်ပို့ခဲ့ကြတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ပထမပတ် မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီ ဈေးကွက်အနေနဲ့ ရန်ကုန် ဝယ်လက်မရှိသလောက် ပါးခဲ့ပြီး ဒေသခံကုန်သည် အချင်းချင်း ရောင်းဝယ်မှုသာရှိခဲ့လို့ ပေါက် ဈေး ဆက်လက်ကျဆင်းနေတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါ တယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ရန်ကုန်အဝယ်ရှိခဲ့ပြီး ဒီရက်အတွင်းမှာ ရန်ကုန်အတွက် အဝယ်ထက် ပဲသယ်ယူမှုက ပိုမိုများပြားခဲ့တာတွေ့ရပါတယ်။ ယခုရက်ပိုင်းအတွင်း မုံရွာ ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ တစ်တင်းအမြင့်ဆုံး ၂၁၈၀၀ ကျပ် ကနေ ၂၀၅၀၀ ကျပ်ထိ တစ်ရိပ်ရိပ် ကျဈေးဖြစ်ပေါ်ခဲ့ပြီး အရောင်းအဝယ်အားဖြင့် တစ်ရက်မှာ အိတ် ၅၀၀ မှ ၁၀၀၀ ကြားသာရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ သြဂုတ်လ ထဲမှာ မုံရွာဈေးကွက်ကနေ ရန်ကုန်ကို ရေကြောင်းလမ်းနဲ့ ငုံနီအိတ် ၇ သောင်းခန့် တင်ပို့နိုင်ခဲ့ပြီး၊ မန္တလေးကို အိတ် ၅၀၀၀ ခန့် တင်ပို့စီးဆင်းနိုင်ခဲ့တယ်လို့ ကုန်သည်ရပ်ကွက်က ကြားသိရပါတယ်။ ယခုတစ်ပတ်စိမ်းကြီးဈေးကွက်မှာ ပစ္စည်းအဝင်ကြဲသလို ဈေးလည်းလျော့နည်းခဲ့တာတွေ့ရပါတယ်။ ဈေးကွက်ထဲမှာ တစ်တင်း ၁၉၀၀၀ ကျပ်ကနေ ၁၇၅၀၀ ကျပ်ထိ ကျဈေးဖြစ် ပေါ်ခဲ့ပြီး၊ စက်တင်ဘာလဆန်းပိုင်း မုံရွာဒေသဝန်းကျင် မိုး အနည်းငယ်ကျခဲ့လို့ပဲစိုက်ဖို့ ထွန်ယက်နေကြလို့ မျိုးအရောင်း အဝယ်ဖြစ်လာနိုင်တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင် ပဲကြီးဈေးကွက်ကတော့ လက်ကျန် ပစ္စည်းထဲက မန်းနဲ့ ပခုက္ကူ၊ အဝယ်ပုံမှန်ရှိခဲ့လို့ အရောင်း အဝယ် အသင့်အတင့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အပတ်ကထက် တစ်တင်း ၅၀၀ ကျပ် ခန့် လျော့ပြီး၊ ယခု အပတ်မှာ ၂၈၀၀၀ ကျပ်ထိသာ ပေါက်ဈေးဖြစ်ခဲ့ပေမယ့် နယ် အဝယ်ရှိခဲ့လို့ တစ်ရက်ကို ပျမ်းမျှအိတ် ၂၀၀ အထက် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံ ရပ်ကွက်က သိရပါ တယ်။ထွန်းလှိုင်