မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ် ကုန်သွယ်ရေးမှ သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၃၉၇ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၆၁၈ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင် ၆၄၈ တန်ခန့် ပိုမို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ကဏန်းအသေး (အသေ)၊ ငါးမျိုးစုံနဲ့ ရေငန်ပုစွန်များ ပိုမိုတင်ပို့ တဲ့အပြင် ယခင်အပတ်ကတင်ပို့မှုမရှိခဲ့တဲ့ အေးခဲကဏန်းပျော့၊ အေးခဲပုစွန်၊ ခရုအကောင်၊ အေးခဲကင်းမွန်၊ ကင်းမွန် ကောင်လုံးသန့်၊ ကင်းမွန်အသား၊ ကင်းမွန်ခေါင်းများ ယခုအပတ်မှာ တင်ပို့မှုရှိလာတဲ့အတွက် ယခင်အပတ်ထက် ပိုမိုတင်ပို့ ရခြင်းဖြစ်ပါတယ်။
မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၈၁ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၅၈ တန်ခန့်၊ ပုစွန် ၅ တန်ခန့်နဲ့ ကဏန်း ၁၂ တန်ကျော်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် ပုစွန်သာ ၃ တန်ခန့်အပို့ပိုသော်လည်း ငါးမျိုးစုံနဲ့ ကဏန်း တင်ပို့မှုများ လျော့နည်းခဲ့ရပါတယ်။ ကော့သောင်းနယ်စပ် မှ ယခုအပတ်မှာကန်ဒေါ်လာ သုည ဒသမ ၀၆၂ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၀၃ တန်ခန့် တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်ကထက် တန် ၁၆၀ ခန့် အပို့လျော့ခဲ့ပါတယ်။ ထိုင်းနယ်စပ်စခန်းများမှ ယခုအပတ်မှာ ကန်ဒေါ်လာ ၂ ဒသမ ၆၄၀ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၇၉၆ တန်ခန့် အပို့ရှိခဲ့ရာ ယခင်အပတ်နဲ့နှိုင်းယှဉ်ပါက ၄၆၇ တန်အပို့ပိုခဲ့ပါတယ်။ ကော့သောင်းနဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းများမှအပို့လျော့ခဲ့သော်လည်း မြိတ်နယ်စပ်မှအပို့ပိုခဲ့တဲ့အတွက် ယခုအပတ်ထိုင်း နယ်စပ်မှ ရေထွက်ကုန် တင်ပို့မှု ပိုမိုခဲ့ခြင်းဖြစ်ပါတယ်။ MIRT(DOBT)