မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကအရောင်းအဝယ် သွက်နေပြီး ပဲစင်းငုံနီ ကတော့ ဈေးကွက်သို့ပစ္စည်းအဝင်များတဲ့အပေါ် ဝယ်လက်တွေက ဈေးနှိမ်အဝယ်ရှိနေတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါ တယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)က ရောင်းလက် တွေဆီမှာ ပစ္စည်းလက်ကျန်နည်း သွားပေမယ့် ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ ပဲလွန်း ဖြူကို တရုတ်အဆွဲပုံမှန်ရှိသလို ပဲကြီးနဲ့ ထောပတ်ပဲကိုလည်း ရန်ကုန် အဆွဲရှိခဲ့တယ်လို့ သိရပါ တယ်။ နှမ်းဖြူ၊ နှမ်းနက်၊ နှမ်းနက်စမုံကို တရုတ်အဆွဲသွက်လို့ ဈေးမြောက်လာသလို နှမ်းညိုကိုလည်း ဆီစက် လုပ်ငန်းရှင်တွေက ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အခုဆိုရင် မန်းဈေးကွက်မှာ မတ်ပဲ(သစ်) တွေဝင်လာပြီး တစ်ပိဿာကို ၇၁၇ ကျပ်(တစ်တန်ကို ၄၃၉၀၈၃ ကျပ်)ဈေးနဲ့ ရန်ကုန်ဝယ်လက်နဲ့ ဒေသ တွင်းခွဲစက်တွေ အဝယ်ရှိလို့ နေ့စဉ်အိတ် ၆၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းကြီးဈေးကွက်အနေနဲ့ အရည် အသွေးအလိုက် တရုတ်ဝယ်လက်၊ ရန်ကုန်ဝယ်လက်နဲ့ မြို့ခံခွဲစက်က ဈေးပေးအဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲတီစိမ်းကြီး(ထိပ်စ)တစ်ပိဿာ ၁၁၇၃ ကျပ် (တစ်တန်ကို ၇၁၈၃၃၃ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့် ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ပဲစင်းငုံနီ(သစ်)က မန်းဈေးကွက်သို့ နယ်စုံမှ အဝင်လှိုင်လာ တဲ့အပေါ် ရန်ကုန်ဝယ်လက်၊ မြို့ခံလှောင်လက်နဲ့ ခွဲစက်တွေ က ဈေး နှိမ်အဝယ်ရှိ တာကြောင့် ဈေးကထင်သလောက် မရသေးကြောင်း ပဲကုန်သည်တစ်ဦး ကဆိုပါတယ်။ ဒါ့အပြင် ပဲစင်းငုံ(ရွှေဘို)စကိုလည်း ရန်ကုန်နဲ့ခွဲစက်တွေ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက ပဲစင်းငုံနီ(သစ်)တစ် ပိဿာ ၈၆၇ ကျပ်(တစ်တန်ကို ၅၃၀၉၄၂ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ပဲစင်းငုံနီ(ရွှေဘို) စက တစ်ပိဿာ ၇၀၀ ကျပ်(တစ်တန် ၄၂၈၆၇၃ ကျပ်)ဈေးနဲ့ နေ့စဉ် အိတ် ၈၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ပြည်ပအဆွဲ နည်းပြီး မြို့ခံပဲခွဲစက်နဲ့ အမှုန့် ကြိတ်စက်တွေကသာ ဝယ်အားပုံမှန်ရှိခဲ့ပေမယ့် ရောင်းသူကုန်သည် တွေထံမှာ ပစ္စည်းလက်ကျန် နည်းသွားပြီလို့ ဈေးကွက်အတွင်းမှ သိရ ပါတယ်။ အရောင်းအဝယ်အနေနဲ့ ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၈၃၈ ကျပ်(တစ်တန်ကို ၅၁၃၁၈၂ ကျပ်) ကုလားပဲ(ထိုင်ဝမ်)တစ် ပိဿာ ၉၀၇ ကျပ် (တစ်တန်ကို ၅၅၅၄၃၇ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကို အိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲလွန်းဖြူ ကို တရုတ်အဆွဲပုံမှန်ရှိသလို ရောင်းလက်များကလည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိလို့ တစ်ပိဿာကို ၁၀၆၇ကျပ်(တစ်တန်ကို ၆၅၃၄၂၀ ကျပ်)ဈေးနဲ့ နေ့စဉ် အိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းဖြူ၊ နှမ်းနက်နဲ့ စမုံနှမ်းနက်ကို တရုတ်က ဈေးပေး အဝယ်ရှိသလို ဝယ်အားပါ များလာတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြောက်သွားတယ်လို့ နှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ နှမ်းဖြူတစ်ပိဿာ ၂၆၀၀ ကျပ်၊ နှမ်းနက် တစ်ပိဿာ ၂၆၂၂ ကျပ်၊ နှမ်းနက်စမုံ ၃၀၀၀ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၃၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံအနေနဲ့ နယ်စုံမှ ဝင်ရောက်မှုများ လာသလို ပြည်ပဝယ်လိုအားနဲ့ ပြည်တွင်းဆီစက် တွေရဲ့ ဝယ်လိုအားက လည်း တောက်လျောက် ရှိနေလို့ နှမ်းဈေးဆက် မာနိုင်တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။
Background