Main menu

Background

ငါးရှဉ့်၊ ကဏန်း ကြိုက်ရောင်းကြိုက်ဝယ် စမ်းသပ်ကာလ စတင်နေပြီဖြစ်တဲ့ မူဆယ်

Fri, 02/01/2013 - 07:19 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် ငါးရှဉ့်၊ ကဏန်းကို ကြိုက်ရောင်း ကြိုက်ဝယ်လွတ်လပ်စွာဆောင်ရွက်ရန် စမ်းသပ်ကာလ စတင်နေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်။ ငါးရှဉ့်ကို  ၁၇-၁-၂၀၁၃ နေ့ကစပြီး ကြိုက်ရောင်းကြိုက်ဝယ်နဲ့ရောင်းချရာမှာ ၁၈-၁-၂၀၁၃ မှ ၂၄-၁-၂၀၁၃ ထိ ငါးရှဉ့် ပျမ်းမျှကိုတစ်တန်လျှင် ၄၇၁၉၀၀၀ ကျပ်၊ ဒေါ်လာ ၅၅၀၀ နဲ့ အရောင်းအဝယ်ဖြစ် ခဲ့ပါတယ်။ ကဏန်းကတော့ ဇန်နဝါရီလ ၂၁  နေ့ တွင်စတင်ခဲ့ပြီး အရွယ်အစား ခွဲခြားမှုမရှိတော့ဘဲ ကဏန်းတစ်တန်လျှင် ၃၁၁၄၅၄၀ ကျပ်၊ ဒေါ်လာ ၃၆၃၀ ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါတယ်။

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၀၁၈ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၉၂၈ တန်ကျော်ကို တင်ပို့နိုင်ခဲ့ ပြီး ယခင်အပတ်ကထက် တန် ၂၈၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့အမယ်တွေကတော့ ကဏန်း ၇၃ တန်ကျော်၊ ငါးရှဉ့် ၇၉ တန်နီးပါး၊ ရေခဲငါး ၃၁၂ တန်နီးပါး၊ ငါးဆားနယ် ၁၀၁ တန်ကျော်၊ ကင်းမွန်ခြောက် ၁၆၃ တန်ကျော်၊ ငါးခြောက် ၃၂ တန်ကျော်၊ ငါးလေးခြောက် ၁၀၂ တန်ကျော်၊ ငါးမှုန့် ၆၅ တန်ကျော်နဲ့ ငါးစည်ဖေါင်း ၁ တန်နီး ပါးဖြစ်ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၅၅၈ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၄၁ တန် ကျော်တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့အမယ်တွေကတော့ ငါးရှဉ့် ၆၇ တန်ကျော်နဲ့ ကဏန်း ၇၄ တန်နီးပါး ဖြစ်ပါတယ်။ ယခင်အပတ်က ထက်တန် ၂၀ ကျော်လျော့နည်းခဲ့ပါတယ်။ ငါးရှဉ့်၊ ကဏန်းကိုမူဆယ်ဘက်တွင် ကြိုက် ရောင်းကြိုက်ဝယ် စတင်နေပြီဖြစ်လို့ မူဆယ်ဘက်ကနေပြန်စမ်းသပ်ပို့နေကြတဲ့ အတွက် လျော့နည်းရတာဖြစ်ပြီး တရုတ်နယ်စပ်တစ်ခုလုံးအနေနဲ့ကြည့်မယ်ဆိုလျှင် ကန်ဒေါ်လာ ၂ ဒသမ ၅၇၆ သန်းဖိုးရှိ ရေထွက်ကုန်တန်ချိန် ၁၀၇၀ ကျော် တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ယခင်အပတ်ကထက် တန် ၂၆၀ ကျော်ပိုမို တင်ပို့ နိုင်ခဲ့ပါတယ်။ ကြိုက်ရောင်း ကြိုက်ဝယ်စနစ်ကိုရေထွက်ကုန် ကုန်သည်များ ကြိုက်နှစ်သက်ကြကြောင်း မူဆယ်စခန်းမှ သတင်းရရှိပါတယ်။ MIRT (DOBT)