Main menu

Background

ဝယ်ယူမှုများလို့ ပြည်ပဲဈေးကွက်အတွင်း ပဲကြီးသီးနှံအရောင်းအဝယ်သွက်

Tue, 03/12/2013 - 06:55 -- ydnar

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်အတွင်းကို ပဲကြီးအသစ်များ ဆက်လက် ဝင်ရောက်လျက် ရှိရာ ပြည်၊ အောင်လံမြို့နယ်များမှ ဝင်ရောက်သလို ကံမမြို့နယ် ဘက်မှလည်းဝင်ရောက်လာခဲ့တာကြောင့်နေ့စဉ် အိတ် ၆၀၀ ကျော်အထိ ဝင်ရောက် ခဲ့ပါတယ်။ပဲကြီးအသစ်ဈေးမှာ(ရွှေကျွန်း)တစ်တင်း၂၆၀၀၀ကျပ်၊(ကမ်းနား) တစ်တင်း ၂၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြီးဈေးမှာ ယခင်နှစ်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင်ယခုနှစ်ကာလ တူဈေးနှုန်းမှာဈေးပိုရနေတာကို တွေ့ရပါတယ်။ ယခင်နှစ် က မတ်လဆန်းပဲကြီးဈေးနှုန်းများမှာ (ရွှေကျွန်း) တစ်တင်း ၁၆၇၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၁၅၅၀၀ ကျပ်နဲ့သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဇူလိုင်လမှစပြီး၊ ပဲကြီးဈေးနှုန်းများမြင့်တက်လာခဲ့ပါတယ်။ စက်တင်ဘာလအတွင်း ပဲကြီးဈေးနှုန်း များမှာ ၃ သောင်း ကျပ်အထိ မြင့်တက်လာခဲ့ပြီး၊ ပဲဟောင်းလက်ကျန်ပြတ်ချိန် ဖေဖော်ဝါရီလဆန်းအထိ တစ်တင်း ၃ သောင်းကျပ် အထက် ရရှိခဲ့တာကြောင့် ပဲလက်ကျန်ရှိသူ တောင်သူအချို့နဲ့ လှောင်လက်သမားများ အကျိုးအမြတ်ပိုခဲ့တဲ့ ပဲသီးနှံ ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် ယခုနှစ်မှာလည်း ယခုမတ်လဆန်းမှ စပြီး၊ ပဲဈေးကောင်းရနေတဲ့ အတွက် လှောင်လက်သမားများ ဝယ်ယူသိုလှောင်နေ ကြသလို ရန်ကုန်ဝယ်လက်ကလည်း ဝယ်ယူမှုရှိပြီး၊ ဒေသတွင်း ပဲကြော်ဖိုလုပ်ငန်း သမားများလည်းဝယ်ယူလျက်ရှိတာကြောင့်ပဲဈေးကွက်အတွင်း ပဲကြီးသီးနှံမှာ အရောင်း အဝယ်သွက်နေခဲ့တဲ့ ပဲအမျိုးအစားဖြစ်ကြောင်း သိရပါတယ်။ခင်ဆွေဝင်း - ပြည်