Main menu

Background

သန့်ရှင်းသော အစိုးရ နှင့် ပြည့်ဝန်းထမ်းလစာ

Mon, 04/08/2013 - 11:55 -- ydnar

သေချာသော ကိန်းရှင် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် သန့်ရှင်းသော အစိုးရ အလိုရှိကြ သည်ချည်းဖြစ်သည်။ သန့်ရှင်းသော အစိုးရဖြစ်ပေါ်လာရေး အား ထုတ်မှုများကိုလည်း တွေ့ရှိရသည်၊ သန့်ရှင်းသော အစိုးရဖြစ်ပေါ် လာစေရန် အချက်ပေါင်းများစွာရှိနိုင်သည်၊ မည်ကဲ့သို့ အချက်များ ဖြစ်သည်၊ မည်သည့်အချက်များက အရေးကြီးသည်ကို ပညာရှင်များ၊ သုတေသီများ ကောင်းစွာ သိနိုင်သော်လည်း သာမန်လူတစ်ယောက် အနေဖြင့် သိရှိရန်မလွယ် ကူပေ။ သို့သော် သန့်ရှင်းသော အစိုးရ အကြောင်း ပြောဆိုကြသည့်အခါတိုင်း  အခြားအကြောင်း များထက် လာဘ်ပေးလာဘ်ယူကိစ္စမှာ ပိုမိုပြောဆိုဆွေးနွေးကြရသည့် အခြေ အနေတွင်ရှိလာနေတော့သည်။ ၁၉၆၀ ခုနှစ်များမှ ၁၉၉၀ ခုနှစ်များ အထိ စင်္ကာပူနိုင်ငံကို တာဝန်ယူခဲ့သည့် စင်္ကာပူ ထိပ်တန်း ခေါင်း ဆောင်ကြီး လီကွမ်ယူးရေးသားသော From Third World to First စာအုပ်ထဲတွင်လည်း ဤအကြောင်းနှင့် ပတ်သက်၍ ရေးသား ထားသည်ကို တွေ့ရှိရသည်။ စင်္ကာပူနိုင်ငံ၏ သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်လာစေရန် အားထုတ်ရာတွင် လာဘ်ပေးလာဘ်ယူကိစ္စ လျော့ပါးရေး၊ ပပျောက်ရေးကို အဓိက ဦးတည်ချက်ထားတိုက်ဖျက် ခဲ့သည့်အကြောင်းအတွေ့အကြုံများကိုထိုစာအုပ်ထဲ၌ဖတ်ရှုခဲ့ရသည်။ နိုင်ငံများစွာ၏ အတွေ့အကြုံများအရလည်း သန့်ရှင်းသော အစိုးရ တစ်ရပ်ရရှိရေးအတွက် လာဘ်ပေးလာဘ်ယူကိစ္စသည်  အဓိကဆူး ညှောင့်ခလုပ်ဖြစ် သည်ကိုသိရှိနေရသည်။ အစိုးရယန္တရားအတွင်း ပိုမိုဖြစ်ပေါ်လာတတ်သဖြင့် အစိုးရယန္တရားအတွင်းရှိ အစိုးရဝန် ထမ်းတို့၏စားဝတ်နေမှုအပါအဝင် ၎င်း တို့၏ အခြေခံစီးပွားရေး အခြေအနေများ၊ ခံယူချက်သဘောထားများ ကိုလည်း ထည့်သွင်း စဉ်းစားပေးရန်လိုသည်။ ဂရုတစိုက်စောင့်ကြည့်ရန် လိုသည်၊ ထို့ကြောင့် သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်လာရေး ဆက်စပ်မှုညီမျှ ခြင်းတစ်ကြောင်းကို စဉ်းစားခဲ့ပါ့လျှင်  အစိုးရဝန်ထမ်းတို့၏ လစာငွေ အပါအဝင် အခြားသော ရသင့်ရထိုက်ခွင့်များသည်  ထိုညီမျှခြင်းထဲ တွင် သန့်ရှင်းသောအစိုးရဟူသည့် မှီခိုကိန်းရှင်ကို သက်ရောက်မှု ရှိမည့် ကိန်းရှင်များဟုပင် ဆိုရနိုင်သည်။

 
ရှက်တတ်သူ၊ မရှက်တတ်သူနှင့် အရွှေ့ကို လျစ်လျှူရှုသူများ အချို့က မိမိနေထိုင်ရာ လူ့အသိုင်းအဝိုင်းက သတ်မှတ်ထား သောဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ကျူးလွန်ရန် အရှက်ကြီးကြ၏။ ချိုးဖောက်ရန် ဝန်လေးကြ၏။ အချို့ကမူ ကျူးလွန်ရန် ဝန်မလေး၊ အလွယ်တကူပင်ချိုးဖောက် တတ်ကြသည်။ တစ်ခါတစ်ရံအကျိုးစီးပွား တစ်စုံတစ်ရာကြောင့်ပင် ရှက်ရွံ့မှု အလျဉ်းမရှိတော့ဘဲ ရည်ရွယ်ချက် ရှိရှိပင် ကျူးလွန် ချိုးဖောက်ကြသည်။ အစိုးရအဖွဲ့အစည်းထဲတွင် တာဝန် ထမ်းဆောင်နေကြေ သာ နိုင်ငံ့ဝန်ထမ်း များထဲတွင်လည်း ထိုကဲ့သို့ပင် လူအမျိုးမျိုး အထွေထွေရှိသည်။ နိုင်ငံ့ဝန်ထမ်းအဖြစ်ရရှိ ထားသော ရာထူးနေရာများကို အသုံးချ၍ ကိုယ်ကျိုးစီးပွားအတွက် သတ်မှတ်ထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို နည်းလမ်း အမျိုးမျိုးဖြင့် ချိုးဖောက်ကြသည်။ မတရားမှုများကို ကျူးလွန်ကြ သည်။ယခုအချိန်အထိ မျက်ကန်းတစ္ဆေမကြောက် ဆက်လက်ပြုမူနေ ကြဆဲဖြစ်သည်။ အခြေခံ အကြောင်းတရားများထဲမှာ အဓိက တစ်ချက်ဖြစ်သည့်မိမိ၏ဝင်ငွေမလောက်ငမှု၊ မိသားစု စားဝတ်နေရေး မပြေလည်မှုကြောင့် စတင်ပြုမူကြရ သည်ဟု ကောက်ချက်ချရမည်။အစမှ လွန်သော် မထိန်းသိမ်းနိုင်သော လောဘကြောင့် ဆက်လက် ပြုမူကြ ရတော့သည်။ ထိုအခြေအနေများကြောင့် ဝန်ထမ်းများအားလုံး မလောက်င သော ဝင်ငွေတို့ဖြင့် ရုန်းကန်နေကြရသည်ဟု ယေဘုယျကောက် ချက်ချထိုက်သည်။(ချမ်းသာကြွယ်ဝသောမိဘများ၊ ယောက္ခမများ၏ အထောက်အပံ့များဖြင့် ရပ်တည်နေရသော ၊ မိသားစုရှိ လူအားလုံး ရရာအလုပ်လုပ်၍ ရပ်တည်နေရသော ဝန်ထမ်းမိသားစုများလည်း ရှိသည်ကို နားလည်သဘောပေါက်သည်။) သို့သော် အံ့သြလောက် စရာ ကောင်းလောက်အောင် ချမ်းသာနေကြသည့် ဝန်ထမ်း သူဌေး ကြီးများကို တွေ့မြင်ကြသောအခါ အစိုးရဝန် ထမ်းတွေ စားဝတ်နေ ရေးကျပ်တည်းတာဟုတ်မှဟုတ်ပါ့မလားဟု သံသယဖြစ်စရာ ရှိသွား နိုင်၏။ ထို့ကြောင့် အစိုးရဝန်ထမ်းအများစု၏ နေ့စဉ်စားဝတ်နေမှု ကျပ်တည်းလွန်းလှသည့် အခြေအနေများအကြောင်း ညည်း တွား ခံစားမှုများကို ကြားနေကြရသည့်တိုင် အခြားတစ်ဖက်တွင်  နိုင်ငံ့ ဘဏ္ဍာငွေကို မရိုးမသားကိုယ်ကျိုး အတွက်သုံးစွဲမှု၊ ဥပဒေချိုးဖောက် ၍ လုပ်ကိုင်စားတတ်မှု၊  အခွင့်အာဏာသုံး၍ မတရား လာဘ်ငွေ ရယူမှု၊ လုပ်ပိုင်ခွင့်ဖြင့် လာဘ်ပေးစေရန် လုပ်ဆောင်မှုများဖြင့် ဝင်ငွေ အလွန်ကောင်းလျက် (ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများ ထက်ပင် ချမ်းသာကြွယ်ဝနေသည့် ဝန်ထမ်းသူဌေးများရှိသည်) စီးပွား ရေးလုပ်ငန်းရှင် သူဌေးကြီးများနှင့် ယှဉ်၍ သုံးဖြုန်းနိုင်နေသည်ကို တွေ့ နေရခြင်းဖြစ်သည်။ (မိသားစုက ကိုယ်ပိုင်လုပ်ငန်းဖြင့် ဝင်ငွေ ကောင်း ( ချမ်းသာ)နေသော်လည်း အစိုးရဝန်ထမ်းဘဝကိုမှခုံမင်၍ ဝင်ရောက် လုပ်ကိုင်နေသူများကို ဆိုလိုခြင်းမဟုတ်ပါ)။   တစ်ဦးချင်း လက်ဖက်ရည်ဖိုး တောင်းမှုများ၊ နားလည်မှုဟု အမည်တပ်ထားသည့် ပေးငွေများ ၊ အကြောင်းအမျိုးမျိုး၊ အထာ အမျိုးမျိုးနှင့်  ညှစ်ယူသည့်ငွေများရှိသကဲ့သို့၊ ဌာနအလိုက် တောင်း သည့်  ဖန်တီးငွေများကိုတွေ့သိကြ၊ မြင်ကြ၊ ကြုံတွေ့ရကြသည်လည်း ရှိသည်။ အလှူငွေ၊ ရန်ပုံငွေ၊  မတန်တဆ တင်ထားသော စာရွက် စာတမ်းဖိုး အမည်တပ်တောင်းငွေ အပါအဝင် ဆက်စပ်မှုရှိသည့် အခြားသော အဖိုးအခများသတ်မှတ်တောင်းယူခြင်းတို့ဖြင့်   ဌာန အလိုက်၊ အုပ်စုလိုက် ချိုးဖောက်ခြင်း၊ ကျူးလွန်ခြင်းများ လည်း ရှိရာ  ရုတ်တရက်ကြည့်ပါက အစိုးရဝန်ထမ်း အားလုံးအကျင့်တရားပျက် ပြား၍ အစိုးရယန္တရားကြီးထဲတွင် စာရိတ္တမကောင်းသူများသာ ရှိနေ သည်ဟု မှတ်ယူရမည့် အခြေအနေအထိ ဖြစ်လာတော့သည်။ သို့သော် ဝန်ထမ်းလုပ်သက် များလာလေလေ၊ အသိတရား ရင့်လာ လေလေ ဖြစ်လျက်  ထိုအခြေအနေမျိုးကို ရှက်စရာကောင်းသည့်  လုပ်ရပ်ဟု အမြင်မှန်ရလာသော ဝန်ထမ်းကြီးများ၊  ကိုယ်ကျင့်တရား နှင့် အကျင့်စာရိတ္တကို တန်ဖိုးထားသော ဝန်ထမ်းငယ်များလည်း ရှိနေပါသေးသည်။ စားဝတ်နေရေး အကျပ်အတည်းရှိနေချိန်တွင် ထိုကဲ့သို့သော ဝန်ထမ်းများ၏ အခြေအနေမှာ ဆုပ်လည်းစူး၊ စားရင် လည်းရူးအခြေအနေမျိုးနှင့် မကြာခဏဆို သလိုပင် ကြုံတွေ့ကြရ၏။ ဝန်ထမ်းဘဝမှ ထွက်ခွင့် ရရှိနိုင်သည့် အခြေအနေရှိနေချိန်တွင် အပြင်လောက၌ ရုန်းကန်လှုပ်ရှားရန် မဝံ့မရဲ့ဖြင့် မထွက်နိုင်၊ အပြင် လောက၌ လုပ်ကိုင်စားသောက်ရန် အခြေအနေပေးနေချိန်တွင် ဝန်ထမ်းဘဝမှ ထွက်ရန်မလွယ်ကူသည့် အနေအထားများရှိနေသည် ကို ကြုံတွေ့ရဖူးသည်။  ထို့အတူ ဝန်ထမ်းဘဝမှ ထွက်ခဲ့ပြီးနောက်  ဘဝရပ်တည်မှု အခြေအနေများစွာ တိုးတက်သွားသူများရှိသကဲ့သို့ အလုပ်ရွေးရင်း ဟိုယောင်ဒီယောင်ဘဝဖြင့် အလုပ်လက်မဲ့ဖြစ်သွား သူများလည်းရှိသည်။အခြေအနေအများစုသည် လစာ မလောက်ငမူ ၏ အကျိုးဆက်များဟုသာ ဆိုရပေမည်။  ဝန်ထမ်းကောင်းများ စားဝတ်နေရေး မပြေလည်မှုကြောင့် ဝန်ထမ်းဘဝမှ ထွက်သွားခဲ့လျှင် အစိုးရယန္တရားအတွက် အဖိုးတန်လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးသွား ရသကဲ့သို့ နိုင်ငံခြားသို့ ထွက်သွားခဲ့သည်ရှိသော် နိုင်ငံအတွက်ပါ ဆုံးရှုံးသွားရသည်ဟု ခံစားရနိုင်၏။ ထိုဝန်ထမ်းများ အစိုးရဝန်ထမ်း ဘဝမှ ထွက်ပြီးနောက် မူလထက် အခြေအနေပိုဆိုးခဲ့သော်  အစိုးရ အတွက်၊ နိုင်ငံအတွက်သာမက ၎င်း ကိုယ်ပိုင်ဘဝအတွက်ပင် နစ်နာမှု များရှိလာဖြင့် ဆုံးရှုံးမှုများစွာဖြင့်  ဝမ်းနည်းစရာကောင်းသည့် အခြေ အနေဟု ဆိုရပေတော့မည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အလေးထားသည့်၊  ထင်သာမြင်သာရှိမှုကို ဦးစားပေးသည့် ဒီမိုကရေစီ အယူအဆဖြင့် နိုင်ငံ၏ ရှေ့အနာဂတ်ခရီးသည် တစ်နေ့တစ်လံ အရွေ့မှန်မှန်ဖြင့် ရှိနေလေပြီ။ ပြည်သူ တို့ ရွေးချယ်တာဝန်ပေးထားသော ပြည်သူ့ ကိုယ်စားလှယ်များဖြင့် ပြည့်သူ့အကျိုးစီးပွားကို မှန်ကန်စွာဖော် ဆောင်နိုင်ရေးကို တက်ညီလက်ညီ အားထုတ်နေကြပြီဖြစ်သည်။ ယခုအချိန်အထိပင်လျှင် ရှက်တတ်သူများက ဆက်လက် ရှက်နေကြ ဆဲနည်းတူ အရှက်မရှိသူများမှာလည်း ဆက်လက်အရှက် မဲ့နေကြ သေးသည်ကို သတိပြုမိသည်။ ထိုအရှက်မရှိသူများမှာ အရေအ တွက်တိုးလာသည်ဟုပင် ထင်ရ၏။  နိုင်ငံအစိုးရသည် စနစ်ပြောင်းရန် ကြိုးစားနေပြီဖြစ်သည်။ နိုင်ငံတော်သည် ခေတ်သစ်သို့ ဦးတည် နေပြီဖြစ်၏။    စီးပွားရေးဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် အနေအထားဆီ သို့ ရွေ့နေပြီဖြစ် သည်။  အမှန်ကို လက်ခံသဘော တူပြီး ၊အမှားကို လက်မခံ ဆန့်ကျင်သည့် အကျင့်စရိုက်ကောင်းတို့ ကို လေ့ကျင့်မွေးမြူလျက်ရှိ၏။ အစိုးရသစ်ကာလ (၂)နှစ်တာ အချိန်ကြာ မြင့်ပြီးသည့် ယခုအချိန်ထိ နိုင်ငံ၏ အရွေ့ကို လစ်လျှူရှုနေကြသည့် ပြည့်ဝန်ထမ်းများရှိနေသေးသည်။ စနစ်ဟောင်းက အရှက်မရှိ ပြု မူခဲ့ကြသော မသမာမှုများ၊ အများနှာခေါင်းရှုံ့သည့် လုပ်ရပ်များကို  အရှက်တရားမ ရှိ၊မှားမှန်းမသိထုံလျက် ဆက်လက်ပြုမူနေကြဆဲဖြစ်၏။
သန့်ရှင်းသော အစိုးရနှင့် သန့်ရှင်းသော ပိုက်ဆံ လက်ရှိနိုင်ငံတော်အစိုးရသစ်က ကြွေးကြော်နေသော သန့်ရှင်း သော အစိုးရ၏ယန္တရား လည်ပတ်နိုင်ရေးအတွက် ပါဝင်လည်ပတ် နေရသော အစိုးရဝန်ထမ်းများသည် သန့်ရှင်းရန်လိုသည်။ အစိုးရ ဝန်ထမ်းများ သန့်ရှင်းနိုင်ရေးအတွက် ၎င်း တို့ နေစဉ်ဘ၀ သန့်ရှင်းစွာ ရပ်တည်နိုင်မှုရှိရန်လိုသည်။ ထိုသို့ ရပ်တည်နိုင်ရေး သန့်ရှင်းသော ငွေကြေးကိုသာ သုံးစွဲနိုင်ရန်လိုသည်။  ထို့အတွက်  ၎င်း တို့ လစာများ၊ စရိတ်များကို ဈေးကွက်အခြေအနေအပြောင်းအလဲများနှင့် လျော်ညီ စေရန် အတတ်နိုင်ဆုံး ဖြည့်ဆည်းေ ပးရန်လိုလာသည်။  ညစ်ပတ် သောငွေ၊ နံစော်သောငွေတို့ကို ကိုင်မိခဲ့သောကြောင့် ဘဝဒဏ်ရာ ဒဏ်ချက်ရခဲ့ကြသည့် ဝန်ထမ်းများလည်း မနည်းတော့။ ထိုငွေတို့ကို ဗုံးပေါလအောသုံးဖြုန်းလျက် လူ့အသိုင်းအဝိုင်းထဲတွင် စမတ်ကျကျ နေပြီးမှ ညစ်ပတ်သော အကျင့်တို့ကြောင့်အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရ သည့် ဝန်ထမ်းများလည်း ကြုံခဲ့ရဖူးပြီ။သို့တိုင်အောင်  နောင်တ ဆိုသည်ကို နောင်မှယူရမည့်အရာဟု သဘောပိုက်လျက် တစ်ဘ၀ စာ ကာလတိုအတွင်း  သက်သောင့်သက်သာ  ဘဝ  ရပ်တည်နိုင်ရေး အတွက် ညစ်ပတ်၍ အနံ့အသက်မကောင်းသည့် ငွေကို အရဲစွန့် ရှာဖွေနေသော ဝန်ထမ်းများလည်း မြင်တွေ့နေ ရဆဲဖြစ်သည်။ သန့်ရှင်းသော ပိုက်ဆံများသည် ပြဌာန်းထားသော ဥပဒေများ၊ ချမှတ်ထားသော စည်းကမ်းနည်းလမ်းများနှင့် လျော်ညီစွာ ပေးသူ လက်မှ ရယူသူလက်သို့ စီးဆင်း၏။ အပေးနှင့်အယူကြားတွင် အပြန် အလှန်ကျေနပ်မှုရှိကာ နှစ်ဖက်ရင်းနှီးကျွမ်းဝင်မှု၊ မေတ္တာ၊ စေတနာ တို့ကို တိုးပွားစေသည်။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း လိုက်နာသော ဘာသာရေး အတွေးအခေါ်အယူအဆများနှင့်လည်း  ဆန့်ကျင်ရာ မရောက်ဘဲ လျော်ကန်သင့်မြတ်မှုရှိသည်။ ပေးသူနှင့် ယူသူနှစ်ဖက် စလုံး ကောင်းကျိုးများဖြစ်ထွန်းစေ တတ်သည်။ နိုင်ငံ အစိုးရတို့အနေ ဖြင့် အစိုးရယန္တရားသန့်ရှင်းရေးအတွက် ထိုယန္တရားထဲတွင် ပါဝင်နေ သော လ့ူစွမ်းအားအရင်းအမြစ်ဝန်ထမ်းများ၏ စိတ်ထားများ သန့်ရှင်း စင်ကြယ်မှုရှိစေရန် ဦးစွာပြုလုပ်ကြရမည်။ ၎င်း တို့ထံတွင်ရှိနေနိုင်သည့် မရိုးသားမှု အညစ်အကြေးများကို လောက်ငသော လစာငွေကြေး ဟူသော သန့်ရှင်းရေဖြင့်လည်းကောင်း၊ တရားဥပဒေဟူသော ကောင်းမွန်၍ စွမ်းဆောင်ရည်ရှိသောဆပ်ပြာတို့ကိုအသုံးပြု၍ လည်း ကောင်းဖြင့်ဆေးကြောသန့်စင်ပေးရန်လိုရာပထမဦးစွာ လောက်င သော လစာငွေကြေးဟူသော သန့်ရှင်းရေကို ပံ့ပိုးပေးရန်လိုသည်။ ဝန်ထမ်းကောင်းမှနိုင်ငံကောင်းမည်ဟု ဆောင်ပုဒ်ရှိသည်။ ဝန်ထမ်း သန့်ရှင်းမှ အစိုးရသန့်ရှင်းမည်။ အစိုးရသန့်ရှင်းမှ နိုင်ငံတော် သန့်ရှင်းမည်။ သန့်ရှင်းသော ပြည့်ဝန်ထမ်းသည် သန့်ရှင်းသော အစိုးရအတွက် အဓိကကျသဖြင့် သန့်ရှင်းသော ဝန်ထမ်းများ ဖြစ်ထွန်းလာရေး အဖြေရှာသင့်ပြီဖြစ်သည်။
ကြီးမား၍ သေချာသော အထောက်အကူ ဂွင်ကျ၊ ဂွင်ချောင်၊ ဂွင်ကောင်းနေသော ၊ စားဝတ်နေရေးအ တွက် ဖူလုံရုံသာမက ချမ်းသာကြွယ်ဝနေသော မရှက်တတ်သေး သည့် ဝန်ထမ်းများ ရှက်တတ်လာစေရန် ထိန်းကျောင်းပြုပြင် ပေးရန် လိုအပ်သကဲ့သို့ ဂွင်မရှိ၊ ဂွင်ကျပ်၊ ဂွင်မလုပ်တတ်သော ဝန်ထမ်း များ၊ အရှက်ရှိသော ဝန်ထမ်းများ၏ဘဝရပ်တည်နေထိုင်မှုမှအစ   မိသားစုရေးရာများတွင် နောက်ကြောင်းပြန်လှည့်ကြည့်စရာမလို ဘဲ၊ ပူပန်သောကကင်းစွာ နိုင်ငံ့တာဝန်များကို ထမ်းဆောင်နိုင် စေရန်စဉ်းစားပေးဖို့ လိုအပ်သည်။ သန့်ရှင်းသော အစိုးရဖြစ်ပေါ် လာရေး စီမံချက်ရေးဆွဲ အကောင်အထည်ဖော် လုပ်ဆောင်ကြသည့် အခါ အစိုးရယန္တရားအတွင်း လုပ်ကိုင်နေကြသော အောက်ဆုံး အဆင့်မှစ၍ အထက်ဆင့်အထိအသီးသီးသောဝန်ထမ်းတို့၏ အခြေ အနေတို့ကို ဦးစွာအလေးအနက်ထား၍ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစား ပေးရန် လိုအပ်၏။ လုပ်ဆောင်စရာများစွာရှိသည့်အနက် လတ် တလောတွင် ပြည့်ဝန် ထမ်းတို့၏ လစာတိုးမြှင့်ပေးရေး လုပ်ဆောင်မှု သည်သန့်ရှင်းသောအစိုးရဖြစ်ပေါ် လာရေးအတွက် ကြီးမားသော အထောက် အကူရနိုင်မည့်အချက်ဖြစ်မည်မှာ သေချာလောက်သည်။