တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ လွန်ခဲ့တဲ့ ၅ နှစ် ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အထိ ချင်းစိုတင်ပို့မှုဟာ ၂၀၁၀-၂၀၁၁ တစ်နှစ်မှာသာ တန်ချိန် ၇၀ တင်ပို့မှုရှိခဲ့ပြီးကျန်နှစ်တွေမှာ တင်ပို့မှုမရှိခဲ့ပါ။ ဒါပေမဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အစ ဧပြီလမှတန်ချိန် ၁၃၁ တန်ကျော်၊ တန်ဖိုးဒေါ်လာ ၃၅၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ဒါကြောင့် မေလ ၁၁ ရက်အထိမှာ ၁၃၁ တန်ကျော်၊ တန်ဖိုး ဒေါ်လာ ၃၅၀၀၀ ဖြင့် တင်ပို့ ပြီးဖြစ်ပါတယ်။ ထပ်ပြီးလည်းတင်ပို့ဖို့အလားအလာ ကောင်းနေပါတယ်။
ယခုနှစ်မှာဦးမော့လာရတဲ့အကြောင်းက နီပေါနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွေက ဝယ်လိုအားကောင်းလာတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ယခင်က အိန္ဒိယ ချင်းများသာပို့ခဲ့ကြောင်း၊ ယခုနှစ်မှာ အိန္ဒိယပြည်တွင်းချင်း မှာ ဈေးမြင့်ပြီး နီပေါနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်က ဝယ်ဈေးနဲ့မကိုက် လို့ မြန်မာ့ချင်းစိုဝယ်ယူပြီး ပြန်လည်တင်ပို့ တာဖြစ်ကြောင်းသိရပါတယ်။ ချင်းခြောက်များစွာ ဝယ်ယူလိုသော်လည်း မြန်မာနိုင်ငံ မှာ ချင်းခြောက် အများအပြား အရန်သင့်မရှိလို့ ချင်းစိုဝယ်ယူပြီးအိန္ဒိယမှာ ချင်းခြောက်ပြန်လည်ထုတ်လုပ်ကြောင်းသိရပါတယ်။ ချင်းခြောက်တင်ပို့မှုဟာ ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှာ ၂၅၅ တန်၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှာ ၂၅၄ တန်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ၂၅ တန်စီသာရှိခဲ့ပေမဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်စ ဧပြီလမှာ ၁၅ တန်တင်ပို့ခဲ့ ပြီး မေလမှာကုန်ပစ္စည်းများမှာ ယူနေဆဲဖြစ်တယ်လို့သိရပါတယ်။ နီပေါနိုင်ငံမှာ ချင်းစိုတစ်ကီလို ၇၀ ရူပီးခန့်ရှိပြီး အိန္ဒိယချင်းက ပြည်တွင်းဈေး ၆၀ ရူပီးရှိကာ မြန်မာ့ချင်းစိုကို ၄၀-၄၅ ရူပီးနဲ့ ဝယ်ယူနိုင်လို့တွက်ချေကိုက်ကြောင်းနဲ့ ဝယ်လိုအားများပြားနေကြောင်း ကုန်သည်များထံမှ စုံစမ်းသိရပါတယ်။စံဖြိုးဝေကသရ (တမူး)