Main menu

Background

မုံရွာနယ်တွင် ဈေးကွက်ဝင်စက်မှုသီးနှံ လျှော်ဖြူပင်များ စတင်စိုက်ပျိုးနေပြီ

Wed, 06/12/2013 - 12:46 -- ydnar

လျှော်ဖြူပင်မှထွက်ရှိတဲ့ အစေးကို ပရဆေး၊ ဖျော်ရည်၊ ဂျယ်လီ၊ စက်မှု ကုန်ကြမ်းအဖြစ် စွယ်စုံသုံးစွဲနိုင်သဖြင့် မုံရွာမြို့နယ်မှာ လျှော်ဖြူပင်များကို စီးပွားဖြစ်စတင်စိုက်ပျိုးနေကြောင်း ခြံရှင်တစ်ဦးထံမှ သိရပါတယ်။

လျှော်ဖြူ ရိုးနီ၊ ရိုးစိမ်း ၂ မျိုးရှိပြီး ရိုးနီမှာ ဒေသမျိုးဖြစ်ပြီး ရာသီဥတု၊ ရေမြေနဲ့ ကိုက်ညီတဲ့အတွက် အများဆုံးစိုက်ပျိုးကြောင်းသိရပါတယ်။ အပင် ပုံသဏ္ဍန်မှာ လက်ပံပင်နဲ့ တူသော်လည်း လက်ပံပင်ကဲ့သို့ ဆူးမရှိဘဲ နှစ်ရှည် ပင်ကြီးမျိုးဖြစ်ပါတယ်။ တစ်ဧက ပင်ကြား ၁၂ ပေစိုက်ပျိုးရင် ပင်ရေ ၃၀၀ ခန့် ဝင်ဆံြ့ပီး၊ အပင်သက်တမ်း နှစ်နှစ်ခွဲမှာ စတင်အစေးထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။ အပင်အရွယ် ၇ နှစ်သားမှ ၂၀ နှစ်သားအရွယ်မှာ အစေးလှိုင်လှိုင် ထွက်ရှိတယ်လို့ သိရပါတယ်။ အစေးထုတ်ယူပုံမှာ မြေကြီးမှ ၃ ပေ ကွာမှာ ပင်စည်အခေါက်ကို ကျပ်ပြားဝိုင်းခန့် ၃ ပေ ခြားအပေါက်များ ဖောက်ပေး ရပါတယ်။ အပေါက်များမှ ထွက်လာတဲ့ လျှော်ဖြူစေးများကို စုဆောင်းပြီး၊ ပြုပြင်ဖို့ မလိုဘဲ ကုန်ကြမ်း အတိုင်း ဈေးကွက်ကို တင်ပို့ရောင်းချနိုင်ကြောင်း သိရပါတယ်။ အရွယ်ကြီး လျှော်ဖြူပင်တစ်ပင်မှာ အပေါက် ၅၀ ခန့် အခေါက် အပေါ် အပေါက်ဖောက်ပြီး၊ လျှော်ဖြူစေးထုတ်ယူနိုင်ပြီး၊ တစ်ပင်မှ တစ်လကို အစေး တစ်ပိဿာခန့် ရရှိနိုင်ကြောင်း သိရပါတယ်။ လျှော်ဖြူစေးကို ပရဆေးလိုင်းဝင် ဆေးကုလားမအဖြစ် ဖျော်ရည်များ၊ ဂျယ်ရီများမှာ စားသောက်ကုန် အဖြစ်သုံးစွဲနိုင်သလို၊ ကားမှန်နဲ့ မော်တော် ဆိုင်ကယ် ကာဘာများမှာ စက်မှုကုန်ကြမ်းအဖြစ် ၃၀ ရာခိုင်နှုန်းခန့် ထည့်သွင်း အသုံးပြုကြောင်းသိရပါတယ်။ လျှော်ဖြူစေး မန္တလေးဈေးကွက်ပေါက်ဈေးမှာ အဖြူမှန်ကြည်အမျိုးအစား A တစ်ပိဿာ ၁၂၀၀၀ ကျပ် - ၁၅၀၀၀ ကျပ်၊ ကြက်သွေးရောင် B အမျိုးအစား တစ်ပိဿာ ၇၀၀၀ ကျပ် - ၉၀၀၀ ကျပ်၊ အနောက် C တစ်ပိဿာ ၄၀၀၀ ကျပ် - ၅၀၀၀ ကျပ်ရှိကြောင်းသိရပါတယ်။ ပျိုးပင်တစ်ပင်ကို ခြံပင်ရင်းဈေး ၃၀၀ ကျပ်ရှိပြီး၊ လိုအပ်ပါက မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက် ဖုန်း ၀၉-၄၀၀၄၇၈၇၄၅၊ ၀၉-၆၄၆၃၆၂၄ မှာ ဆက်သွယ် ဝယ်ယူနိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။အောင်မင်း - တန့်ဆည်