Main menu

Background

လျှော်ဖြူ စိုက်ပျိုးတော့မယ်ဆိုရင် . . . .

Thu, 08/22/2013 - 15:06 -- ydnar

ယခုအခါ ဈေးကွက်ဝင် စက်မှုသီးနှံလျှော်ဖြူပင်ကို နိုင်ငံတစ်ဝန်းသာမက စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်အနှံ့အပင်ရေ ခုနစ်သောင်းကျော်စိုက်ပျိုးခဲ့ကြောင်း၊ ခြံလုပ်ငန်းရှင်တစ်ဦးထံမှ သိရပါတယ်။ လျှော်ဖြူကို စိတ်ဝင်စားပြီး၊ စိုက်ပျိုးသူများပြားလာတဲ့အခါ လျှော်ဖြူ ပျိုးပင် များပျိုးပြီးရောင်းချလာတဲ့ မျိုးခြံများ နေရာအနှံ့ပေါ်ထွန်းလာပါတယ်။

လျှော်ဖြူစိုက်ပျိုးရာမှာ မျိုးမမှား၊ အစိုက်မမှားစေဖို့ မေးမြန်းသိရှိလေ့လာရ သမျှ လျှော်ဖြူမျိုးများအကြောင်း ဖော်ပြလိုက်ရပါတယ်။ လျှော်ဖြူမျိုး ၄ မျိုးရှိပြီး ယင်းတို့မှာ လျှော်ဖြူရိုးနီ၊ လျှော်ဖြူရိုးစိမ်း၊ လျှော်ဖြူ ရိုးနီလက်ကြား၊ လျှော်ဖြူရိုးစိမ်း လက်ကြားတို့ဖြစ်ပါတယ်။ ရိုးနီမျိုးမှ ပထမ တန်းစား လျှော်ဖြူစေး(မှန်ကြည်ရောင်)ထွက်ရှိပြီး၊ အပင်၊ အရွက်ပြန့်ကား ပြီး အလက်ထွက် မှန်ပါတယ်။ ရိုးစိမ်းမျိုးမှာ တစ်ပင်လုံးအစိမ်းရောင်ရှိ၍၊ အရွက်ပြန့်ပြူးမှုနည်းပြီး၊ အရွက်ထောင်ကာ အပင်အလက်ထွက်မမှန်ကြောင်း သိရပါတယ်။ အစေးထွက် သော်လည်း ပထမတန်းစား(မှန်ကြည်ရောင်)ထွက်ရှိ မှု နည်းတယ်လို့ သိရပါတယ်။ ဒုတိယတန်းစားလျှော်ဖြူစေးဖြစ်တဲ့ အညို၊ အမဲရောင်များသာထွက်ရှိပါတယ်။ ရိုးနီလက်ကြားနဲ့ ရိုးစိမ်းလက်ကြားမျိုးမှာ မျိုးရိုးဗီဇပြောင်းလဲလာတဲ့ မျိုးများဖြစ်ပြီး၊ စီးပွားဖြစ်လျှော်ဖြူခြံအဖြစ် စိုက်ပျိုးဖို့သင့်လျှော်မှုမရှိကြောင်းသိရပါတယ်။ ဒါကြောင့် ရိုးနီလျှော်ဖြူပင်မျိုးများသာ စိုက်ပျိုးသင့်ကြောင်း ဝါရင့်ခြံလုပ်ငန်း ရှင်တစ်ဦးက ဆိုပါတယ်။                                      အောင်မင်း - တန့်ဆည်