Main menu

Background

နှစ်စဉ် ရောင်းဝယ်မှု အားကောင်းတဲ့ ပြောင်းသီးနှံ

Thu, 02/06/2014 - 05:14 -- ydnar

မန္တလေးတိုင်းဒေသကြီး၊ ပျဉ်းမနားခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ မိတ္တီလာခရိုင်၊ မြင်းခြံ ခရိုင်တို့မှာ ပြောင်းဖူးစေ့ကို အဓိကထား စိုက်ပျိုးပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ရေဦး၊ ဒီပဲယင်းဒေသများ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့နယ်များတွင်လည်း စိုက်ပျိုးမှုရှိပါတယ်။ မန္တလေးတိုင်း ဒေသကြီးအတွင်း မိတ္တီလာခရိုင်မှာ ဧက ၁၀၀၀၀ ကျော်၊ ပြင်ဦးလွင်မှာ ဧက ၆၀၀၀ ကျော်၊ ပျဉ်းမနားခရိုင်မှာ ဧက ၄၀၀၀ ကျော်၊ မြင်းခြံခရိုင်မှာ ဧက ၈၀၀၀ ကျော် စိုက်ပျိုးမှုရှိခဲ့ပါတယ်။

အောက်တိုဘာ၊ နိုဝင်ဘာလမှာ စတင်စိုက်ပျိုးကြပြီး၊ ဇန်နဝါရီလဆန်းပိုင်းမှာ ပြောင်းဖူးစေ့လှိုင်လှိုင် ပေါ်ပါ တယ်။ ရိတ်သိမ်းမှုအပိုင်းမှာ ပြောင်းဖူးစေ့ခြွေစက်များ အသုံးပြု၍ စနစ်တကျရိတ်သိမ်းနိုင်ပါက အထွက်ကောင်း၊ အရည်အသွေးကောင်းပါ တယ်။ အထွက်တိုးအနေနဲ့ ပြင်ဦးလွင်ခရိုင်မှာတော့ တစ်ဧကကို ၃၀ တင်းခန့်၊ မြင်းခြံခရိုင်မှာ ၇၃ တင်းခန့်၊ ပျဉ်းမနားခရိုင်မှာ ၇၄ တင်းခန့် ထွက်ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသများမှထွက်တဲ့ပြောင်းဖူးစေ့များကို မန္တလေးကုန်စည်ဒိုင် ဈေးကွက်သို့ဝင်ရောက်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့နယ်များမှထွက်တဲ့ ပြောင်းဖူးစေ့ တွေကတော့ ပြည်ပတင်ပို့မဲ့ ကုန်သည်များ တိုက်ရိုက်ဝယ်ယူမှုရှိခဲ့ကြောင်း၊ တိုက်ရိုက်တင်ပို့တဲ့ စနစ်ကြောင့် စရိတ်စက အသင့်အတင့်သက်သာပြီး၊ လျော့နည်းမှုသက်သာကြောင်း ပွဲရုံလုပ်ငန်း များ လုပ်ကိုင်တဲ့ ပွဲစားများထံမှသိရှိရပါတယ်။ မန္တလေးဈေးကွက်အနေနဲ့ နှစ်စဉ် ပြောင်းဖူးစေ့ တန် ၃၀၀၀၀ ခန့်က ပြည်ပတင်ပို့ရန်အတွက် ရောင်းဝယ်မှုရှိခဲ့ပြီး ဒေသတွင်း  အသုံးအနေနဲ့ အစာစပ်စက်ရုံများ ၊ မုန့်လုပ်ငန်းများမှာ အသုံးပြုတာ ကြောင့် နှစ်စဉ်ရောင်းဝယ်မှု ကောင်းတဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ ပြည်ပတင်ပို့တဲ့ ပြောင်းဖူးစေ့ကတော့ အရည်အသွေးကောင်းမွန်သောသီးနှံကို အဓိကထားဝယ်ယူပြီး ၅၀ ကီလိုတစ်အိတ် ၉၅ ယွမ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ပါ တယ်။  မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာ ပြောင်းဖူးစေ့ကို အမျိုးအစား ၃ မျိုးနဲ့ ရောင်းဝယ်မှုရှိခဲ့ပါတယ်။ ပြောင်းဖူးစေ့ (ရှမ်း) သုံးတင်းတစ်အိတ် ၂၂၅၀၀ ကျပ် တစ်ပိဿာ ၄၁၆ ကျပ်၊ပြောင်းဖူးစေ့(ဗမာ)သုံးတင်းတစ်အိတ် ၂၁၀၀၀ ကျပ်၊ တစ် ပိဿာ ၃၈၉ ကျပ်၊ ပြောင်းဖူးစေ့ (CP) သုံးတင်းတစ်အိတ် ၂၂၀၀၀ ကျပ်၊ တစ် ပိဿာ ၄၀၇ ကျပ်ဈေးနှုန်းနဲ့ အရောင်းအဝယ်ဖြစ်ပြီး နှစ်စဉ်ရောင်းဝယ်မှု ပုံမှန်ရှိ တဲ့သီးနှံတစ်မျိုးဖြစ်သလို  သုံးစွဲမှုပမာဏများပြီး ပြည်ပပို့ကုန်မှာလည်း အားထား ရတဲ့ သီးနှံဖြစ်ကြောင်းသိရပါတယ်။ လွင်အေး-မန္တလေး