ပြည်ပဆန်စျေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ တွင် International Rice Market Website တွင်ဖော်ပြချက်အရ ပါကစ္စတန် ဆန်စျေးနှုန်းများမှာ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၈ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၆ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရပါသည်။ ထိုင်းဆန် စျေးနှုန်းများမှာ (၁၀၀ %) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၃၉ ဖြင့် လည်းကောင်း၊ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၄ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၃ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာ သိရှိရပါသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၅ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၄၃ ဖြင့် လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၂၈ ဖြင့်လည်းကောင်း၊ (၁၀၀ %) ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၃ ဖြင့် လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။
ဆန်စျေးကွက်နှင့်ပတ်သက်သည့် ပြည်ပသတင်းများအနေဖြင့် ယခုသီတင်းပတ်အတွင်း အာရှ၏ ဆန်တင်ပို့မှု ထိပ်သီးနိုင်ငံများ၏ ဆန်ဝယ်လိုအား ပြန်လည် လျော့ကျလာခဲ့ပြီး အိန္ဒိယနိုင်ငံ ၏ ငါးမှတ်ပေါင်းဆန်စျေးသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၃-၃၉၄ ဒေါ်လာ အကြား ရပ်တည်လျက်ရှိသည်ကို သိရှိရပါသည်။ အိန္ဒိယနိုင်ငံ၏ အဓိက ဆန်ဝယ်လက်များသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဆန်ပမာဏ သိသိသာသာ ဖြည့်တင်းဝယ်ယူ ခဲ့ကြပြီးဖြစ်၍ ယခုအခါ တွင် ဝယ်လိုအား ပြန်လည် လျော့နည်းလာကြောင်း အိန္ဒိယတောင်ပိုင်း၊ အန္ဓရဒေသပြည်နယ်၊ ကာကီနာဒါမြို့အခြေစိုက် ပို့ကုန်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။ အိန္ဒိယတောင်သူများသည် ယခင်အပတ်က မိုးစပါး ဟက်တာ ၄၀.၂၀ သန်း (ဧက ၉၉.၃၀ သန်း) ကိုလည်း စိုက်ပျိုးနိုင်ခဲ့ကြပြီး နှစ်အလိုက် စိုက်ဧရိယာ ၇.၆၀ % ထိ မြှင့်တင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရ၏ အရန်ဆန်ဝယ်ယူရေး ကြိုးပမ်းချက် မျှော်မှန်းချက် ဖြစ်သည့် ဆန်တန်ချိန် ၁.၉၅ သန်းကို ပြည့်မီရန် တန်ချိန် တစ်သန်း နီးပါးအထိ လိုအပ်နေကြောင်း သိရှိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေမှု ကာလ အတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးနစ်မြုပ်ခြင်းစသည့် သဘာဝ ဘေးအန္တရာယ်များ ကြောင့် သီးနှံအများစု ပျက်စီးခဲ့ရပြီး ၇၀ % မှာ စပါးသီးနှံများ ဖြစ်ကြောင်း သိရှိရပါသည်။ ဆန် စပါးအထွက် ကျဆင်းမည်ကို ပြည်သူများအကြား စိုးရိမ်မှု မြင့်တက်နေခြင်းကြောင့် ပြီးခဲ့သည့် တစ်လအတွင်း ပြည်တွင်း ဆန်စျေးနှုန်းသည် ၂၀ % ကျော်အထိ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။
ယင်းအခြေအနေများကြောင့် ပြည်ပမှ ဆန်တင်သွင်းမှု လိုအပ်နေကြောင်း ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားခဲ့ကြပါသည်။ ရေကြီးမှုကြောင့် စပါးသီးနှံများ ပျက်စီးခဲ့ရသည့်အတွက် အရန်ဆန် ဖြည့်တင်းရေး ခက်ခဲနေသော်လည်း ပြည်ပမှ ဆန်တင်သွင်း မှုကို ဆိုင်းငံ့ထားဆဲဖြစ်ကြောင်း သိရှိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆန် ပြတ်လပ်မှုကို ဖြေရှင်းရန် သွင်းကုန်အပေါ် မှီခိုရလေ့ရှိပြီး ဆန်တင်သွင်းခွင့် ပြုရေး/မပြုရေးကို ဆုံးဖြတ်နိုင်ခြင်း မရှိသေးကြောင်း ဘင်္ဂလားဒေ့ရှ်စားနပ်ရိက္ခာအတွင်းဝန် Mosammat Nazma Nara Khanum ကပြောကြားခဲ့သည်ကို သိရှိရပါသည်။
ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံများစွာတို့မှ ဆန်ရိက္ခာ ဖြည့်တင်းရန် ဆန်ဝယ်ယူမှုကို မြှင့်တင်ခဲ့ကြသဖြင့် ပြည်ပ ဆန်ဝယ်လိုအား မြင့်တက်လာခြင်း ကြောင့် ၂၀၂၀ ပြည့်နှစ်၊ ပထမ ခုနစ်လအတွင်း ဗီယက်နမ်ဆန် ပျမ်းမျှ ပို့ကုန်စျေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၈၇.၂၀ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး ဈေးသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဆန်စျေးနှုန်း မြင့်တက်မှုမှာ နှစ်အလိုက် နှိုင်းယှဉ်ချက်အရ ၁၂.၅၀ % ရှိကြောင်း ဗီယက်နမ်၊ လယ်ယာကုန်ချောထုတ်လုပ်ရေးနှင့်ဖွံ့ဖြိုးရေး ဌာနက ထုတ်ပြန်ခဲ့သည်ကို သိရှိရပါသည်။ ယခုနှစ် ပထမ ခုနစ်လအတွင်း ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်ဆန်ကို အများဆုံး ဝယ်ယူခဲ့သည့်နိုင်ငံဖြစ်ပြီး ဗီယက်နမ်ဆန်တင်ပို့မှု စုစုပေါင်း၏ ၃၅.၃၀ % ကို ဝယ်ယူခဲ့ကြောင်း သိရှိရပါသည်။ ဗီယက်နမ်ဆန်ကို တိုးမြှင့်ဝယ်ယူခဲ့ကြသော အခြားဈေးကွက် များမှာ ဆီနီဂေါ၊ အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံတို့ ဖြစ်ကြောင်း သိရှိရပါသည်။
လက်ရှိတွင် ဗီယက်နမ် ငါးမှတ်ဆန်စျေးသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၅-၄၉၀ အကြားရှိနေပြီး ကောက်သစ်ထွက်ရှိလာသည့်အချိန်ထိ ဈေးဆက်လက် မြင့်တက်နိုင် ကြောင်း ခန့်မှန်းထားသည်ကို သိရှိရပါသည်။ ဗီယက်နမ်နိုင်ငံ၏ သြဂုတ်လ ဆန်တင်ပို့မှုမှာ ဇူလိုင် လထက် ၂၆.၃၀ % မြင့်တက်ကာ တန်ချိန် ၆၀၅၅၆၆ တန် ရှိခဲ့ကြောင်း သိရှိရပါသည်။ ဗီယက်နမ် နိုင်ငံသည် ယခုနှစ် ပထမရှစ်လအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၄.၅၀ သန်း တင်ပို့ခဲ့ရာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၂၀ ဘီလီယံ ရရှိခဲ့ပြီး နှစ်အလိုက် တန်ဖိုး မြင့်တက်မှုမှာ ၁၀.၄၀ % ရှိခဲ့ ကြောင်း သိရှိရပါသည်။
ဆန်စျေးကွက်နှင့်ပတ်သက်သည့် ပြည်တွင်းသတင်းများအနေဖြင့် ယခုရက်ပိုင်းတွင် ပြည်တွင်းဈေးကွက်အတွင်း ဆန်ကြမ်းနှင့် ဆန်ချောဈေးနှုန်း အနည်းငယ် မြင့်တက်လာသော်လည်း အရောင်းအဝယ် ကောင်းနေကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း (ဝါးတန်းကုန်စည်ဒိုင်) တွဲဖက်အတွင်းရေးမှူး ဦးဇော်ခိုင်မှ ပြောကြားခဲ့သည်ကို သိရှိရပါသည်။ ဆန်ချောနှင့် ဆန်ကြမ်း တစ်အိတ်လျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ် ဝန်းကျင်အကြား ဈေးမြင့်တက်ခဲ့ပြီး ဆန်ဈေးနှုန်းသည် အမြင့်ဈေးတွင် ဆက်လက်ရှိနေနိုင်ကြောင်း သိရှိရပါသည်။
စက်တင်ဘာလ တတိယပတ်တွင် အလေးချိန် (၁၀၈) ပေါင်ပါ ဧည့်မထအုပ်စုဝင် ဆန်ကြမ်း တစ်အိတ်လျှင် ၂၂၀၀၀ ကျပ်မှ ၂၅၅၀၀ ကျပ်ကြား၊ ရက် ၉၀ ဆန် တစ်အိတ်လျှင် ၂၇၀၀၀ ကျပ်မှ ၂၇၅၀၀ ကျပ်ကြား၊ ပေါ်ဆန်းဆန် တစ်အိတ်လျှင် ၃၆၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်ကြား၊ ကျားပျံ တစ်အိတ်လျှင် ၄၀၀၀၀ ကျပ်မှ ၄၂၀၀၀ ကျပ်ကြား၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၅၃၀၀၀ ကျပ်မှ ၅၈၀၀၀ ကျပ် ကြား ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင်များသည် ရန်ကုန်မြို့ နှင့်နိုင်ငံတစ်ဝန်း စားသုံးသူ ပြည်သူများ၏ နေ့စဉ် စားသုံးနေသော စားနပ်ရိက္ခာဆန်များ ဖြန့်ဖြူး ပေးရာ အဓိကကျသော နေရာများ ဖြစ်သည့်အပြင် စားနပ်ရိက္ခာအတွက် မရှိမဖြစ် လိုအပ်သော နေရာများဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင်များ ကို တနင်္ဂနွေနေ့မှလွဲ၍ နေ့စဉ် ဖွင့်လှစ် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
ယခုအချိန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့မှစ၍ တစ်ပတ်လျှင် (၃) ရက် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့ များတွင်သာ ဖွင့်လှစ်ရောင်းချမည်ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များအတိုင်း နံနက် ၆ ၃၀ နာရီချိန်မှ နံနက် ၁၀ နာရီ အတွင်းသာ အရောင်းအဝယ် ပြုလုပ်မည်ဖြစ်ကြောင်း အသိပေး ကြေညာချက် ထုတ်ပြန်ထားသည်ကို သိရှိရပါသည်။ အဆိုပါ အရောင်းအဝယ် ပြုလုပ်မည့် နေ့ရက် နှင့်အချိန်ကို ပြန်လည် ပြင်ဆင်ပါက ထပ်မံ ကြေညာပေးမည်ဖြစ်ပြီး ဆန်စပါးကုန်စည်ဒိုင်များ ပိတ်ထားသည့် ရက်များအတွင်း ဒိုင်ပရဝဏ်အနီး လာရောက် ရောင်းဝယ်ခြင်းကိုလည်း ခွင့်မပြု ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကလည်း စက်တင်ဘာလ ၂၁ ရက်နေ့တွင် COVID-19 နှင့်ပတ်သက်၍ ကြေညာချက် အမှတ်-၂ ကိုထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေညာချက်တွင် စားသောက် ကုန်ထုတ်သည့် လုပ်ငန်းဖြစ်သဖြင့် ဆန်စပါး ကြိတ်ခွဲ သိုလှောင် ထုတ်လုပ် ဖြန့်ဖြူးသည့် လုပ်ငန်း များ ဆက်လက်လုပ်ဆောင်နိုင်ပြီး လုပ်ငန်းခွင်အတွင်း တတ်နိုင်သမျှ လူဦးရေ အနည်းဆုံးဖြင့် ကျန်းမာရေးဆိုင်ရာ အသိ/သတိထားပြီး COVID-19 ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များကို တိကျစွာ လိုက်နာဆောင်ရွက်သွားရန်နှင့် လက်လီဆန်ဆိုင်များ၊ စားသုံးသူပြည်သူများ အနေဖြင့် ဆန် ဝယ်ယူရန် လိုအပ်ချက်များရှိပါက အသင်းချုပ်နှင့် ဆက်သွယ်ဆောင်နိုင်ရန် အသိပေး ကြေညာ ထားကြောင်း သိရှိရပါသည်။
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင် ၁၉၄ ကျပ်နှုန်းရှိပြီး၊ ဧည့်မထ ၂၅ % ဆန်တစ်အိတ်လျှင် ၂၂၃၁၀ ကျပ်မှ ၂၃၂၈၀ ကျပ်ကြား ပေါက်စျေး ရှိကြောင်း သိရှိရပါသည် မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် ၁ ဘတ်လျှင် ၄၈ ကျပ် နှုန်း ပေါက်စျေးရှိကြောင်း သိရှိရပါသည်။
တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန် စျေးနှုန်းများကို လေ့လာကြည့်ပါက ဟားခါးမြို့တွင် ဧည့်မထဆန် တစ်ပြည်လျှင် ၂၃၀၀ ကျပ်၊ မုံရွာမြို့တွင် ဧည့်မထဆန် တစ်ပြည်လျှင် ၂၁၀၀ ကျပ်နှင့် ကလေးမြို့တွင် ဧည့်မထဆန် တစ်ပြည် လျှင် ၁၈၀၀ ကျပ်ဖြင့် အမြင့်ဆုံး စျေးနှုန်းများ ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြို့နှင့် ပုသိမ်မြို့တို့တွင် ဧည့်မထဆန် တစ်ပြည်လျှင် ၁၂၀၀ ကျပ်၊ ဘားအံမြို့တွင် ၁၁၀၀ ကျပ်နှင့် စစ်တွေမြို့တွင် ၁၀၅၀ ကျပ်တို့ဖြင့် အနိမ့်ဆုံး စျေးနှုန်းများ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။
Trading Economics Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန် စျေးနှုန်းမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ၀.၄၀ ရာခိုင်နှုန်း စျေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါ သည်။ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ တတိယပတ်တွင် နိုင်ငံတကာ ဆန်စျေးနှုန်းများတွင် အတက်/အကျ ပြောင်းလဲမှုများ ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်စျေးနှုန်းများ အတက်/ အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်ပါသည်။