Main menu

Background

Hard Brexit ဖြစ်ခဲ့လျှင် ဘယ်လ်ဂျီယံနိုင်ငံအနေဖြင့် ပို့ကုန် ယူရို ၃.၂ ဘီလီယံ ဆုံးရှုံးနိုင်ခြင်း

Fri, 10/23/2020 - 10:42 -- journal_editor

အီးယူမှ ဗြိတိန်ခွဲထွက်မှုသည် သဘောတူညီမှုမရရှိဘဲ Hard Brexit ဖြစ်ပေါ်ခဲ့ပါက ဘယ်လ် ဂျီယံနိုင်ငံ၏ နှစ်စဉ်ပို့ကုန်တင်ပို့မှုအပိုင်းတွင် ယူရို ၃ ဒသမ ၂ ဘီလီယံအထိ ဆုံးရှုံးနိုင်ဖွယ်ရှိသည်ဟု  ဘယ်လ်ဂျီယံနိုင်ငံရှိ ချေးငွေအာမခံလုပ်ငန်း Euler Hermes ၏ ဆန်းစစ်မှုအရ သိရသည်။ ဥရောပ သမဂ္ဂနှင့်ဗြိတိန်နိုင်ငံတို့အကြား သတ်မှတ်ကာလကုန်ဆုံးချိန်နီးကပ်မှ သဘောတူညီမှုရရှိခဲ့လျှင် ဘယ်လ်ဂျီယံနိုင်ငံ၏ ပို့ကုန်ကဏ္ဍ၌ ဆုံးရှုံးမှုသည် ယူရို ၁ ဒသမ ၆ ဘီလီယံခန့် ရှိနိုင်မည်ဟု ဆိုသည်။ Hard Brexit ကြောင့် ထိခိုက်မှုအများဆုံးရှိနိုင်သည့် နိုင်ငံများမှာ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ်နှင့် ဘယ်လ်ဂျီယံ နိုင်ငံတို့ ဖြစ်ကြသည်။

            Hard Brexit ပုံစံဖြင့် ဗြိတိန်နိုင်ငံခွဲထွက်သည့် အခြေအနေတွင် ဘယ်လ်ဂျီယံနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍသည် ထိခိုက်မှုအရှိဆုံးကဏ္ဍဖြစ်နိုင်ပြီး၊ ယူရို ၉၆၉ သန်းခန့်ဆုံးရှုံး နိုင်ကြောင်း၊ ဓါတုဗေဒပစ္စည်းများကဏ္ဍ (ယူရို ၄၀၉ သန်း)၊ ပလပ်စတစ်ကဏ္ဍ (ယူရို ၂၈၄ သန်း)၊ တွင်းထွက်ပစ္စည်းကဏ္ဍ (ယူရို ၂၁၆ သန်း)နှင့် အထည်အလိပ်ကဏ္ဍ (ယူရို ၂၀၇ သန်း) စသည်ဖြင့် ထိခိုက်မှုရှိနိုင်ကြောင်း သိရသည်။ Euler Hermes ၏ ဆန်းစစ်လေ့လာမှုအရ ဗြိတိန်နိုင်ငံသည်လည်း ၂၀၂၁ ခုနှစ်တွင် GDP တိုးတက်မှုနှုန်း အနှုတ် (၅) ရာခိုင်နှုန်းအထိ ရင်ဆိုင်ရနိုင်ပြီး၊ ပို့ကုန် ၁၅ ရာခိုင်နှုန်းကျဆင်းနိုင်ကာ ငွေကြေးဖောင်းပွနှုန်းမှာ ၅ ရာခိုင်နှုန်းထက်ပို၍ရှိနိုင်ကြောင်း ဆိုသည်။ သို့ရာတွင် ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းအပြင် hard Brexit ဖြစ်ပေါ်ခဲ့ပါက လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးဆက်များရှိလာနိုင်သဖြင့် အီးယူနှင့် ဗြိတိန်နိုင်ငံတို့အကြား သဘောတူညီမှု ရရှိမည်ဟု Euler Hermes က မျှော်လင့်ထားဆဲဖြစ်ကြောင်း သိရသည်။

ရင်းမြစ်   (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့