ဥရောပ၏ နွေရာသီကာလမတိုင်မီ ဘေးကင်းလုံခြုံစွာ ခရီးသွားလာမှုစတင်နိုင်ရေးအတွက် vaccination passports ခေါ် ခရီးသွားလက်မှတ် (Digital Green Certificate) အား အတည်ပြုရေး လုပ်ငန်းစဉ်မြန်ဆန်ရေး fast-track procedure တစ်ရပ်ကို ဥရောပပါလီမန်က ကြေညာခဲ့ပါသည်။ ဥရောပပါလီမန်အမတ်အများစုက အဆိုပါအရေးပေါ်လုပ်ငန်းစဉ်ကို ထောက်ခံခဲ့ကြသဖြင့် vaccination passports အတွက် ဥရောပကော်မရှင်၏ အဆိုပြုချက် ကို ပါလီမန်က ပို၍မြန်ဆန်စွာ သုံးသပ်နိုင်မည်ဖြစ်သည်။ ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen ကပြောကြားခဲ့သည့် အတိုင်း လာမည့် ဇွန်လတွင် အတည်ပြုနိုင်ဖွယ်ရှိကြောင်း သိရသည်။
ယင်းအသိအမှတ်ပြုလက်မှတ်ကို အသုံးပြုရာတွင် လက်မှတ်ရရှိထားသူနှင့် မရရှိသူတို့ အကြား အီးယူအတွင်းလွတ်လပ်စွာခရီးသွားလာခွင့်နှင့်ပတ်သက်၍ ခွဲခြားဆက်ဆံမှုတစ်ရပ်မဖြစ် သင့်ကြောင်း၊ လက်မှတ် ကိုင်ဆောင်သူ၏ ပုဂ္ဂိုလ်ရေးရာအချက်အလက်နှင့် ဆေးပညာဆိုင်ရာ အချက်အလက်များအား ခိုင်မာစွာ အကာအကွယ်ပေးရန်လိုအပ်ကြောင်း၊ လိုအပ်သည့် ဒေတာ အချက်အလက်များကိုသာ ထည့်သွင်းသင့်ကြောင်း civil liberties committee ၏ ဥက္ကဌဖြစ်သူ Juan Fernando Lopez Aguilar က ပြောကြားခဲ့ပါသည်။
ဥရောပကော်မရှင်၏ အဆိုပြုချက်အရ ယင်း Certificate ၏ စစ်မှန်မှု၊ ယုံကြည်စိတ်ချရမှု၊ တရားဝင်ဖြစ်မှုတို့ကို အာမခံပေးခြင်းနှင့်သက်ဆိုင်သည့် အဓိကသတင်းအချက်အလက်များသာ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ လက်မှတ်ကိုင်ဆောင်သူ၏ အမည်၊ မွေးသက္ကရာဇ်၊ လက်မှတ် ထုတ်ပေးသည့် အီးယူအဖွဲ့ဝင်နိုင်ငံ၊ ကိုင်ဆောင်သူသည် COVID-19 ကာကွယ်ဆေး ထိုးပြီး/မပြီး၊ COVID-19 စစ်ဆေးပြီးသည့် ရလာဒ်၊ Covid-19 ကူးစက်ခံရပြီးနောက် ပြန်လည်ကောင်းမွန်လာမှု အခြေအနေ စသည့် သတင်းအချက်အလက်များပါဝင်မည်ဟု ဆိုသည်။
အဆိုပါ ခရီးသွားလာခွင့်လက်မှတ်ကို အသုံးပြုရေးအတွက် အီးယူအဖွဲ့ဝင်နိုင်ငံအများအပြား အထူးသဖြင့် ဥရောပတောင်ပိုင်းရှိ ဂရိကဲ့သို့သော ခရီးသွားလုပ်ငန်းအပေါ် အလွန်အမင်းမှီခိုနေရ သည့် နိုင်ငံအများစုက တွန်းအား ပေးခဲ့ကြကြောင်းသိရသည်။ ဘယ်လ်ဂျီယံနိုင်ငံဝန်ကြီးချုပ် Alexander De Croo နှင့် နိုင်ငံခြားရေးဝန်ကြီး Sophie Wilmès တို့က ကမ္ဘာနှင့်အဝန်း ကာကွယ် ဆေးထိုးနှံမှုများကို လွှမ်းခြုံဆောင်ရွက်နိုင်ခြင်း မရှိသေးချိန်တွင် ယင်းလက်မှတ်သည် ကာကွယ် ဆေးထိုးနှံပြီးသူများကိုသာ အထူးအခွင့်အရေးပေးခြင်းမျိုး မဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။
၎င်းခရီးသွားလက်မှတ်အား ဘယ်လ်ဂျီယံနိုင်ငံ ပြည်သူများက အသုံးပြုနိုင်မည့်အခြေအနေ နှင့် အီးယူပြင်ပရှိ တတိယနိုင်ငံများသို့ ခရီးသွားလာမှုအတွက် အလားတူချဉ်းကပ်မှုဖြင့် ရှေ့ဆက် ဆောင်ရွက်နိုင်ဖွယ်ရှိ/မရှိတို့ကို သက်ဆိုင်ရာအာဏာပိုင်များက သုံးသပ်သွားမည်ဖြစ်ကြောင်း ဘယ်လ်ဂျီယံနိုင်ငံဝန်ကြီးချုပ် Alexander De Croo က ပြီးခဲ့သည့်သီတင်းပတ်အတွင်း ပြောကြား ခဲ့ပါသည်။
ရင်းမြစ် - (ဘရပ်ဆဲလ်တိုင်းမ်)
(ကျော်စိန်ဝင်း၊စီးပွားရေးသံမှူး)