၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ပဲတီစိမ်း တန်ချိန် ၁ သိန်း ၅ သောင်း၊ ပဲစင်းငုံ တန်ချိန် ၄ သိန်းနှင့် မတ်ပဲ တန်ချိန် ၄ သိန်းတို့ကို တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန (DGFT) က သတ်မှတ်သည့် လိုင်စင်လျှောက်ထားရန် လုပ်ထုံးလုပ်နည်း များနှင့်အညီ ပဲခွဲစက်များ၊ ပဲပြန်လည်သန့်စင်ရေးလုပ်ငန်းများနှင့် ကုန်သည်များသို့ ခွဲတမ်းချထား ပေးမည်ဖြစ်ကြောင်းကို အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက မတ်လအတွင်း၌ အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခဲ့ပါသည်။ ထို့နောက် DGFT ဌာနသည် အဆိုပါ ပဲ ၃ မျိုး တင် သွင်းခွင့်ခွဲတမ်းများ ခွဲဝေချထားနိုင်ရန်အတွက် ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ၁၅-၄-၂၀၂၁ နေ့၊ ၁၇း၀၀ နာရီ နောက်ဆုံးထားလျက် ၎င်းတို့ဌာန၏ အင်တာနက်ဝက်ဘ်ဆိုက်မှတစ်ဆင့် လျှောက်လွှာများတင်သွင်းခြင်းကို ဆောင်ရွက်ကြရန် ၃၀-၃-၂၀၂၁ နေ့၌ အများပြည်သူဆိုင်ရာ အသိပေးနှိုးဆော်စာ ထုတ်ပြန်ခဲ့ပါသည်။
၂။ အဆိုပါ နှိုးဆော်စာ၌ ပဲတင်သွင်းခွင့်လျှောက်ထားမှုကို ဝက်ဘ်ဆိုက်မှသာ လက်ခံမည်ဖြစ် ပြီး အီးမေးလ်များ၊ စာတိုက်ပေးပို့စာများကို လက်ခံမည် မဟုတ်ကြောင်း၊ ပဲတင်သွင်းခွင့် ခွဲတမ်း အတွက် လျှောက်ထားသူအရေအတွက်ကို ကြိုတင်သတ်မှတ်ထားသဖြင့် သတ်မှတ် အရည် အချင်းနှင့် ကိုက်ညီသည့် ကုမ္ပဏီများကိုသာ မဲနှိုက်စနစ်အပေါ် အခြေခံ၍ ရွေးချယ်မည်ဖြစ်ပြီး တင်သွင်းရမည့် ပဲတန်ချိန်ကို အညီအမျှ ခွဲဝေချထားမည်ဖြစ်ကြောင်း၊ ပဲများတင်သွင်းရမည့် ကာလမှာ ခွဲတမ်းထုတ်ပြန်ချိန်မှ ၃၁-၃-၂၀၂၂ နေ့အထိဖြစ်ရာ တင်သွင်းခွင့်ရရှိသည့် ကုမ္ပဏီများ အနေဖြင့် ၎င်းနေ့ရက် နောက်ဆုံးထား၍ အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းသို့အရောက် တင်သွင်းကြရမည် ဖြစ်ကြောင်း၊ ပဲမျိုးစုံ သတ်မှတ်ခွဲတမ်းပမာဏ၏ ၅၀ ရာခိုင်နှုန်းအောက် လျော့နည်းတင်သွင်း သည့် ကုမ္ပဏီ/လုပ်ငန်းရှင်များအား နောင်လာမည့် နှစ်များ၌ ပဲတင်သွင်းခွင့်လျှောက်ထားရာတွင် ပါဝင်ခွင့်ပြုမည် မဟုတ်ကြောင်း၊ ပဲတင်သွင်းခွင့် ကာလသက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားမှု များကိုလည်း လက်ခံဆောင်ရွက်မည် မဟုတ်ကြောင်း ဖော်ပြထားပါသည်။
Source: Public Notice No. 47/ 2015-20 dated 30th March 2021 of Directorate General of Foreign Trade, Ministry of Commerce and Industry of India
နေအေးလွင်
စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့