Main menu

Background

စွမ်းအင်ဈေးနှုန်းမြင့်တက်မှုကိုဥရောပနိုင်ငံများပေါင်းစည်းတုံ့ပြန်သွားရန်ပြင်သစ်နှင့်စပိန်နိုင်ငံတို့ကတိုက်တွန်းခြင်း

Fri, 10/08/2021 - 12:17 -- journal_editor

ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများမြင့်တက်နေသဖြင့် အီးယူရှိဆင်းရဲနွမ်းပါးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းများ၏ယှဉ်ပြိုင်နိုင်စွမ်းနှင့် အီးယူ၏၂၀၅၀ပြည့်နှစ်၊ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး အစီအမံတို့ကို ကာကွယ်ပေးရန် အတွက် ဥရောပနိုင်ငံများအကြားပေါင်းစည်းတုံ့ပြန်မှုတစ်ရပ်ကို လုပ်ဆောင်ရန်ပြင်သစ်နှင့် စပိန်နိုင်ငံတို့ကတောင်းဆိုတိုက်တွန်းခဲ့ကြောင်း ၊ယင်းတောင်းဆိုမှုသည်စွမ်းအင်ဈေးနှုန်းမြင့်တက်နေမှုဖြေရှင်းရေး ဥရောပကော်မရှင်၏ ဆောင်ရွက်ချက် အားဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

 သဘာဝဓါတ်ငွေ့အဓိကထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၏ရောင်းလိုအားသည် ဝယ်လိုအားကိုပြည့်မီမှုမရှိခြင်း၊ ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါမှ စီးပွားရေးပြန်လည် နာလန်ထူလာရန် ကြိုးပမ်းနေမှုများကြောင့် ကမ္ဘာ့စွမ်းအင် ဝယ်လိုအာ:မြင့်တက်လျက်ရှိရာ အီးယူတစ်ဝန်း၌ လည်းစက်သုံးဆီဓါတ်ငွေ့ဈေးနှုန်းများ စံချိန်တင်မြင့်တက်နေခြင်းဖြစ်သည်ဟုဆိုသည်။ ယခုအခါဥရောပ၏ ဆောင်းရာသီဝင်ရောက်လာပြီဖြစ်၍ အနွေးပေးရန်အတွက်ဓါတ်ငွေ့ကို ပိုမိုအသုံးပြုရမည် ဖြစ်ရာအီးယူရှိ စားသုံးသူများအပေါ်စွမ်းအင်/ဓါတ်ငွေ့ဈေးနှုန်းမြင့်တက်မှု ဖိအားများရှိလာကြောင်း သိရပါသည်။

အီးယူတစ်ဝန်းစွမ်းအင်ဈေးနှုန်းများ မြင့်တက်နေသဖြင့်ယူရိုဇုန်၏ ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးကို လူဇင်ဘတ်နိုင်ငံ၌ ၄-၁၀-၂၀၂၁ရက်တွင်ကျင်းပခဲ့ကြောင်း ၊စွမ်းအင်ဈေးနှုန်းမြင့်တက်မှုကြောင့် ဖြစ်ပေါ်သည့် ငွေကြေးဖောင်းပွမှုနှုန်း တက်လာခြင်းမှာယာယီသာဖြစ်၍ ၂၀၂၂ခုနှစ်တွင်ပြန်လည်ကျဆင်းသွားမည်ဖြစ်သော်လည်း ယင်းမှာစိုးရိမ်ဖွယ်ကောင်းပြီး ၊စောင့်ကြည့်ရန်လိုအပ်ကြောင်း ၎င်းတို့ကသဘောတူခဲ့ကြသည်ဟုသိရသည်။

စွမ်းအင်ဈေးနှုန်းများ မကြုံစဖူးမြင့်တက်နေသည်ကို တွေ့ရကြောင်း၊ယင်းကိုတစ်နိုင်ငံချင်း ဖြေရှင်း၍မရနိုင်ဘဲ ဥရောပနိုင်ငံများအကြားပေါင်းစပ်ညှိနှိုင်းတုံ့ပြန်ရန် လိုအပ်သည်ဟု စပိန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Nadia Calvino  ကပြောကြားကြောင်း၊ စပိန်နိုင်ငံအနေဖြင့် စွမ်းအင်ဈေးနှုန်းမြင့်တက်မှုဖြေရှင်းနိုင်ရေး ဖြစ်နိုင်ဖွယ်နည်းလမ်းများပါဝင်သည့် စာတမ်းတစ်စောင်ကိုလည်း ပြုစုထားသည်ဟု ၎င်းကပြောကြားကြောင်းသိရပါသည်။

      စပိန်နိုင်ငံက တင်ပြသည့်စာတမ်းပါ ဖြစ်နိုင်ဖွယ်နည်းလမ်းများအနက် တစ်ခုမှာ အီးယူ(၂၇)နိုင်ငံရှိ စားသုံးသူပြည်သူများအတွက် ဈေးနှုန်းသက်သာစေရေး ဆောင်ရွက်ရာတွင် အထောက်အကူပြုစေမည့် မဟာဗျူဟာမြောက် ဥရောပ၏ အရံဓါတ်ငွေ့သိုလှောင်မှု (strategic European Gas Reserve) ကိုလုပ်ဆောင်ရန်ဖြစ်ကြောင်း သိရပါသည်။ အီးယူ၏သဘာဝဓါတ်ငွေ့ဝယ်ယူရာတွင် ညှိနှိုင်းဝယ်ယူနိုင်စွမ်း တိုးတက်လာစေရေးအတွက် ဗဟိုမှထိန်းချုပ် ဝယ်ယူသည့် စင်္ကြန်တစ်ခုလိုအပ်ကြောင်း ၊ကိုဗစ်-၁၉ကာကွယ်ဆေးများ ဝယ်ယူရာတွင် ဗဟိုမှဝယ်ယူသည့်ပုံစံဖြင့် ဆောင်ရွက်ခဲ့ပြီး ၊အောင်မြင်မှုရှိခဲ့သဖြင့် ယင်းပုံစံကိုစွမ်းအင်ဝယ်ယူမှု ကဲ့သို့သော မဟာဗျူဟာမြောက်နယ်ပယ် များတွင် အသုံးပြုသင့်သည်ဟု ၎င်းစာတမ်းကဆိုသည်။

      ပြင်သစ်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူBruno le Maire ကဥရောပ၏ အရံဓါတ်ငွေ့သိုလှောင်ထားရှိရေးနှင့် လျှပ်စစ်ဓါတ်အားခဈေးနှုန်းနှင့် ဓါတ်ငွေ့ဈေးနှုန်းအကြား ချိတ်ဆက်နေမှုကို ဖြတ်တောက်နိုင်ရေး အဆိုပြုခဲ့ကြောင်း သိရသည်။ ဥရောပ၏စွမ်းအင်ဈေးကွက်သည်ဥရောပတစ်ဝန်း၌ စွမ်းအင်ရရှိမှုသေချာစေသည့်အားသာချက်ရှိပြီး၊ လျှပ်စစ်ဓါတ်အားဈေးနှုန်းနှင့် လောင်စာဆီဓါတ်ငွေ့ဈေးနှုန်း ယှဉ်တွဲချိတ်ဆက်နေသည့် အဓိကအားနည်းချက်လည်း ရှိနေကြောင်း၊ဓါတ်ငွေ့ကဲ့သို့သောရုပ်ကြွင်းလောင်စာဆီဈေးနှုန်းနှင့်ဆက်လက်ချိတ်ဆက်နေမည်ဆိုပါကလောင်စာဆီ သုံးအင်ဂျင်များကိုအသုံးမပြုဘဲ လျှပ်စစ်ဓါတ်အားကိုပိုမိုသုံးစွဲ၍ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များသို့ ကူးပြောင်းရေးအီးယူ၏အစီအမံမှာတိုးတက်မှုရရှိမည်မဟုတ်ဘဲစွမ်းအင်ဈေးနှုန်းမြင့်တက်မှုဖြင့်သာအဆုံးသတ်စေနိုင် ကြောင်းBruno le Maireကပြောကြားခဲ့သည်ဟုသိရပါသည်။

            စွမ်းအင်ဈေးနှုန်းများနှင့် လောင်စာဆီဓါတ်ငွေ့ဈေးနှုန်းများ အကြားယှဉ်တွဲချိတ်ဆက်နေမှုနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များအတွက် ရင်းနှီးမြှုပ်နှံမှုများစွာပြုလုပ်ရန် လိုအပ်ချက်တို့ကြောင့် ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေး အစီအစဉ်များသည် ကာလရှည်ကြာစွမ်းအင်ဈေးနှုန်း မြင့်တက်မှုကိုဖြစ်စေနိုင်ကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များမှ လျှပ်စစ်ဓါတ်အားပိုမိုရရှိရန် လိုအပ်ချက်ရှိနေသေးသဖြင့် စွမ်းအင်ဈေးနှုန်း ကြီးမြင့်မှုကို ကာလရှည် ရင်ဆိုင်ကြုံတွေ့ရနိုင်သည်ဟု ၎င်းကပြောကြားခဲ့ကြောင်းသိရပါသည်။

ကျော်စိန်ဝင်း

စီးပွားရေးသံမှူး

ရင်းမြစ် -  (Euractiv)