တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတ မစ္စတာရှီကျင်းပင်သည် ဒီဇင်ဘာလ (၁) ရက်နေ့တွင် United Russia ပါတီတည်ထောင်သည့် နှစ်(၂၀)ပြည့်အထိမ်းအမှတ် အတွက် ချီးကျူးဂုဏ်ပြုသည့်သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။
အဆိုပါသဝဏ်လွှာတွင် United Russia ပါတီအား ရုရှားနိုင်ငံ၏အရေးပါသည့် နိုင်ငံရေးအင်အားတစ်ရပ်အဖြစ် ဖော်ပြထားပြီး၊ ရုရှားသမ္မတမစ္စတာဗလာဒီမာပူတင်၏ မဟာဗျူဟာမြောက်မူဝါဒများတွင် ရုရှားပြည်သူ လူထုကို တက်ကြွစွာစုစည်းပေး၍ လမ်းညွှန်ပြသပေးနိုင်စွမ်းရှိသည့်ပါတီဖြစ်ကြောင်း ချီးကျူး၍ရေးသားထားပါသည်။
United Russia ပါတီသည် နိုင်ငံရေးတည်ငြိမ်စေရန်ဆောင်ရွက်ပေးနိုင်ခြင်း၊ စီးပွားရေးကိုဖွံ့ဖြိုးတိုးတက်စေခြင်း၊ ပြည်သူများ၏သာယာဝပြောမှုကိုတိုးတက်စေခြင်း၊ နိုင်ငံ၏အပြည်ပြည်ဆိုင်ရာပုံရိပ်ကို မြှင့်တင်ပေးနိုင်ခြင်း တို့ကြောင့် နိုင်ငံတစ်ဝှမ်းမှ ပြည်သူများ၏ ထောက်ခံမှုကိုရရှိထားသည်ဟု တရုတ်သမ္မတက မှတ်ချက်ပြုပြောကြားထားပါသည်။
ယခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီနှင့် United Russia ပါတီတို့အကြား ဆက်ဆံရေးထူထောင်ခဲ့သော နှစ်(၂၀)ပြည့်အထိမ်းအမှတ်နှစ်လည်းဖြစ်ပါသည်။ ပါတီနှစ်ခုတို့သည် ၎င်းတို့၏ဆက်ဆံရေးကို နှစ်(၂၀)အတွင်း ပိုမိုဖွံ့ဖြိုး တိုးတက်လာအောင် ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံနှစ်နိုင်ငံမှ ခေါင်းဆောင်များအကြား ဘုံသဘောတူညီချက်အကောင်အထည်ဖော်ခြင်း၊ နှစ်နိုင်ငံအကြား နိုင်ငံရေးဆိုင်ရာနှင့် မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုပေါင်းစည်းခြင်း၊ ဘက်စုံထောင့်စုံမှ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းနှင့် နှစ်နိုင်ငံ၏ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းလာစေခြင်းတို့အားဖြင့် တရုတ်ကွန်မြူနစ်ပါတီနှင့် United Russia ပါတီတို့က ထင်ရှားသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိကြပါသည်။
ယခုပေးပို့သည့် သဝဏ်လွှာတွင် United Russia ပါတီနှင့် တရုတ်ကွန်မြူနစ်ပါတီတို့၏ ချစ်ကြည်ရင်းနှီးမှုကို ဂုဏ်ပြုလိုက်ပြီး၊ ပါတီနှစ်ရပ်အကြား အသိဉာဏ်ပညာများဖြင့်ဖလှယ်ခြင်း၊ ဆက်လက်ပူးပေါင်းဆောင်ရွက် ခြင်းတို့ဖြင့် တရုတ်နှင့်ရုရှားတို့၏ဆက်ဆံရေးကို ပိုမိုအဆင့်မြင့်မားလာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကာ၊ ပြည်သူများအတွက် အေးအတူပူအမျှအသိုက်အဝန်းတစ်ရပ်ကို ပူးတွဲတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ရင်းမြစ်၊ CHINA DAILY (၂-၁၂-၂၀၂၁)
(ဒေါက်တာရွှေစင်ကို)
စီးပွားရေးသံမှူး