
စစ်ကိုင်းဒေသကြီးသည် မြန်မာနိုင်ငံအထက်ပိုင်း၏ ဆန်အိုးကြီးဟု ခေါ်တွင်ရလောက်အောင် ဆန်ရေစပါးပေါကြွယ်ဝစွာ စိုက်ပျိုးထွက်ရှိသည့်ဒေသဖြစ်သည်။ မိုးစပါးနှင့် နွေစပါးစိုက်ဧက စုစုပေါင်း သိန်း ၂၀ ကျော်ရှိပြီး စပါးအထွက်တင်းပေါင်း သိန်း ၁၆၀ဝ ကျော် ထွက်ရှိသည်။
စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး တစ်ဖက်မှာလည်း ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း အပါအဝင် ညီနောင်အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် နီးနီးကပ်ကပ်ဆက်ဆံ၍ တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း၊ လုပ်ငန်းရှင်များ၏ အခက်အခဲများကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးခြင်း၊ အထက်အဆင့် တာဝန်ရှိသူများထံတင်ပြခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မုံရွာမြို့ရှိ ဆန်စက်များ၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှုအခြေအနေများ၊ ဆန်/စပါးဈေးနှုန်း ဈေးကွက်အခြေအနေများ၊ စိန်ခေါ်မှုနှင့် အခက်အခဲများကို သိရှိနိုင်ရန်အတွက် မုံရွာမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းဝင် ဆန်စက်လုပ်ငန်းရှင်တစ်ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
မုံရွာမြို့ပေါ်နှင့် မုံရွာစက်မှုဇုန်တွင် တစ်ရက်လျှင်ဆန်တန် ချိန် ၅၀ မှ တန် ၁၀ဝ ကြား ကြိတ်ခွဲနိုင်သော အလတ်စားဆန်စက် ၁၃ လုံးရှိသည်။ လက်ရှိကာလတွင် ဆန်စက်အားလုံး လည်ပတ်ကြိတ်ခွဲလျက်ရှိသည်။ ဆန်စက်အများစုသည် ဂျပန်နိုင်ငံထုတ်နှင့် တရုတ်နိုင်ငံထုတ် ခေတ်မီဆန်စက်များဖြစ်သည်။ ဆန်စက်များတွင် Wet Polisher နှင့် Color Sorter အပါအဝင် ခေတ်မီစက်ယူနစ်များ တပ်ဆင်ထားသောကြောင့် အရည်အသွေးမြင့်တန်းမြင့်ဆန်များကိုပါ ကြိတ်ခွဲထုတ်လုပ်နိုင်ကြောင်း သိရှိရသည်။
အဆိုပါ ဆန်စက်များအနေဖြင့် တစ်နှစ်ပတ်လုံး ကြိတ်ခွဲနိုင်ကြကြောင်း၊ ကုန်ကြမ်းစပါးရရှိမှု အခြေအနေပေါ်မူတည်၍ နေ့/ည နှစ်ဆိုင်းဖြင့် ၂၄ နာရီလည်ပတ်ကြသကဲ့သို့ နေ့ဘက်သာ လည်ပတ်ကြိတ်ခွဲရသည်လည်းရှိသည်။ မိုးတွင်းကာလများတွင် ကုန်ကြမ်းစပါးပြတ်လပ်၍ စက်ရပ်နားထားရသောရက်များ ရှိတတ်သော်လည်း တစ်လ၊ နှစ်လ စသည်ဖြင့် ကာလရှည်စက်ရပ်ထားရခြင်းမရှိကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုနှစ်ရာသီဥတုသည် ပုံမှန်အနေအထားတွင်ရှိသည့်အတွက် စပါးထွက်ရှိမှု ပုံမှန်ခန့်ရှိနိုင်မည်ဟု ခန့်မှန်းကြောင်း၊ ဒီဇင်ဘာလကုန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၏ ဒေသတော်တော်များများတွင် မိုးစပါးလှိုင်လှိုင်ပေါ် တော့မည်ဖြစ်ကြောင်း သိရှိရသည်။
မုံရွာမြို့မှ ဆန်စက်များအနေဖြင့် အများဆုံးကြိတ်ခွဲသည့် စပါးအမျိုးအစားမှာ ဧရာမင်းစပါးဖြစ်ကြောင်း၊ မနောသုခနှင့် ရွှေဘိုပေါ်ဆန်းစပါးများကိုလည်း ကြိတ်ခွဲကြကြောင်း၊ ကုန်ကြမ်းစပါး ဝယ်ယူရရှိမှုအနေဖြင့် ကလေးမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက် မြို့၊ မင်းကင်းမြို့၊ ဒီပဲယင်းမြို့၊ ဘုတလင်မြို့၊ ယင်းမာပင်မြို့၊ ပုလဲမြို့၊ ချောင်းဦးမြို့၊ ရွှေဘိုမြို့စသည့်မြို့နယ်များမှ အများဆုံးဝယ်ယူကြကြောင်း သိရှိရသည်။ ပုလဲမြို့နယ်မှထွက်ရှိသော ဝန်ကြီးဧရာစပါးနှင့် ချောင်းဦးမြို့နယ်မှထွက်ရှိသော မနောသုခစပါးများသည် အရည်အသွေးသာမက ဆန်ကြိတ်ထွက်နှုန်းပါ အထူးကောင်းမွန်ကြောင်းသိရှိရသည်။ ရွှေဘိုပေါ်ဆန်းသည် တစ်နိုင်ငံလုံးက အထူးကြိုက်နှစ်သက်ကြသည့်အတွက် ရွှေဘိုပေါ်ဆန်းဆန်ကို မြန်မာ တစ်နိုင်ငံလုံး ဒေသအနှံ့ တင်ပို့ရကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးမှ အဓိကထွက်ရှိသော ဆန်နှစ်မျိုးဖြစ်သည့် ဧရာမင်းနှင့် ရွှေဘိုပေါ်ဆန်းဆန်တို့သည် မြန်မာလူမျိုးများအကြိုက်ဖြစ်သောကြောင့် ပြည်တွင်းတွင် ဖြန့်ဖြူးကြောင်း၊ မြန်မာတစ်နိုင်ငံလုံး ဒေသအနှံ့ ဖြန့်ဖြူးရောင်းချကြကြောင်း မနောသုခဆန်ကို မန္တလေးနှင့် ရန်ကုန်မြို့ကြီးများမှ ဆန်ကုန်သည်ကြီးများမှတစ်ဆင့် Export တင်ပို့ရောင်းချသည်များရှိကြောင်း၊ ဒေသခံကုန်သည်ကြီးအချို့အနေဖြင့် ရွှေဘိုပေါ်ဆန်းနှင့် ဧရာမင်းဆန်တို့ကို အရည်အသွေးကောင်းကောင်း ထုတ်လုပ်ပြီး Export တင်ပို့နိုင်ရေး ဆောင်ရွက်နေကြသည်များရှိကြောင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ လာအိုနှင့် တောင်အာဖရိကနိုင်ငံတချို့သို့ ဆန်နမူနာပေးပို့၍ ချိတ်ဆက်ညှိနှိုင်းထားကြောင်း၊ ရရှိနိုင်မည့် ဈေးနှုန်းနှင့် တွက်ခြေကိုက်ပါက Export တင်ပို့နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိကာလတွင် မြန်မာနိုင်ငံမှ အဓိက Export တင်ပို့သောဆန်အမျိုးအစားသည် ဧည့်မထဆန်ဖြစ်ကြောင်း၊ Export ဆန်ဈေးအတက်အကျသည် စစ်ကိုင်းတိုင်းဒေသကြီးထွက် ဧရာမင်းဆန်နှင့် ရွှေဘိုပေါ်ဆန်းဆန် ဈေးနှုန်းအပေါ် များစွာ သက်ရောက်မှုမရှိနိုင်ကြောင်း၊ ဒေသထွက်ဆန်များသည် မြန်မာလူမျိုးအကြိုက်ဆန်များဖြစ်သောကြောင့် ပြည်တွင်းတွင် ဒေသအနှံ့တင်ပို့နေရကြောင်း၊ ထွက်ရှိမှုပမာဏ နှင့် ဝယ်လိုအားပမာဏသည်လည်းမျှချေခန့် ရှိနေသောကြောင့် ဈေးကွက်တည်ငြိမ်ကြောင်း သိရှိရသည်။
လက်ရှိစပါးတင်း ၁၀ဝ ပေါက်ဈေးမှာ ဧရာမင်းစပါး ကျပ် ၁၄ သိန်းခန့်၊ မနောသုခစပါး ကျပ် ၁၂ သိန်းခန့်၊ ရွှေဘိုပေါ်ဆန်း စပါး ကျပ် ၂၅ သိန်းခန့်ရှိကြောင်း၊ ဆန်ဈေးအနေဖြင့် ဧရာမင်းဆန် တစ်အိတ် ကျပ် ၆၄၀ဝ၀၊ မနောသုခ ဆန်တစ်အိတ် ကျပ် ၄၄၀ဝ၀၊ ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ် ကျပ် ၈၅၀ဝ၀ ခန့်ရှိကြောင်း၊ အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းအနည်းငယ်ကွာခြားနိုင်ကြောင်း သိရှိရသည်။
ဆန်စက်ပိုင်ရှင်များအနေဖြင့် နဝလီကြိတ်ခွဲမှုအနည်းငယ်သာရှိပြီး ကိုယ်ပိုင် စပါးဝယ်ယူကြိတ်ခွဲကြသည်က များကြောင်း၊ စပါးဝယ်ယူမှုအနေဖြင့် နယ်စပါးပွဲစားများက ဆန်စက်အရောက် လာရောင်းကြသည်ကို ဝယ်ယူခြင်းနှင့် နယ်တွင် အဝယ်တော်ထားရှိပြီး ကော်မရှင်စားဖြင့် ဝယ်ယူခြင်း စသည့် နည်းလမ်းနှစ်မျိုးဖြင့် ဝယ်ယူကြကြောင်း၊ ကုန်းလမ်း၊ ရေလမ်းနှစ်မျိုးလုံးဖြင့် လာရောင်းကြကြောင်း သိရသည်။ စပါးဝယ်ယူရာတွင် နယ်မှအဝယ်တော်များ၊ ပွဲစားများက လယ်သမားများနှင့် ဈေးညှိ၊ ဈေးဖြတ်၍ တင်းတောင်းဖြင့် ခြင်တွယ်ပြီး ဝယ်ယူကြကြောင်း၊ အဆိုပါနယ်ပွဲစားများသည် ဆန်စက်များသို့ စပါး နှစ်တင်းဝင် အိတ်များဖြင့် လာရောင်းကြကြောင်း၊ စက်ပိုင်ရှင်များက Weight ချိန်တွယ်ပြီး ဝယ်ယူကြကြောင်း၊ အစိုဓာတ်များလွန်းသော စပါးကို လာရောင်းပါက ဆန်စက်များရှိ စပါးအခြောက်ခံစက်များဖြင့် အခြောက်ခံစေပြီး ချိန်တွယ်ဝယ်ယူကြောင်း သိရှိရသည်။ နဝလီ လာရောက်ကြိတ်ခွဲပါက စက်ကြိတ်ခအနေဖြင့် ဆန်တစ်အိတ်လျှင် ကျပ် ၁၅၀ဝ ကျသင့်ကြောင်း၊ Color Sorterကိုပါ အသုံးပြုပေးရပါက နောက်ထပ် ကျပ် ၅၀ဝ ထပ်ဆောင်းကျသင့်မည်ဖြစ်သောကြောင့် ဆန်တစ်အိတ်လျှင် ကျပ် ၂၀ဝ၀ ကျသင့်ပါကြောင်း၊ နဝလီစပါး လာရောက် ကြိတ်ခွဲကြသော စပါးပိုင်ရှင်များက ဆန်ထွက်ပစ္စည်းများ ဖြစ်ကြသော ဆန်ကွဲနှင့် ဖွဲနု တို့ကို ဆန်စက်တွင် ပြန်ရောင်းပေးခဲ့ကြသောကြောင့် ၎င်းတို့အပေါ်ကလည်း အမြတ်အနည်းငယ်ရကြောင်း သိရသည်။ ဆန်စက်ပိုင်ရှင်များအနေဖြင့် ဆန်ဈေးပေါ် မူတည်ပြီး ချက်ချင်း ကြိတ်မရောင်းဘဲ စပါးသိုလှောင်ထားပြီး ဆန်ဈေးကြိုက်မှ ကြိတ်ရောင်းကြသည်လည်း ရှိကြောင်း၊ ဆန်စက်ပိုင်ရှင်အကျိုး အမြတ်အားဖြင့် စပါးတင်း ၁၀ဝ ကြိတ်ခွဲပါက တစ်သိန်းကျပ်မှ သုံးသိန်းကျပ်ဝန်းကျင်ထိ အမြတ်ရရှိနိုင်ကြောင်း သိရှိရသည်။
ဆန်စက်လုပ်ငန်း၏ သဘာဝအရ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလများတွင် ကုန်ကြမ်းစပါး အများဆုံး ဝယ်ယူရရှိကြောင်း၊ အဆိုပါကာလများတွင် လျှပ်စစ်မီးရရှိမှုမှာ အကန့်အသတ်ဖြစ်လာတတ်ကြောင်း၊ ကုန်ကြမ်းများများရသောကြောင့် များများကြိတ်ခွဲရမည့်ကာလတွင် လျှပ်စစ်မီးရရှိမှု အားနည်းပါက အခက်အခဲရှိနိုင်ကြောင်း၊ စိန်ခေါ်မှုအနေဖြင့် အရင်းအနှီးလိုအပ်ကြခြင်း ဖြစ်ကြောင်း၊ နည်းပညာပိုင်းအနေဖြင့် ဆန်စက်များသည် အတော်အသင့်ခေတ်မီကြကြောင်း၊ လုပ်ငန်းများ ချဲ့ထွင်နိုင်ရေး၊ နိုင်ငံတော်ကလမ်းညွှန်ထားသော တောင်သူ၊ လယ်သမားများနှင့်အကျိုးတူ ContractFarming ဆောင်ရွက်နိုင်ရေးအတွက် အရင်းအနှီးလိုအပ်ကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်က ပေးသော ချေးငွေများရရှိကြသော်လည်း များသောအားဖြင့် နှစ်တိုချေးငွေများဖြစ်သည့်အတွက် ရေရှည်ရင်းနှီးမြှုပ်နှံရန် အကန့်အသတ်ဖြစ်နေကြောင်း၊ အတိုးနှုန်းသက်သာသော နှစ်ရှည်ချေးငွေများရရှိပါက ဆန်စက်လုပ်ငန်းများသာမက စပါးစိုက်ပျိုးရေးကဏ္ဍပါ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။
ဝေဖြိုးထက်(စားသုံးသူ-စစ်ကိုင်း)