ကုန်သွယ်မှုသင်တန်းကျောင်း (Trade Training Institute - TTI) သည် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၂ ရက်မှစတင်ပြီး သင်တန်း များ ပြန်လည်ဖွင့်လှစ်ပို့ချလျက်ရှိသည်။ သင်တန်း၌ စာတွေ့သင်ကြား ပို့ချမှုအပြင် ပြင်ပလေ့လာရေးခရီးစဉ်များလည်း ပါဝင်သည်။ သင်တန်းကျောင်းသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် လက်ရှိ တက်ရောက်လျက်ရှိသော အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံ သင်တန်း အမှတ်စဉ် (၆)မှ သင်တန်းသား၊ သင်တန်းသူများအား ရန်ကုန်စတော့အိတ်ချိန်း (Yangon Stock Exchange - YSX) သို့ လေ့လာရေးခရီး (Touring Program) ပို့ဆောင်ပေးခဲ့သည်။
ဒီဇင်ဘာ ၇ ရက် နံနက် ၉ နာရီခွဲတွင် YSX ရှင်းလင်းဆောင်၌ Touring Program ကို စတင်ကျင်းပရာ အကြီးတန်းအမှုဆောင် မန်နေဂျာ ဦးသက်ထွန်းဦးက ယခုလိုလာရောက်သည့်အတွက် သင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုကြောင်း၊ စီစဉ်သူများအား ကျေးဇူးတင်ကြောင်း၊ International Trade သင်တန်းသည် နိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးအတွက် မရှိမဖြစ် သင်တန်းတစ်ခုဖြစ်ကြောင်း၊ သင်တန်းကျောင်းသည် သင်တန်း အပတ်စဉ်တိုင်း လေ့လာရေး လာရောက်လေ့ရှိသောကြောင့် YSX ၏ Partner ဖြစ်ကြောင်း မိတ်ဆက်ပြောကြားသည်။
ဆက်လက်၍ ဦးသက်ထွန်းဦးက ၁၉၉၆ ခုနှစ်တွင် Yangon Security Exchange Centre ကို တည်ထောင်ခဲ့ကြောင်း၊ ၁၉၉၇ ခုနှစ် အာရှငွေကြေးအကျပ်အတည်း (Asian Financial Crisis) နှင့် ၂၀ဝ၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း (Global Financial Crisis) တို့က စတော့ရှယ်ယာဈေးကွက်အပေါ် ဆိုးကျိုးသက်ရောက်ခဲ့ကြောင်း ၊ ထို့ကြောင့် ၂၀၁၃ ခုနှစ်တွင် Security Exchange Law ကို ပြဋ္ဌာန်းပြီး Yangon Stock Exchange ကို တည်ထောင် လည်ပတ်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်ကတည်းက ကြိုးစားခဲ့သောကြောင့် ယခုအချိန်တွင် ဂျပန်စတော့ရှယ်ယာဈေးကွက်သည် ထိပ်တန်းရောက်ရှိနေခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ဂျပန်နိုင်ငံ၏ တိုကျိုစတော့အိတ်ချိန်း (Tokyo Stock Exchange) ဖြစ်ပေါ်တိုးတက်လာပုံ အဆင့်ဆင့်ကို ဗီဒီယိုဖြင့် ရှင်းလင်းပြသသည်။ တစ်ဖန် ဦးသက်ထွန်းဦးက ကမ္ဘာပေါ်၌ စတော့ ရှယ်ယာလုပ်ငန်းကို စတင်တည်ထောင်ခဲ့သည့် နိုင်ငံမှာ နယ်သာလန် နိုင်ငံဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ယူကေ (ဗြိတိန်)၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့သို့ ပျံ့နှံ့ရောက်ရှိခဲ့ကြောင်း၊ အစုရှယ်ယာ ရောင်းဝယ် ခြင်းလုပ်ငန်းသည် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် တစ်စိတ် တစ်ပိုင်း အထောက်အကူပြုကြောင်း၊ ကုမ္ပဏီများအနေဖြင့် Stock Exchange ၌စာရင်းဝင်ကုမ္ပဏီ(Listed Company) အဖြစ် မှတ်ပုံတင်လိုပါက သတ်မှတ်ထားသည့် စံချိန်စံညွှန်းများပြည့်မီရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
အစုရှယ်ယာ ဝယ်ယူရင်းနှီးမြှုပ်နှံသူအတွက် အရင်းတန်ဖိုးတိုးခြင်း (Capital gain) နှင့် အမြတ်ဝေစုရရှိခြင်း (Dividend or Income gain) ဟူသော ကောင်းကျိုးနှစ်မျိုးကို ခံစားနိုင်ကြောင်း၊ စတော့ ရှယ်ယာဈေးကွက်ဆိုသည်မှာ အရင်းအနှီးဈေးကွက် (Capital market) ဖြစ်ကြောင်း၊ ငွေကြေးစာချုပ် သို့မဟုတ် ချေးငွေသက်သေ လက်မှတ်နှင့် စတော့ရှယ်ယာများကို ကာလရှည်ငွေကြေး လိုအပ်ချက်အတွက် ထုတ်ဝေရောင်းချခြင်း ဖြစ်ကြောင်း၊ အစိုးရသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သို့မဟုတ် တိုင်းပြည်၏ လိုအပ်သော နေရာများ၌ သုံးစွဲရန်အတွက် ငွေတိုက်စာချုပ်များ ထုတ်ဝေရောင်း ချနိုင်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းက ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်း တိုးပွားခြင်း၊ ဝင်ငွေပိုမိုရရှိခြင်း၊ ပိုမိုဝယ်ယူ စားသုံးနိုင်ခြင်းနှင့် ပိုမိုထုတ်လုပ်ခြင်းတို့ကို ဖြစ်စေနိုင်ကြောင်း၊ ထိုမှတစ်ဆင့် စီးပွားရေး တိုးတက်မှုကို ဖြစ်စေနိုင်ကြောင်း ၎င်းက ဆက်လက်ဆွေးနွေးသည်။
ထို့နောက် ကုမ္ပဏီများသည် ကာလရှည်ငွေကြေး အရင်းအနှီး ရရှိရန် Capital marketမည်ဆိုပါက အထက်ဖော်ပြ ပါ ကောင်းကျိုး များ ရရှိနိုင်သကဲ့သို့ ဆုံးရှုံးနိုင်ခြေများလည်း ရှိသည်ကို ကြိုတင် စဉ်းစားရမည်ဖြစ်ကြောင်း၊ စတော့ရှယ်ယာ ဝယ်ယူရင်းနှီးမြှုပ်နှံခြင်းသည် အခြားပစ္စည်းများ ဝယ်ယူရင်းနှီးမြှုပ်နှံခြင်းထက် ပြန်ရချက် ပိုမိုများပြားလေ့ရှိကြောင်း၊ သေချာစွာလေ့လာ၍ စတော့အိပ်ချိန်း၌ ရင်းနှီးမြှုပ်နှံသောကြောင့် စီးပွားရေးတိုးတက်ပြီး လုပ်ငန်းအောင်မြင်သော သာဓကများရှိကြောင်း၊ စတော့ရှယ်ယာ အရောင်းအဝယ် ပြုလုပ်မည်ဆိုပါက Security Company များ၌ Account ဖွင့်လှစ်ရန် လိုအပ်ကြောင်း ဦးသက်ထွန်းဦးက ပြောကြားသည်။
ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများက မေးမြန်း သည့် မေးခွန်းများကို Yangon Stock Exchange မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး Yangon Stock Exchange အတွင်း လှည့် လည်ကြည့်ရှုလေ့လာကြသည်။ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန လက်အောက်ရှိ ကုန် သွယ်မှုသင်တန်းကျောင်း၌ လက်ရှိ တက်ရောက်နေသော အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု အခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ် စဉ် (၆)တွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၇၅ ဦး တက် ရောက်လျက်ရှိကြောင်း သိရသည်။
အိန္ဒြာဦး
Background