Main menu

Background

ထိုင်းနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အလုပ်သမား သုံးသိန်းကျော် လိုအပ်နေ

Mon, 04/24/2023 - 15:52 -- journal_editor

ထိုင်းနိုင်ငံတွင် ယခု ၂၀၂၃ ခုနှစ်၌ ခရီး သွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာမှုနှင့်အတူ အလုပ်သမားလိုအပ်ချက်လည်း လိုက်ပါမြင့်တက် လာကြောင်း သိရသည်။
လက်ရှိကာလတွင် ထိုင်းနိုင်ငံ၌ အလုပ် သမား သုံးသိန်းကျော် လိုအပ်နေကြောင်း ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) က ပြောကြားကြောင်း  ဗန်ကောက်ပို့စ်သတင်းတွင်  ရေးသား ဖော်ပြထားသည်။
ယခု ၂၀၂၃ ခုနှစ်အတွင် ထိုင်းနိုင်ငံ၏ စီးပွားရေး တိုးတက်ကောင်းမွန်လာမှုနှင့်အတူ ခရီးသွားလုပ်ငန်းကဏ္ဍလည်း ကောင်းမွန်လာခြင်းဖြစ်ပြီး ခရီးသွားလုပ်ငန်းဝန်ဆောင်မှု၊ စက်မှုလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်သား လိုအပ်ချက် တိုးမြင့်လာခြင်းဖြစ်သည်ဟု ဆိုသည်။
MoU စနစ်ဖြင့် နိုင်ငံခြားသားအလုပ်သမား ခေါ်ဆောင်ရာတွင် ကြန့်ကြာနေမှုများကို အမြန်ဆုံးဖြေရှင်းရန် လိုအပ်နေကြောင်းနှင့် တရားမဝင် အလုပ်သမားများကို တရားဝင်ဖြစ်လာအောင် ပံ့ပိုးကူညီပေးရန် လိုအပ်နေသေးကြောင်း ထိုင်း နိုင်ငံ စက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) က အကြံပြုထားကြောင်း သတင်းများတွင် ဆက်လက်ဖော်ပြ ထားသည်။
ထိုင်းနိုင်ငံအနေဖြင့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား စသည့်နိုင်ငံများမှ လုပ်သားခေါ်ယူမှုနှင့် စပ်လျဉ်းပြီး ယခုထက် ပိုမိုကောင်းမွန်သည့် စနစ်ဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း သိရသည်။
အခြားတစ်ဖက်တွင် ထိုင်းနိုင်ငံမှ အလုပ်သမား တစ်သိန်းကျော် ပြည်ပနိုင်ငံများသို့ သွားရောက်  အလုပ်လုပ်ကိုင်လျက်ရှိရာ မိခင်နိုင်ငံအတွက် စုစုပေါင်းတန်ဖိုး ထိုင်းဘတ်ငွေ ၂၉၉၀၇၇ သန်းကျော် ပြန်ပို့ခဲ့ကြောင်း သိရသည်။ ယင်းမှာ ထိုင်းနိုင်ငံ စီးပွားရေးတိုးတက်မှုကို ပံ့ပိုးပေးရာတွင် အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများက ပြောသည်ဟု ဗန်ကောက် ပို့စ်တွင် ဖော်ပြထားသည်။

Source; Bangkok Post

စိုင်းဗညား